သစ်စိမ်းမြေသြဇာ

07/02/2018 15:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိမ်းရောင် အပင် အစိတ်အပိုင်း များကို မြေကြီးတွင်းသို့ ထယ်ထိုးမြုပ်နှံပြီး ဆွေးမြေ့စေကာ မြေသြဇာ အဖြစ် အသုံးပြုခြင်းကို သစ်စိမ်းမြေသြဇာ ကျွေးခြင်းဟု ခေါ်ပါသည်။ သစ်စိမ်းမြေသြဇာ ပြုလုပ်ရာတွင် အပင်ကြီးထွားမှုမြန်ပြီး အစေ့ အလွယ်တကူရနိုင်သော အပင်များကို အသုံးပြုနိုင်သည်။ ထိုအပင်များထဲတွင် နိုင်ထရိုဂျင် အဟာရ (အပင်ကြီးထွားမှု အားပေးသည့် ပုလဲဓာတ်မြေသြဇာ တွင်ပါသော အဓိက ဓာတ်) ကို မြေကြီးထဲ ပြန်လည် ထည့်ပေးသော ပဲအမျိုးမျိုးကို အသုံးပြုမှု များသည်။

သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုပါက စဉ်းစားသင့်သည့် အချက်များ

  • မျိုးစေ့ရရှိမှုလွယ်ကူပြီး စျေးသက်သာမှုရှိခြင်း
  • အပင်ပေါက် ရာခိုင်နှုန်း မြင့်မားမှု ရှိခြင်း
  • အပင်ကြီးထွားမှု မြန်ပြီး အရွက်များများ ထွက်နိုင်မှုရှိခြင်း
  • ရေလိုအပ်မှု လျော့နည်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်း၊ အကြမ်အတမ်းခံနိုင်ခြင်း
  • ပဲ အမျိုးအနွယ်ဝင် ဖြစ်ခြင်း
  • ကုန်ကျစရိတ် သက်သာပြီး လွယ်ကူစွာ စိုက်ပျိုးနိုင်ခြင်း
  • လွယ်ကူစွာ ရှင်းလင်း ပစ်နိုင်ခြင်း၊ နှိမ်နှင်းရလွယ်ခြင်း (ပေါင်းအဖြစ် မပြောင်းလဲနိုင်စေရန်)
  • စိုက်မည့် သီးနှံအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိခြင်း
  • စိုက်ခင်း ဧရိယာ အသုံးချနိုင်မှု (ပလပ်ဧရိယာ)
  • အဓိက သီးနှံစိုက်ပျိုးမည့် အချိန်

သစ်စိမ်းမြေသြဇာ စိုက်ပျိုး ပြုလုပ်ရာတွင် သတိထားရမည့် အချက်များ
စိုက်ပျိုး ပြုလုပ်မည့် မြေကွက်တွင် အစိုဓာတ်အသင့်တင့်ရှိရပါမည်။ သို့မဟုတ် ရေပေးသွင်းရပါမည်။ အဘယ်ကြောင့် ဆိုသော် သစ်စိမ်မြေသြဇာသည် အချိန်တိုတွင်း စိုက်ပျိုးရမည့် အပင်ဖြစ်ပြီး ကောင်းစွာ ဖြစ်ထွန်း ရန်နှင့် မြေကြီး အတွင်း ထိုးမြုပ်ပြီးနှောက် ကောင်းစွာ ဆွေးမြေ့နိုင်ရန် လိုအပ်သော အစိုဓာတ်ရှိနေရန် လိုအပ်ပါသည်။ အစိုဓာတ် မလုံလောက်ပါက သစ်စိမ်းမြေသြဇာ အပင်များ ဆွေးမြေ့ဖို့ ကြာသွားနိုင်သည့်အပြင် စိုက်ပျိုးမည့် သီနှံများအတွက် အဟာရ ဓာတ်ရရှိမှု နည်းသွားနိုင်ပါသည် (မြေကြီးထဲမှ အဟာရများကို သစ်စိမ်း မြေသြဇာအပင်များက စားသုံးထားပြီး မဆွေးမြေ့သေးသောကြောင့် မြေကြီးထဲ ပြန်လည် ထည့်သွင်းမပေးနိုင်သေးသောကြောင့်)။ ထိုကြောင့် မိုးနည်းသောဒေသ၊ အစိုဓာတ် ထိန်းထားနိုင်မှု အားနည်းသော မြေ အမျိုးအစားများနှင့် ရေရရှိမှု အပေါ်မူတည်၍ သစ်စိမ်းမြေသြဇာ စိုက်ပျိုးပြုလုပ်ရန် သင့်မသင့် စဉ်းစားသင့်ပါသည်။

