ကောက်ကွက်မှန်စိုက်ပျိုးရေး

19/08/2019 20:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကောက်ကွက်ပြည့်မီရန်လိုသည်။ ကောက်ပင်အရေအတွက် မှန်ကန်စွာစိုက်ပျိုးရေးသည် စပါး အထွက်တိုးရေးအတွက် အရေးကြီးသည်။ သတ်မှတ်ကောက်ကွက်မပြည့်မီပါက အထွက်လျော့နိုင် သည်။ ပို၍စိုက်ပျိုးပါက အလင်းရောင်လုံလောက်စွာမရသဖြင့် အပင်အားပျော့ပြီး ယိုင်လဲတတ်သည်။ အစာလုံလောက်စွာ မချက်သောကြောင့် အဖျင်းများသည်။ ရောဂါပိုးမွှားဖျက်ဆီးမှုလည်း ပိုများနိုင်ပါသည်။

   “မြေကောင်းရင် ကျဲကျဲထိုးကြ၊ မြေညံ့ရင် စိပ်စိပ်ထိုးကြ” လို့ လယ်ရှင်က ကောက်စိုက်မတွေကို ပြောတာကြားဘူးသည်။ ကောက်စိုက်မကလည်းသိသည်။ တစ်တောင်သုံးချက်လား၊ နှစ်ချက်လားဆိုတာ စိုက်သောလယ်ကွက် မြေအခြေအနေပေါ်မူတည်ပြီး လယ်ရှင်မပြောလဲ စိုက်သည်။ ကောက်စိုက်မ အများစုကလည်း စေတနာထားပြီး ကောက်ကွက်မှန်ဖြင့် စိုက်လေ့ရှိကြမည်ဖြစ်ပါသည်။

   စိပ်စိပ်စိုက်ပါလို့ တိုက်တွန်းတာရှိသည်။ ရှေးယခင်က စိုက်ခဲ့ကြသည့် ဒေသစပါးမျိုးများနှင့် နှိုင်းစာလျှင် ကောက်ကွက်စိပ်ရပါမည်။ ယခုအခါ အထွက်ကောင်းမျိုးတွေကို စိုက်ပျိုးလာချိန်ဖြစ်သည်။ မျိုးသဘာဝခြင်းကလည်း ကွာသည်။ အထွက်ကောင်းမျိုးက အပင်ပုသည်။ အသက်ရက်ကတိုသည်။ ပြီးတော့အပင်ထောင်မတ်သည်။ များများဝင်အောင် စိုက်နိုင်သည်။ မြေသြဇာကိုများများစားနိုင်သည်။ ယိုင်လဲမှာမပူရ။ ဒါ့ကြောင့် စိပ်စိပ်စိုက်ပါ၊ ကောက်ကွက်ပြည့်မီအောင် စိုက်ပါလို့ ပြောတာဖြစ်နိုင်ပါသည်။

    စိပ်စိပ်စိုက်ပါဆိုတာ ယေဘုယျပြောတာဖြစ်သည်။ တစ်သိန်းငါးသောင်း၊ တစ်သိန်းခုနှစ်သောင်း၊ တစ်သိန်းကိုးသောင်း ယခုထိပြောသည့်သူ ပြောသည်။ ကျွန်တော်ကတော့ သုတေသနသမားတစ်ဦးအနေဖြင့် စမ်းသပ်ကွက်တွေ ချမှတ်ဆောင်ရွက်ဖူးသည်။ သက်လျင်မျိုး၊ သက်လတ်မျိုး၊ ဒေသအလိုက်၊ မိုး၊ နွေ စုံအောင်စမ်းသည်။ အစိပ် အကျဲ ကောက်ကွက်စုံသည်။ စပါးအထွက်တွင်သာမက၊ စပါးအထွက်မိတ်ဖက်တွေအပေါ်မှာ ကောက်ကွက်အလိုက် အကျိုးပြုမှုတွေကိုပါ စုံအောင်လေ့လာခဲ့ ဖူးပါသည်။ 

    ရလဒ်တွေအရ  သက်လျင်၊ သက်လတ်မျိုးတွေမှာ တစ်ဧကကောက်ကွက် ၁ ဒသမ ၁ သိန်းမှ     ၁ ဒသမ ၉ သိန်းထိ ထားရှိစိုက်ပျိုးခြင်းသည် စပါးအထွက်အပေါ် အကျိုးပြုမှုကွာခြားခြင်းမရှိပါ။ ကောက်ကွက်ကို ၁ ဒသမ ၁ သိန်းမှ ၁ ဒသမ ၉ သိန်းအထိ တိုး၍ စိုက်ပျိုးသော်လည်း အထွက် တိုးလာခြင်းမရှိပါ။ အကြောင်းမှာ ကောက်ကွက်စိပ်ပါက ကောက်ကွက်တစ်ကွက်ရှိ အနှံအရေအတွက် နှင့် တစ်နှံပါအောင်စေ့နည်းခြင်း၊ ကောက်ကွက်ကျဲပါက ကောက်ကွက်တစ်ကွက်ရှိ အနှံအရေအတွက်နှင့် တစ်နှံပါအောင်စေ့များခြင်းတို့ကြောင့် ဖြစ်ပါသည်။

