ပန်းအိုးထဲက ပန်းတွေ ကြာရှည်ခံစေဖို့

08/03/2024 17:00 PM တွင် အိဟေမာန် အိဟေမာန် မှ ရေးသား

စိုက်ပျိုးနေစဉ်ကာလနဲ့ ရိတ်သိမ်းချိန်ကာလဟာ စိုက်ပျိုးသူများနှင့်သက်ဆိုင်ပါတယ်။ ထည့်သွင်းစဉ်စား လိုက်နာရမယ့် အချက်တွေကို ပန်းလေးများကြာရှည်ခံစေရန် အပိုင်း(၁) မှာ ပြောပြပြီးဖြစ်ပါတယ်။ မဖတ်ရသေးပါက နွေရာသီမှာ ပန်းလေးတွေကြာရှည်ခံဖို့ စိုက်ပျိူးသူများ လုပ်ဆောင်ရမယ့်အချက်များ ကိုနှိပ်ပြီး ဖတ်လို့ရပါတယ်။

အခုအပိုင်း (၂) ရိတ်သိမ်းချိန်လွန်ကာလ (ပန်းအသုံးပြုသူများ) နဲ့ပတ်သက်ပြီးတော့မှာ ဆက်လက်ပြောပြသွားပါ့မယ်ရှင်။

ကဲ ကိုယ့်အလှည့် အခုရောက်ပြီနော်။

စိုက်ပျိုးသူက သေချာစနစ်တကျစိုက်ခဲ့ပြီး သယ်ယူပို့ဆောင်တဲ့အခါ စနစ်တကျထုပ်ပိုးခဲ့ရင် ကိုယ့်လက်ထဲရောက်တဲ့အခါ အနာအဆာကင်းတဲ့ အရည်အသွေးကောင်းတဲ့ လတ်လတ်ဆက်ဆက် ပန်းလှလှလေးတွေရနိုင်ပါတယ်။ ကိုယ့်အိမ်ရောက်လာပြီဆိုရင် အရင်ဆုံးလုပ်သင့်တာက ရေစိမ်မယ် ပန်းရောင်းသူဆီမှာ ရေငတ်လာမယ့် ပန်းလေးတွေကို ရေပြန်စုပ်စေမယ့် ကိုင်းအခြေလေးဖြစ်အောင် တစ်လက်မခန့်တစောင်းလေးပြန်ဖြတ်ပြီးမှ ရေစိမ်ပါမယ်။ ဒါမှ ရေစုပ်အားပိုကောင်းပြီး စုပ်ယူနိုင်မယ့်မျက်နှာပြင် ဧရိယာပိုကျယ်ပါမယ်။ သကြားရည်စိမ်လို့လည်းရတယ်ရှင့်။ Carbohydrate supplement အနေနဲ့ သကြား ၃ ဂရမ် ရေတစ်လီထဲကို ထည့်ပေးလို့ရတယ်။ ပန်းအဖူးလေးတွေများနေတယ်။ ကိုယ်ကအပွင့်လိုချင်တယ်ဆိုရင် သကြားရည်လေး တစ်ညစိမ်လို့ရပါတယ်။ ပန်းလေးလဲပိုကြာရှည်ခံပါတယ်။

ပန်းလေးတွေကြာရှည်ခံဖို့ ပထမဦးဆုံး ကိုယ့်ပန်းထိုးမယ့်ဘုရားအိုး၊ အလှအိုးကို သေချာဆေးကြောပြီး သံပရာသီး မန်းကျည်းမှည့်နဲ့ အနံ့ဆိုးတွေမရှိအောင် ဆေးပါမယ်။ တတ်နိုင်ရင်တော့ ငွေအိုးသုံးရင် ပန်းလေးတွေပိုအထားခံတယ်ရှင့်။ ပန်းအိုးတွေက အဆင်သင့်ရပြီဆိုရင်တော့ ကိုယ့်ပန်းအိုးနဲ့ လိုက်ဖက်တဲ့အရှည်ညှပ်ပါ့မယ်။ တစ်ခါက ကျမ ကိုးကွယ်တဲ့ဘုန်းဘုန်း မိန့်ခဲ့ဖူးတာလေး သတိရမိပါတယ်။ ပန်းရဲ့အရှည်က ပန်းအိုးရဲ့ တဆခွဲထက်မပိုရဘူးတဲ့။ ပန်းအရမ်းရှည်တဲ့အခါ အချိုးအစားမမျှတော့ဘဲ ပန်းအိုးတွေမှောက်တတ်ပါတယ်။ ကျွန်မတို့အယူအရ နမိတ်မကောင်းဘူးပေါ့။ ဒါမျိုးမဖြစ်ချင်ရင် ဒီအချိုးလေးကိုမှတ်ထားကြပါရှင့်။

