စပျစ်လှေး ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ
ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသလို့ဆိုလိုက်တာနဲ့ စပျစ်ခြံတွေကို စိတ်ထဲမှာမြင်လိုက်မိမယ် ထင်ပါတယ်။
တကယ်လည်းပဲ ရွာတန်း ၂၄ ရွာအပြင် အလယ်ကုန်းရွာတဝိုက်နဲ့၊ ရွှေဒါးနယ်တဝိုက်အထိ မြင်မြင်သမျှ စိုက်ပျိုးရေးခြံတွေကိုကြည့်လိုက်ရင် စပျစ်ခြံတွေ လက်ညှိုးထိုးမလွဲပါဘူး။
စာရေးသူ ရမည်းသင်းရောက်လို့ ရွာတန်းက မိတ်ဆွေကြီး ကိုမျိုးမြင့်ဆီ အလည်အပတ်သွားရင်း..
- သီးနှံအကြောင်း
- ရာသီဥတု အပူအအေးနဲ့ ဆောင်းပျောက်နိုင်မှုအလားအလာ
- မိုးရွာသွန်းမှုပုံစံ အပြောင်းအလဲ
- မြေအောက်ရေရဲ့ လက်ရှိအနေအထားနဲ့
- နောင်၁၀-နှစ်အလားအလာ
- ပိုးမွှား/ရောဂါ ကျယ်ပြန့် များပြားလာမှု အခြေအနေများကို ခြံသမား ဆယ့်လေးငါးယောက် စုဖွဲ့ စေပြီးဆွေးနွေးဖြစ်ကြပါတယ်။
အကြောင်းအရာအများကြီးထဲက စပျစ်ခြံသမားတွေ အဓိကကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ..? ဆိုတဲ့ဆွေးနွေးမေးမြန်းချက် အကြောင်းအရာများကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

စပျစ်ခြံတွေမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲဆုံးတခုဆိုရင် ဘာဖြစ်မလဲ?
လိုရင်းတိုရှင်းပြောရရင် လှေး(Thrips) မနိုင်တာပဲဆရာတဲ့။
အင်ဂျူးဝါးတွေနဲ့ ဒိုင်ကာဇောတွေအပြင် ဆေးကုမ္ပဏီတွေမှာရှိတဲ့ လှေးဆေး မှန်သမျှ အကုန်သုံးပြီးပြီ။ ဖျန်းတုန်းခဏတော့ ရှင်းသလိုလိုနဲ့၊ ၂-၃ရက်လောက်ကြာရင် ပြန်တက်လာတာပဲဆရာ။
ဆေးဖိုးတွေလည်း မနည်းကုန်လှပြီ၊ အဲဒါ လှေးနိုင်မယ့် နည်းလမ်း လိုချင်ပါတယ်ဆရာဆိုပြီး ကိုမျိုးမြင့်က ဦးဆောင်မေးမြန်းပါတယ်။
လှေး(thrips)ကျရောက်မှုပုံစံ
စုပ်စားပိုးထဲမှာ လှေးဟာ ဆေးဒဏ်ကို ခံနိုင်ရည်အရှိဆုံးလို့ပြောနိုင်ပါတယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးကုမ္ပဏီတွေရောင်းအားစုစုပေါင်းရဲ့ ထက်ဝက်ကျော်ဟာ စုပ်စားပိုးသတ်ဆေး ဖြစ်ပါလိမ့်မယ်။
Global warming လို့ခေါ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆက်စပ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးမြင့်လာတာနဲ့အမျှ လူတွေ သစ်ပင်တွေ အပူဒဏ်ခံစားရသလို...