    ကောက်ကွက် ၁ ဒသမ ၁ သိန်းဝင်အောင်စိုက်ရန်မှာ အတန်း ၉ လက္မနှင့် အပင်အကွာအဝေး    ၆ လက္မ ထားရှိစိုက်ပျိုးရန် ဖြစ်သည်။ ကြိုးတန်းဖြင့် ကောက်စိုက်သည့်အခါ ကောက်စိုက်မသဘာဝအရ အပေါ်တည့်တည့်မှ လက်ထိုးစိုက်လို့မရပါ။ ၉၀ ဒီကရီ မဖြစ်နိုင်ပါ။ ကောက်ပင်ကိုင်သည့်လက်ကို ခတ်စောင်းစောင်းထိုးပြီး စိုက်တာဖြစ်သည်။ ကြိုးတန်းတစ်တန်းနှင့် တစ်တန်းကို ၉ လက္မ ထားရှိစိုက်ပျိုးခြင်းက ကောက်စိုက်မအတွက် ပိုလို့အဆင်ပြေသည်။ အတန်းကြားတွင် ကြားပေါင်းလိုက် တမန်းနှိုးကရိယာဖြင့်လည်း လွယ်လွယ်ကူကူ ရှေ့ထိုးနောက်ဆုတ်လုပ်နိုင်သည်။ တစ်ပင်နှင့်တစ်ပင် ၆ လက္မဆိုတာလည်း တော်သင့်သော အကွာအဝေးဖြစ်သည်။ သည်ထက်စိပ်လို့ တမန်းရေပြင်မှာ ထင်သလိုဖြစ်မလာနိုင်ကြောင်း လက်တွေ့စိုက်ကြည့်မှ ပိုလို့သိပါသည်။

   တစ်ခြားနိုင်ငံတစ်ခုမှာ သုတေသနပြုလုပ်ပြီး ရရှိသည့် ရလဒ်တစ်ခုကို ဖတ်ဖူးသည်။ မြန်မာ နှင့် တော်တော်နီးစပ်သည်။ စမ်းသပ်သော ကောက်ကွက်များအနက် ၈ လက်မ X ၈ လက်မစိုက်ပျိုးခြင်းသည် အသင့်တော်ဆုံးဖြစ်သည်ဟုဆိုသည်။ ၈ လက်မ X ၈ လက်မဆိုတော့ တစ်ဧကကောက်ကွက် တစ်သိန်းနီးပါးဖြစ်သည်။ စမ်းသပ်မျိုးများအတွက် တွေ့ရှိချက်ဖြစ်ပြီး ထိုထက်အသက်ငယ်သော မျိုးများဖြစ်ပါက ကောက်ကွက်သည်ထက် စိပ်သင့်သည်လို့ အကြံပြုထားသည်။ စာရေးသူထောက်ခံထားသည့် ၁ ဒသမ ၁ သိန်းနှင့် တော်တော်နီးစပ်ပါသည်။

   အက်စ်အာရ်အိုင်စပါးစိုက်ပျိုးနည်းစနစ်တွင် ကောက်ကွက်ကျယ်ကျယ်ထားရန် ဖြစ်သည်။ ကောက်ကွက်ကျဲတာ တစ်နည်းအားဖြင့် အတန်း၊ အပင်အကွာအဝေး ကျယ်ကျယ်ထားခြင်းသည် ကောက်ပင်တစ်ပင်ချင်းစီကို အကျိုးပြုတာသာဖြစ်သည်။ မြေကွက်အလွတ် ကျန်တာများတော့ နေရောင်ခြည်ကိုပိုရသဖြင့် အပင်က ပိုပြီးအစာချက်လုပ်နိုင်သည်။ မြေဆီလွှာက အာဟာရတွေကိုလည်း ကောက်ပင်နည်းတော့ တစ်ပင်ချင်းစီမှာ အာဟာရပိုရသည်။ တစ်ဧကစပါးအထွက်ဆိုတာကတော့ အခြားအဆုံးအဖြတ်ပြုသည့် အကြောင်းချင်းရာများစွာ ရှိသေးသည်ကို သတိမူရပါမည်။

   တောင်သူလယ်သမားအများစုသည် ကောက်ပင်ဖာသည့်အလေ့အထ နည်းသည်ကို တွေ့ရှိရ သည်။ စိုက်ပျိုးစဉ်က ကောက်ကွက်စိပ်သော်လည်း ကောက်ကွက်အသေအပျောက် ရေတွင်မျောပါ စသည် လျော့နည်းသွားတာတွေရှိသည်။ စိုက်ပြီးတစ်ပတ်ခန့်အတွင်းစစ်ဆေးပြီး ရေများလျှင် ရေလျှော့ရမည်။ ကောက်ပင်ပျောက်တာရှိလျှင် ကောက်ပင်ဖါဖို့လိုသည်။ ကောက်ကွက်မည်မျှဝင်ဆန့်အောင် စိုက်ပါသည်ဆိုသော်လည်း ရိတ်သိမ်းချိန်တွင်စိုက်သည့် ကောက်ကွက်ပမာဏ မရှိတော့တာကို တွေ့ရလေ့ရှိသည်။ စိုက်ပျိုးသည့်ဒေသ၊ ရေမြေ၊ ရာသီဥတု၊ မြေအမျိုးအစား၊ မြေယာပြုပြင်မှုတို့အပေါ်မူတည်၍ ကောက်ကွက်ကို ချိန်ဆစိုက်ပျိုးပါ။ လိုအပ်သည့်ကောက်ကွက်ပမာဏကို ပြည့်မီအောင် စိုက်ပျိုးပါလို့သာ ပြောလိုပါသည်။

ဆင်းသီဟ

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်