လက်တွေ့ကျကျ ရွှေခရုကာကွယ်နည်း ပေါင်းချုပ်

03/07/2025 08:51 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

ဉာဏ်များတဲ့ ကျူးကျော်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ ရွှေခရုကို နှိမ်နင်းဖို့က ရိုးရှင်းလွယ်ကူမနေတာတော့ အမှန်ပါပဲ။ ပတ်ဝင်းကျင်အနေအထား၊ ရာသီဥတု၊ ရေထိန်းချုပ်နိုင်မှု၊ စပါးပင်အရွယ်အစား၊ အခြားလက်ခံပင်တွေရှိမရှိ စတာတွေအများကြီးကို ချင့်ချိန်ပြီးလုပ်ရတာမို့ ကာကွယ်နည်းတစ်မျိုးတည်းနဲ့ (အထူးသဖြင့် ဓာတုဆေးသုံးနည်း) ထိရောက်ဖို့ခက်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကာကွယ်နည်းအစုံ ဖော်ပြထားတာမို့  သင့်တော်ရာ နည်းလမ်းတစ်ခုထက် ပိုသုံးဖို့လည်း အကြံပြုပါရစေ။ 

၁။ ဘဲများကို အသုံးပြုခြင်း

ဘဲတွေမှာ အငမ်းမရ တွေ့ကရာစားသုံးတတ်ကြတဲ့ အမူအကျင့်တွေရှိကြပါတယ်။ အဲဒီထဲမှာမှ ဘဲငန်းတွေက အကြီးထွားမြန်တဲ့ မျိုးသစ်တွေကို ပိုစားသုံးနိုင်ကြပါတယ်။​ သူတွေက ခရုငယ်တွေကို စားသုံးကြတာကြောင့် သုံးသင့်တဲ့နည်းလမ်းတစ်ခုပါ။ ပေါင်းကိုလည်း နှိမ်နင်းပြီးသားဖြစ်တာမို့ အသုံးပြုသင့်တဲ့နည်းလမ်းတစ်ခုလို့ အကြံပြုချင်ပါတယ်။ 

၂။ သဘာဝသားရဲတွေသုံးခြင်း

သဘာဝသားရဲလို့ပြောလိုက်ရင်တော့ ခရုစုပ်ငှက်ကို အရင်ဆုံးပြေးမြင်မယ်ထင်ပါတယ်။ အရေအတွက်နည်းလာပြီဖြစ်တာမို့ တောင်သူများအနေနဲ့ ခရုစုပ်ငှက်တွေ ထိန်းသိမ်းစောင့်ရှောက်သင့်ပါနေပါပြီ။ သူတို့ရဲ့ အစာက ခရုဖြစ်တာမို့ ရှိနေပေးဖို့ပဲလိုပါတယ်။ နောက်တစ်မျိုးကတော့ ငါးကြင်းနဲ့ငါးခူကလည်း ခရုတွေကို စားသုံးကြပါတယ်။ စပါး-ငါး တွဲဖက်စိုက်နည်းစနစ်ကလည်း ဝင်ငွေလမ်းကြောင်းအသစ်တစ်ခုထပ်ရနိုင်တာမို့ တောင်သူတွေ စဉ်းစားသင့်တဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။ 

၃။ ဝါးတိုင်ထောင်ပြီး ခရုဥတွေကို ဖျက်ဆီးခြင်း

ခရုရဲ့ သဘာဝက ရေနဲ့လွတ်တဲ့ အမြင့်တစ်နေရာကို တက်ဥလေ့ရှိပါတယ်။ ဥလိုက်ရင်လည်း ဥပေါင်း ရာထောင်ချီရှိပါတယ်။ ပေါက်လာမယ့် ခရုတစ်ထောင်ကို လိုက်ရှင်းရမယ့်အစား ထောင်နဲ့ချီတဲ့ဥမြုံကို ဖျက်ဆီးရတာ ပိုလွယ်တာမို့ ဒီနည်းက ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လိုက်လုပ်ဖို့ပဲ လိုပါတယ်။ 