ထယ်ထိုးမြှုပ်နှံရမည့် အချိန်

သစ်စိမ်းမြေသြဇာ အပင်များကို ထယ်ထိုးမြှုပ်ရမည့် အကောင်းဆုံးအချိန်မှာ ပန်းပွင့်ချိန်ဖြစ်သည်။ သစ်ပင်များ၏ သဘာဝအရ ပန်းပွင့်ချိန်တွင် အပင်တွင်း အဟာရများ ပြည့်ဝနေပြီး ပင်စည်များမှာ မရင့်သေးသည့် အတွက် ဆွေးမြေ့ရန် အတွက် အချိန်ကြာကြာ မလိုအပ်ပါ။

ထိုထက် ပိုထားပါက အဟာရများမှာ အသီးများ၊ အစေ့အဆန်များ ထဲတွင် ရောက်ရှိသွားပြီး ပင်စည်များ မာကြောလာကာ ဆွေးမြေ့ချိန် ကြာမြင့်လာပါမည်။ ပန်းပွင့်ချိန် ထက်စောပြီး မြေမြှုပ် ပါက ဆွေးမြေ့ ချိန် မြန်သော် လည်း အပင် အရွယ်အစား သေးသည့် အတွက် အဟာရ ရရှိမှု နည်း မည်ဖြစ်ပါသည်။ ယာမြေ၊ ယာသီးနှံများ အတွက် မြေမြှုပ်ပြီး တစ်လကြာလျှင် စိုက်ပျိုးနိုင်သည်။ လယ်မြေ များ တွင်မှု သစ်စိမ်းမြေသြဇာ ကျွေးပြီး ၂-၃ ပတ်ကြာ တွင် စိုက်ပျိုးနိုင်ပါသည်။
သစ်စိမ်းမြေသြဇာကို အပင် တိုက်ရိုက် မစိုက်ပျိုးဘဲ အခြားနေရာမှာ စိုက်ပျိုးထားသော အရွက်စိမ်းများ ဥပမာ ဘောစကိုင်း၊ ကုက္ကိုလ်၊ ညံပင် စသည်တို့ကို ခူးယူသယ်ဆောင်ပြီး စိုက်ခင်းထဲတွင် ထယ် ထိုးမြှုပ်နှံ၍ မြေသြဇာပြု လုပ်နိုင်ပါသည်။ အကိုင်းနုများ၊ အရွက်များကို သီးခြားသန့်ယူပြီး ပြုလုပ်သင့်ပါသည်။

အကျိုးကျေးဇူးများ

ကုန်ကျစရိတ်သက်သာခြင်း
သစ်စိမ်းမြေသြဇာက နွားချေး၊ ကြက်ချေးသုံးတာထက် ကုန်ကျစရိတ် ပိုသက်သာစေပါတယ်။ မျိုးစေ့ ရှိရုံနဲ့ မိမိစိုက်ခင်းထဲကို မြေသြဇာ လွယ်ကူစွာ ထည့်သွင်းနိုင်ပါသည်။ နွားချေး၊ ကြက်ချေး ထည့်သွင်း မည်ဆိုပါက (ကိုယ်ပိုင်မွေးမြူ မထားပါက) ကုန်ကျစရိတ်များသည့် အပြင် ထိုအညစ်အကြေးများ ထဲတွင် ပေါင်းစေ့များစွာ ပါဝင်လေ့ရှိပါသည်။ ထို့အပြင် သယ်ယူခြင်း၊ စိုက်ခင်း တွင် ဖြန့်ဖြူးခြင်း နှင့် မြေကြီးထဲသို့ ထည့်သွင်းပေးရန် ထပ်ဆင့် လိုအပ်နေပါသေးသည်။

