ပန်းအိုးတွေနဲ့ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ၅ မျိုး

22/08/2025 11:11 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အိမ်မှာ ဟင်းသီးဟင်းရွက် အပင်လေးတွေကို တနိုင်တပိုင် စိုက်ပျိုးထားခြင်းအားဖြင့် ဟင်းလျာတွေ ချက်ပြုတ်စားသောက်တဲ့အခါမှာ အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်သလို အစားအစာ လုံခြုံစိတ်ချမှုလည်းရှိကာ ကုန်ကျစရိတ်ကိုလည်း သက်သာစေနိုင်ပါတယ်။ ယနေ့ခေတ်မှာ ခြံဝန်းနဲ့ နေထိုင်မှ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးနိုင်တာ မဟုတ်ပါဘူး။ နေရာအကျယ်အဝန်း အနည်းငယ်သာရှိပေမယ့်လည်း မြေအိုး (သို့မဟုတ်) ပလပ်စတစ်ဗူးတွေ ပုံးတွေကို ပြန်လည် အသုံးပြုပြီးတော့လည်း အပင်လေးတွေကို တနိုင်တပိုင် စိုက်ပျိုးနိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ မိမိရဲ့နေအိမ်အတွင်း ပြတင်းပေါက် (သို့မဟုတ်) ဝရန်တာလို နေရာမျိုးမှာ နေရာအများကြီးမယူဘဲ အလွယ်တကူစိုက်ပျိုးနိုင်မယ့် ဆေးဖက်လည်းဝင် ဟင်းခတ်အမွှေးအကြိုင် အနေနဲ့လည်း အသုံးပြုလို့ရမဲ့ အပင် ၅ မျိုးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ပူစီနံ (Mint) 

ပူစီနံပင်ဟာ အကြမ်းခံပြီး အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။ စားသောက်ပြီးလို့ ကျန်ရှိတဲ့ ရိုးတံကို မြေထဲထည့်စိုက်ထားရုံနဲ့ အလွယ်တကူ ရှင်သန်ကြီးထွားနိုင်တာလည်း ဖြစ်ပါတယ်။ အိမ်အတွင်းမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်တာလည်း ဖြစ်ပါတယ်။ ငါးပိရည်နဲ့ တွဲဖက်ကာ တို့စရာအနေနဲ့ စားသုံးနိုင်သလို အချိုရည်နဲ့ အစားအသောက်တွေ ပြုလုပ်ရာမှာလည်း အလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ပူစီနံပင်ဟာ နေရောင်ကောင်းကောင်းရတဲ့ နေရာမှာဆိုရင် လျင်မြန်စွာ ကြီးထွားနိုင်မှာဖြစ်သလို အရိပ်ရတဲ့ နေရာမှာလည်း စိုက်ပျိုးနိုင်ပါတယ်။ ရေဝပ်တာမျိုးကို မကြိုက်နှစ်သက်ပေမယ့် မြေဆီလွှာမှာ အစိုဓာတ် ရှိနေတာကို ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်တာကြောင့် အစိုဓာတ်မပြတ်စေဖို့တော့ သတိပြုသင့်ပါတယ်။ ပူစီနံဟာ ၎င်းရဲ့ ရနံ့နဲ့ ခြင်၊ ယင်တို့ မလာအောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ပူစီနံရဲ့ ကောင်းကျိုးတွေကတော့ အစာခြေဖျက်မှု ကောင်းစေခြင်း၊ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်များကို တိုးတက်စေခြင်း၊ အအေးမိ ဖျားနာ သက်သာစေခြင်း၊ ခံတွင်း ရနံ့ကောင်းမွန်စေခြင်း စတာတွေ ဖြစ်ပါတယ်။ 

ကုဆိုင် (Chive) 