၄။ ကောက်ယူဖျက်ဆီးခြင်း 

တစ်ဦးတစ်ယောက်တည်းလုပ်ရင်တော့ ခက်သယောင်ရှိပေမယ့် လူညီရင် တကယ်ထိရောက်တဲ့နည်းလမ်းပါ။ အဖွဲ့အစည်းနဲ့ သေချာတိုင်ပင်ပြီး တစ်ပြိုင်တည်းလုပ်နိုင်ရင် အကျိုးကျေးဇူးများလှပါတယ်။ ရလာတဲ့ခရုတွေကို ပေပါထဲကို ထည့်ပြီး သကာရည်နဲ့နှပ်ထားလိုက်ရင် အစွမ်းထက် အပင်အားဆေး ခရုအမိုင်နိုပါ လက်ဆောင်ထပ်ရနိုင်ပါသေးတယ်။ 

၅။ သွင်းရေအဝမှာ စောင့်ဖမ်းမယ်

ရွှေခရတွေက စပါးခင်းထဲကို ရေစီးလမ်းကြောင်းကနေ အဓိက ရောက်လာကြပါတယ်။ ဒီအချက်ကို သိပြီဆိုရင် စိုက်ခင်းထဲကို ဝင်တဲ့ရေအဝင်ဝ(ကတွတ်ပေါက်) ကနေ စောင့်ဖမ်းနိုင်ပါတယ်။ ရေကတွတ်ပေါက်ဝမှာ ငါးဖမ်းပိုက်အစိပ်ကို ပိတ်ထားလိုက်မယ်ဆိုရင် ရွှေခရုတွေက ပိုက်ကို မဖြတ်နိုင်တာကြောင့် စိုက်ခင်းထဲကို အလွယ်တကူမရောက်နိုင်တော့ပါဘူး။ 

၆။ ကန်သင်းဘေး ရေပတ်မြောင်းတူးခြင်း

ခရုတွေရဲ့ နောက်အမူအကျင့်တစ်ခုက ရေစပ်စပ်ထက် ရေများတဲ့နေရာတွေကို အနေများကြပါတယ်။ စပါးစိုက်ခင်းရဲ့ ပတ်လည်ကို တစ်ပေအကျယ် ၆လက်မနက် ပတ်တူးထားလိုက်ပြီး စိုက်ခင်းကို ရေတိမ်တိမ်ပဲ ထားလိုက်ရင် ခရုတွေက ရေမြောင်းထဲကို ရွှေ့နေကြတဲ့အချိန် ဖမ်းလို့ရပါပြီ။ စပါး-ငါး စိုက်နည်းစနစ်မှာလည်း ရေပတ်မြောင်းတူးတာမို့ တွဲလုပ်လို့ရပါတယ်။ 

၇။ မျှားစာနဲ့ ဆွဲဆောင်ခြင်း

ရေပတ်မြောင်းထဲမှာ ခရုဖမ်းဖို့ပြင်ထားတဲ့နေရာမှာ ရွှေခရုတွေ စားကောင်းသောက်ကောင်းတွေနဲ့ မျှားခေါ်တဲ့နည်းလို့ မြင်ယောင်ကြည့်လိုက်ပါ။ ပိန်းရွက်တို့ သင်္ဘောရွက်တို့ကို ကြိုက်တာမို့ ဒီအရွက်တွေ ချထားလိုက်မယ်ဆို ရွှေခရုတွေလာစားတဲ့အချိန် စောင့်ဖမ်းလို့ရပါပြီ။ 