ပိုးမွှားတွေဆိုတာလည်း ရာသီဥတု ပူနွေးလာရင် မျိုးပြန့်ပွားမှု ၂ ဆ ပိုများလာတယ်လို့ ဆိုပါတယ်။
မျိုးပွားမှုများတဲ့အပြင် ဘဝစက်ဝန်း(life cycle)မှာလည်း ၂၄ ရက်သာရှိပါတယ်။
အပူချိန်မြင့်တဲ့ ကာလတွေမှာ ၂ ပတ် လောက်သာကြာပါတယ်။
(ရံဖန်ရံခါ လှေး 'မ'က မိတ်လိုက်စရာမလိုဘဲ အကောင်လိုက်မွေးနိုင်ပါသေးတယ်)
နောက်တခု သတိပြုသင့်တာက
လှေးတွေရဲ့ဘဝစက်ဝန်းမှာ အပင်ပေါ်တပိုင်း အပင်ခြေ(မြေကြီး) တပိုင်း ကျက်စားကြပါတယ်။
(ဒါကြောင့် လှေးဆေးဖျန်းရာမှာ အပင်ပေါ်ရော အပင်ခြေ တစ်ဝိုက်ပါ ဆေးဖျန်းပေးဖို့လိုပါမယ်)
ဘာကြောင့် လှေးတွေကို ဆေးဖျန်းလို့မနိုင်တာလဲ?
ရွာတန်း အလယ်ကုန်းဒေသ တောင်သူတွေက ပြောကြပါတယ်။
ကုမ္ပဏီက ဆေးတွေ လှေးမနိုင်လို့..နောက်ဆုံးမှာ ခြင်ဆေးဘူး(spray )တွေနဲ့ ဖျန်းနေကြကြောင်း ဒီလိုတွေဖျန်းနေရာမှာ လှေးကို နိုင်မနိုင်တော့မသိဘူး။ အညွန့်တွေခြောက်ပြီး အပွင့်တွေကြွေကုန်တယ်လို့ ကိုအုန်းမြင့်က ပြောပြပါတယ်။
အထက်မှာ ဆိုသကဲ့သို့ လှေးတွေရဲ့ အလေ့အထနဲ့ နှိမ်နင်းတဲ့စနစ် အားနည်းခြင်းကြောင့် အခုလို မနိုင်မနင်းဖြစ်စေပါတယ်။
လှေးတွေကို မနိုင်တဲ့ အဓိက အချက်တွေကတော့.
- ပင်ကိုယ်သဘာဝ ဆေးဒဏ်ခံနိုင်ခြင်း
- အပင်ပေါ်တစ်ဝက် မြေကြီးပေါ်တစ်ဝက် ရှင်သန်နေကြတဲ့အတွက် ဆေးဖျန်းလျှင် စိုက်ခင်းခြံစည်းရိုး ပေါင်းမြက်ခင်းများကို ပြေးကပ်နေကြခြင်း
- ပေါက်ပွားမှု မြန်ခြင်း
- တူညီသော ဆေးအုပ်စု(the same group , Ai) များ ထပ်ကြိမ်များစွာ ဖျန်းခြင်း
- IPM(ဘက်စုံ ပိုးမွှားကာကွယ်နည်းစနစ်) မကျင့်သုံးခြင်း
လှေးမနိုင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ
ဇွန်/ဇူလိုင်ရဲ့ စပျစ်ပင် သီးကိုင်းမွေးချိန်နဲ့၊ ငရုတ်ခင်းများမှာလည်း မိုးလို မိုးခေါင်ချိန်၊ လှေး/မွှား(thrips and mite)များ တစ်ပြိုင်နက် ကျရောက်ချိန် တိုက်ဆိုင်နေပါတယ်။
သြဂုတ်လဆန်း မိုးရွာလာတာနဲ့ လှေးစုပ်တဲ့ဒဏ်ရာတွေဟာ အရွက်တွေ၊ အရိုးတွေနဲ့ စပျစ်သီးတွေမှာ မိုးရေစက်နဲ့အတူ မှိုရောဂါတွေ ဝင်ရောက်လာပါတယ်။
မှင်စက် လို့ခေါ်တဲ့(Anthracnose) မှည့်ပြောက်စွန်းရောဂါ
ဒေါင်းနီးရွက်ခြောက်ရောဂါ(Downy mildew)
ရိုးမဲ/ရိုးကွဲ ရောဂါခေါ်(Bacterial blight) စတဲ့ ရောဂါတွေ ဝင်ပြီး အညွန့်တွေမဲခြောက်ကုန်ပါတယ်။