ပန်းရိုးတံညှပ်တဲ့အခါ အစောကဖြတ်ထားသလို တစောင်း လေးပဲနော်။ အဲ့နေရာလေးကျယ်လေလေ ပန်းလေးကရေစုပ်နိုင်လေ လန်းလေပါ။ မိခင်အပင်မှာတော့ အမြစ်ကရေစုပ်နေတော့ အရွက်ကနေဆုံးရှုံးတဲ့ ပင်ရည်ပြန်ခြင်းက ဒုက္ခမပေးဘူးပေါ့။ ဖြတ်လိုက်တဲ့အခါမှာတော့ ရေကမရတော့ပေမယ့် အရွက်လေးတွေရှိနေသေးတဲ့အတွက် အရွက်ကနေပင်ရည်ပြန်တာက ဆက်ရှိနေမှာပါ။ ဒီအချိန်ပန်းလေးကရေမစုပ်နိုင်လို့ ရေမရရင် ရေရရှိမှုထက် ရေဆုံးရှုံးမှုက ပိုများနေတဲ့အခြေအနေဖြစ်သွားမှာပါ။ ဒါဆိုပန်းလေးညှိုးသွားမှာဖြစ်တဲ့အတွက် ရေစုပ်ယူမှုကောင်း အောင်လုပ်ဖို့ အရေးကြီးပါတယ်နော်။ ရေဆုံးရှုံးမှုကိုလဲ လျှော့ချရမှာပါ။ အရွက်လေးတွေချွေမယ် ပန်းအိုးထဲနှစ်မယ့် အပိုင်းကအရွက်အားလုံးကို ဖယ်ရမှာဖြစ်ပါတယ်။ ရေထဲနှစ်မယ့်အရွက်တွေက ပုပ်ကုန်မှာမို့ ဖယ်ခြင်း ဖြစ်ပါတယ်။

ပန်းလေးတွေကြာရှည်ခံအောင် ပန်းအိုးထဲ ထည့်မယ့်ရေထဲကို acidic solution ဖြစ်အောင် အချဉ်ရည်လေးတွေထည့်ပေးလို့ရပါတယ်။ citric acid ၃၀၀ မီလီဂရမ်၊ ကျောက်ချဉ် (alum) ၅၀၀ မီလီဂရမ်၊ သံပရာ၊ သံပယိုရှောက်သီး အရည် ၁၅ မီလီလီတာ၊ မီးဖိုချောင်မှာရှိတဲ့ ရှာလကာရည် ၁၅ မီလီလီတာ တစ်မျိုးမျိုးထည့်ပေးလို့ရပါတယ်။ ထည့်ရတဲ့ရည်ရွယ်ချက်က ရေရဲ့ pH ကို နှိမ့်ချဖို့ပါ။ pH 3-4 အတွင်းထားပေးရပါမယ်။ ဘာလို့ဆို pH နိမ့်ရင် microbe တွေမနေနိုင်ဘူး။ microbe တွေမရှိရင် ရေစုပ်ယူတဲ့ပင်စည်လေးကို မပိတ်ဆို့တော့ဘူး။

ပန်းတွေ ၂ ရက်တစ်ခါရေလဲကြတယ်ဆို အခြေလေးတွေမှာ မဲမဲလေးတွေတွေ့ကြမှာပါ။ ပင်စည်လေးတွေပျော့နေမယ် ပုပ်နေမယ်ဆို ဒါဟာ microbe လေးတွေရှိနေလို့ပါ။ ဒီအပိုင်းလေးတွေကို ညှပ်ထုတ်ပစ်မယ် ရေသစ်လဲမယ်ဆိုရင် ပန်းလေးတွေရေစုပ်ယူနိုင်မှာပါ။ ဒီထက်ပိုစိတ်ချချင်တယ်ဆိုရင်တော့ germicide တစ်မျိုးဖြစ်တဲ့ Sodium hypoclorite ၁ မီလီလီတာ ထည့်ပေးလို့ရပါတယ်။ ဆိုင်တွေမှာတော့ အစွန်းချွတ်ဆေးလို့ပြောဝယ်ရင် ရပါတယ်။ စာဖတ်သူများအားလုံး လန်းလန်းဆန်းဆန်းပန်းလေးတွေနဲ့ စိတ်ပျိုကိုယ်နု ကြည်နူးကြပါစေ။

*ယခုအချိုးအစားများက ရေတစ်လီတာအတွက် ကျွန်မကိုယ်တိုင် pH 3-4 အတွင်းဝင်အောင် တိုင်းထားခြင်းဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်