ကုဆိုင်ဟာ ကြက်သွန်အမျိုးအနွယ်ထဲမှာ ပါဝင်တဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုး ဖြစ်ပါတယ်။  အကြော်အလှော်နဲ့ ပတ်သတ်တဲ့ အစားအစာတွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်သလို ရနံ့သင်းကာ စားကောင်းတဲ့အတွက် လူအတော်များများ နှစ်သက်ကြတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်မျိုး ဖြစ်ပါတယ်။ တနေ့ကို နေရောင်ခြည် ၆ နာရီကနေ ၈ နာရီ ကောင်းကောင်း ရရှိတဲ့ နေရာမှာထားရှိခြင်းဖြင့် အိမ်အတွင်းမှာ အလွယ်တကူ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ကုဆိုင်ဟာလည်း ရေဝပ်တာမျိုး မကြိုက်နှစ်သက်ပေမယ့် စိုထိုင်းဆနဲ့ အစိုဓာတ် ကောင်းကောင်းရှိနေတာကို ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်တဲ့အတွက် အပေါ်ယံမြေသား ခြောက်သွေ့လာပြီဆိုတာနဲ့ ရေလောင်းပေးသင့်ပါတယ်။ စိုထိုင်းဆနည်းတာကို ကာကွယ်ဖို့အတွက် ရေဖျန်းတဲ့ ဗူးလေးတွေနဲ့လည်း အပင်ကိုဖျန်းပေးနိုင်ပါတယ်။ ကုဆိုင်ဟာ မြေဆီဩဇာအသင့်အတင့်ရှိရုံနဲ့ ရှင်သန်ကြီးထွားနိုင်ပြီး မြေဩဇာကျွေးချင်တယ်ဆိုရင်တော့ နိုက်ထရိုဂျင် မြေဩဇာကို ၁ လလျှင် ၁ ကြိမ် ကျွေးနိုင်ပါတယ်။ မြေဩဇာ အလွန်အကျွံထည့်ပေးမိရင်တော့ ၎င်းရဲ့ အနံ့အရသာတွေကို လျော့နည်းသွားစေတတ်တာကြောင့် သတိပြုသင့်ပါတယ်။ ကုဆိုင်ရဲ့ ကောင်းကျိုးတွေကတော့ အမြင်အာရုံကောင်းမွန်စေခြင်း၊ ကင်ဆာကာကွယ်ပေးခြင်း၊ အရိုးများသန်မာစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း စတာတွေ ဖြစ်ပါတယ်။ 

ရို့စ်မယ်ရီ (Rosemary) 

ရို့စ်မယ်ရီပင်ဟာ အစိမ်းရောင်အရွက်ရှိပြီး ပန်းပွင့် အရောင် ခပ်ဖျော့ဖျော့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုး ဖြစ်ပါတယ်။ ၎င်းဟာ ထူးခြားတဲ့ ရနံ့ကို ပေးစွမ်းနိုင်ပြီး ဟင်းလျာတွေ ချက်ပြုတ်ရာမှာသာမက ရေမွှေး၊ ဆပ်ပြာနဲ့ ရနံ့ပါတဲ့ ဖယောင်းတိုင်တွေ ပြုလုပ်ရာမှာလည်း အသုံးပြုကြတာ ဖြစ်ပါတယ်။ ရို့စ်မယ်ရီအပင်ဟာ နေရောင်ခြည် အလုံအလောက် မရရှိရင် ကောင်းစွာရှင်သန်နိုင်မှာ မဟုတ်တဲ့အတွက် နေရောင်ခြည် တိုက်ရိုက်ကျရောက်နေရာမှာ စိုက်ပျိုးထားရှိသင့်ပါတယ်။ မြေဆီလွှာ လုံးဝခြောက်သွေ့ မသွားခင်မှာ ရေလောင်းပေးနိုင်ဖို့ လိုအပ်ပြီး ရေများလွန်းရင်လည်း အမြစ်ပုပ်တတ်တာကြောင့် သတိပြုရမှာ ဖြစ်ပါတယ်။ ရို့စ်မယ်ရီပင်တွေကို အိမ်အတွင်းမှာ စိုက်ပျိုးတဲ့အခါ တခါတရံမှာ ဖားဥမှိုရောဂါ ကျရောက်တဲ့ပြဿနာတော့ ရှိတတ်ပါတယ်။ ရို့စ်မယ်ရီရဲ့ ကောင်းကျိုးတွေကတော့ ဆံသားကောင်းစေခြင်း၊ သွေးတွင်း သကြားဓာတ် လျော့နည်းစေခြင်း၊ မှတ်ဥာဏ်ကောင်းစေခြင်းနဲ့ အမြင်အာရုံ ကောင်းစေခြင်း စတာတွေ ဖြစ်ပါတယ်။ 

ပင်စိမ်း (Basil) 