၈။ ပထမရက် ၃၀မှာ ရေလျှော့ထားခြင်း

ရွှေခရုက ရေနည်းရင် ရေမရှိရင် လှုပ်ရှားသွားလာမှုကျတာ အစားစားနှုန်းကျတာတွေ ဖြစ်ပါတယ်။ စိုက်ပြီး ပထမ ရက် ၃၀ အတွင်းမှာ ရေထုတ်ထားလိုက်ခင်းက ခရုတွေရဲ့ မျိုးပွားမှုစက်ဝန်းကို အနှောက်ယှက်ပေးရာရောက်တာမို့ ရွှေခရုကို နှိမ်နင်းရာရောက်ပါတယ်။ ဒါကြောင့် ခြောက်တစ်ခါစိုတလှည့်စိုက်နည်းကလည်း အသုံးဝင်ပါတယ်။ ဒီနည်းကတော့ ရေကို လိုသလိုထိန်းချုပ်နိုင်တဲ့ စပါးခင်းအတွက်တော့ အသုံးဝင်နိုင်ပါတယ်။ 

၉။ သက်တမ်းရင့်ပျိုးပင်သုံးခြင်း

အခုခေတ်ထဲမှာ ပျိုးပြီးစိုက်တဲ့သူကတော့ နည်းလာပြီ။ စပါးပျိုးစိုက်တဲ့အခင်းသမားတွေကတော့ ဒီနည်းသုံးနိုင်ပါတယ်။ ပျိုးသက်ရင့်တဲ့ စပါးပင်ကို ရွှေခရုက သိပ်မကြိုက်ပါဘူး။ ဒီနည်းကတော့ စပါးအထွက်တိုးနည်းလမ်းတွေနဲ့ ဆန့်ကျင်သလိုဖြစ်ပေမယ့် ရွှေခရုဖျက်ဆီးတာကြောင့် ဆုံးရှုံးနိုင်ခြေနဲ့ ချိန်ဆလုပ်ဖို့ အကြံပြုလိုပါတယ်။ 

၁၀။ အပင်အခြေခံ ခရုသတ်ဆေး

အချို့အပင်တွေက ခရုတွေကို အဆိပ်သင့်တဲ့ ဒြပ်ပေါင်း (ပါဝင်ပစ္စည်း) တွေ ပါဝင်ပါတယ်။ တောင်သူတွေသိပြီးဖြစ်တဲ့ တမာ (အရွက်ရော အစေ့ရော)၊ ဘိစပ်ရွက်၊ မရိုးပင်တွေက ကြိတ်ယူလို့ရတဲ့ အရည်တွေမှာ ဒီအဆိပ်တွေ ပါပါတယ်။ ဒီကြိတ်ရည်တွေကို စပါးခင်းထဲက ရေထဲကို ပက်ဖြန်းပြီး ခရုသတ်ဆေးအနေနဲ့ သုံးနိုင်ပါတယ်။ 

၁၁။ ဓာတုခရုသတ်ဆေး

ဈေးကွက်ထဲမှာတော့ တရားဝင်ဖြန့်ချီကြတဲ့ ခရုသတ်ဆေးတွေ အများကြီးရှိပါတယ်။ ဒါတွေကို အသုံးပြုမယ်ဆိုရင် အချိန်ကိုက်သုံးနိုင်မှ ပေးရတဲ့ပိုက်ဆံနဲ့ တန်မှာဖြစ်ပါတယ်။ ဓာတုဆေးဖြန်းမယ်ဆိုရင်တော့ ရွှေခရုတွေ လှုပ်ရှားတက်ကြွစွားအချိန်၊ စိုက်ပျိုးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရေကို သေချာထိန်းချုပ်ပြီး ဖြန်းပေးပါ။ ပြီးရင်တော့ စိုက်ခင်းရေကတွတ်ပေါက်မှာ ရွှေခရုတွေထပ်မဝင်အောင် ပိုက်နဲ့ သေချာသာ ပိတ်ထားဖို့ လိုအပ်နေဦးမှာဖြစ်ပါတယ်။ 

အသေးစိတ်ထပ်သိချင်ရင်တော့ အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍကနေ မေးပေးကြဖို့ တိုက်တွန်းပါရစေ။ ရွှေခရုဖျက်ဆီးမှုမှ ကင်းပြီး သီးနှံအထွက်ကောင်းကြပါစေ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်