(မှိုရောဂါ နဲ့ ဘက်တီးရီးယားရောဂါသည် ပူးတွဲကျရောက်တတ်သည်ကို သတိပြုပါ)
အကောင်းဆုံး ကြိုတင်ကာကွယ်/ကုသ နည်း
၁။ ဘော်ဒိုမစ်ချာကို မဖြစ်မနေ အသုံးပြုပါ။
(ဒုတ္ထာစစ်စစ်ရဖို့နဲ့ အပင်အရွယ်အစား၊ အနုအရင့်ကို ချိန်ဆပြီး 0.5%/1%/2% ဘော်ဒိုမစ်ချာဖျော်စပ်နည်းကို အဆင်ပြေသလို အသုံးပြုပါ။)
၂။ စပျစ်ကိုင်းမွေးချိန်ရော၊ ကိုင်းဖြတ်ပြီးနောက်ပိုင်း ကာလများတွင် စုပ်စားပိုးကာကွယ်ဆေးများကို ၁ ပတ်ခြားဖျန်းပေးပါ။
(အဆီတာမီပရစ်/သိုင်ယာမီသိုဇင်/ဖစ်ပရိုနေး/ဒိုင်ကာဇော/ပရိုပါဂိုက်..)
၃။ ဓာတုဆေး မဖျန်းမီတိုင်း၊ သဘာဝ ပိုးကာကွယ်ဆေးကို မဖြစ်မနေ အသုံးပြုပါ။
(တမာရွက်/တမာခေါက် ၆၀ကျပ်သား+ဆေးရွက်ကြီး ၆၀ကျပ်သား ကို ရေ ၂၀ဂါလံနဲ့ စဥ့်အိုးအတွင်း ၁ ည စိမ်ပါ ။ မွှေပေးပါ။ နောက်နေ့ မနက် ရေစစ်ပြီး ၊ ဆေးရည်တစ်ဝက် ရေတစ်ဝက်ရော ဖျန်းနိုင်ပါတယ်)
၄။ လှေးဆေးဖျန်းတိုင်း အပင်ပေါ်ပင်စည်၊ အပင်ခြေ မြေကြီးကိုပါ ဖျန်းပေးဖို့မမေ့ပါနဲ့။
၅။ ဖစ်ပရိုနေး ၃ ဂျီ ဆေးထဲကို စပျစ်(အပင် ၁၀၀/၁ကီလို)နှုန်း ပက်ပေးပါ။
၆။ စပျစ်ပန်းဖြိုင်ချိန် မနက်ခင်း ၁၀ နာရီအတွင်း ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အားဆေး မဖျန်းပါနဲ့။
(အထူးသဖြင့် EC ဖော်မြူလာဆေးများကို ရှောင်ပေးပါ။ မဖြစ်မနေဖျန်းလိုပါက ညနေချိန်မှာ ဖျန်းပေးပါ)
၇။ မှိုသတ်ဆေးဖျန်းပြီးတိုင်း ဘက်တီးရီးယား ကာကွယ်ဆေး ၁ ကြိမ် ဖျန်းပေးပါ။
စပျစ်ခြံမှာ မေးမြန်းဆွေးနွေးစရာများစွာ ရှိနေမယ်ဆိုတာ သဘောပေါက်ပါတယ်။
အချိန်မရလို့..နောက်တစ်ခေါက်မှ တခြားအကြောင်းအရာတစ်ခုကို ဆက်ဆွေးနွေးကြတာပေါ့။
ကိုမျိုးမြင့်၊ ကိုအုန်းမြင့်၊ ကိုစိန်သောင်၊ ကိုဘိုလေးနဲ့တကွ..စပျစ်ခြံတောင်သူအားလုံး လှေးအန္တရာယ်မှ ကင်းဝေးကာ ကျန်းမာ၊ ချမ်းသာ
ကြပါစေ။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်အရွက်တွေဝါပြိးအဆစ်လိုက်ပျက်ကျဘာဆေးသုံးရမလဲ
Maung Maung Htay • ဖြေကြားချက် 1 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 2 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 2 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
More from Thar Po
အားလုံး