ပင်စိမ်းကိုလည်း အိမ်အတွင်းမှာ စိုက်ပျိုးတဲ့အခါ အလင်းရောင်ကောင်းစွာ ရရှိတဲ့နေရာမှာ စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ညအချိန်မှာ အပူချိန် သိသိသာသာ ကျဆင်းသွားစေတတ်တဲ့ နေရာမျိုးတွေမှာ မထားမိစေဖို့ကိုလည်း သတိပြုသင့်ပါတယ်။ ရေမဝပ်စေဘဲ မြေဆီလွှာမှာ အစိုဓာတ်မပြတ်ရှိနေဖို့ လိုအပ်ပါတယ်။ အပင်ကြီးထွားပြီး အုံထူလာတဲ့အခါ ကတ်ကြေးအသုံးပြုပြီး ခပ်ပါးပါး လှီးဖြတ်ပေးနိုင်ပါတယ်။ အစေ့ကနေ စိုက်ပျိုးမယ်ဆိုရင် ၁ လ ကြာမှာ အရွက်တွေကနေ ပင်စိမ်းရဲ့ ရနံ့ကို စတင်ရရှိမှာ ဖြစ်ပါတယ်။ အရွက်တွေဟာ အစိမ်းရောင် ခပ်ဖျော့ဖျော့ ဖြစ်လာမယ်ဆိုရင်တော့ သဘာဝမြေဩဇာ ကျွေးပေးသင့်ပါတယ်။ ပင်စိမ်းကနေ ရရှိနိုင်တဲ့ ကောင်းကျိုးတွေကတော့ ရောင်ရမ်းမှုများ သက်သာစေခြင်း၊ ဆီးချို ကာကွယ်ပေးခြင်း၊ အသားအရေ ကျန်းမာစိုပြေစေခြင်းနဲ့ အစာခြေဖျက်မှု ကောင်းစေခြင်း စတာတွေ ဖြစ်ပါတယ်။ 

စမုန်ဖြူ (Thyme) 

စမုန်ဖြူဟာ သေးငယ်တဲ့ ခြုံပင်အမျိုးအစားဖြစ်ပြီး သမမျှတဲ့ရာသီဥတုကနေ ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုအထိ ကောင်းစွာ ရှင်သန်ပေါက်ရောက်နိုင်ပါတယ်။ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုးဖြစ်ပြီး အလှဆင်စိုက်ပျိုးကြတာလည်း ရှိပါတယ်။ စမုန်ဖြူကို အသား၊ ငါးတွေပြုတ်တဲ့အခါ၊ ကင်တဲ့အခါ အနံ့အသက်ကောင်းစေဖို့ ထည့်သွင်းအသုံးပြုကြသလို စွပ်ပြုတ်တွေနဲ့ အသားအစာသွပ်တဲ့ နေရာတွေမှာလည်း  အသုံးပြုကြလေ့ရှိပါတယ်။ စမုန်ဖြူဟာ ရေဝပ်တာကို ခံနိုင်ရည် မရှိတာကြောင့် စိုက်ပျိုးတဲ့အခါ သဲ၊ စပ်မြေ၊ ကျောက်ပွ တို့ကို အချိုးကျရောစပ်ပြီး စိုက်ပျိုးပါက အပင်တွက် လိုအပ်တဲ့ အာဟာရဓာတ်ရော အစိုဓာတ်ကိုပါ ကောင်းစွာရရှိစေမှာဖြစ်ပါတယ်။ နေရောင်ကို ကြိုက်နှစ်သက်ပေမယ့် နေရောင်တိုက်ရိုက်မကျရောက်ဘဲ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာလည်း စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ သဘာဝမြေဩဇာကိုတော့ ၂ ပတ်လျှင် ၁ ကြိမ် ကျွေးနိုင်ပါတယ်။ စမုန်ဖြူကနေ ရရှိနိုင်တဲ့ ကောင်းကျိုးတွေကတော့ ကိုယ်ခံအား မြှင့်တင်ပေးနိုင်ခြင်း၊ ချောင်းဆိုး လည်ချောင်းနာခြင်းတို့ကို သက်သာစေခြင်း၊ ခံတွင်းအနံ့ဆိုးမှုကို ကာကွယ်ပေးခြင်းနဲ့ အမြင်အာရုံ ကောင်းမွန်စေခြင်း စတာတွေ ဖြစ်ပါတယ်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်