သဲဆန်သော မြေများအတွက် ကောင်းမွန်ခြင်း
သစ်စိမ်းမြေသြဇာသည် သဲဆန်သော မြေများကို ကောင်းမွန်လာအောင် ပြုပြင်နိုင်စွမ်းရှိသည်။ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်သည့်အပြင် အဟာရကိုပါ မြင့်တက်စေပါသည်။ အပင် အဟာရများ မိုးရေနှင့် ပါမသွားအောင် ထိန်းသိမ်းပေးပြီး စိုက်ပျိုပင်များအတွက် အဟာရပြန်လည် ထုတ်ပေးပါသည်။

မြေနေသတ္တဝါများအတွက်
သစ်စိမ်းမြေသြဇာ သုံးစွဲခြင်းဖြင့် မြေကြီးထဲတွင် အကျိုးပြု ဘက်တီးရီးယားများနှင့် တီကောင်များ ပွားများစေပါသည်။ ထိုအကျိုးပြု သက်ရှိများ များလေလေ အပင်အတွက် အသုံးဝင်သော အဟာရများကို ဖြိုခွဲပေးနိုင်လေလေ ဖြစ်ပါသည်။

စေးသော မြေများအတွက် ကောင်းမွန်ခြင်း
စေးသော မြေများတွင် သစ်စိမ်းမြေသြဇာ အသုံးပြုခြင်းဖြင့် မြေဆီလွှာ ပိုမိုကောင်းမွန်လာစေသည်။ သြဂဲနစ် ပစ္စည်းများသည် နေအပူကြောင့် မြေများ ခြောက်သွေ့သောပြီး ပက်ကြားအက်ခြင်း မှ ကာကွယ်ပေးနိုင်ပါသည်။

မြေဆီလွှာ တိုက်စားခံရခြင်းမှ ကာကွယ်ပေးခြင်း
စိုက်ပျိုးရေးအတွက် အသုံးဝင်ဆုံးသော အပေါ်ယံမြေဆီလွှာကို လေနဲ့ ရေတိုက်စားခြင်းမှ ကာကွယ်ပေးပါတယ်။ စိုက်ခင်း တစ်ခုလုံးကို အပြည့်စိုက်ဖို့ စိတ်ကူးမရှိတဲ့မျိုးမှာ သစ်နှံမစိုက်တဲ့ နေရာတွေမှာ ယခုလို သစ်စိမ်းမြေသြဇာ စိုက်ဖို့ ရွှေးချယ် လိုက်တာ မှန်ကန်ပါသည်။

အရင်းအနှီးမလိုအပ်ခြင်း
သစ်စိမ်းမြေသြဇာက လုံးဝ အရင်းအနှီး မလိုအပ်ပါ။ မိမိဘက်က စိုက်ထုတ်ရန်မှာ မျိုးစေ့နှင့် အချိန်သာဖြစ်သည်။ တစ်ကွင်းတစ်စပ်လုံး စိုက်ပျိုးဖို့ အခွင့်အရေး မရှိခဲ့ရင် အကောင်းဆုံးကတော့ ပဲတစ်မျိုးမျိုးကို သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပြီး ပစ်ထားလိုက်ပါ။ မြေကြီးထဲကို သီးနှံပင်တွေအကြိုက် နိုက်ထရိုဂျင်တွေ အများကြီး ထည့်ပေးနေပါလိမ့်မည်။

မြေကြီးကို လွှမ်းခြုံပေးမည့် စောင်တစ်ထည်
အပင်ကြီးထွားမှုမြန်တဲ့ အပင်တစ်မျိုးမျိုး၊ ပဲတစ်မျိုးမျိုး စိုက်ထား လိုက် မည် ဆိုပါက ပေါင်း ပေါက်ရောက်မှု နည်းအောင် ပြုလုပ်ပေး ပါသည်။ သစ်စိမ်းမြေသြဇာ ပင်တွေရဲ့ အရွက်တွေက တစ်ခုနှင့် တစ်ခု ယှက်ပြီး မြေကြီးကို စောင် တစ်ထည်လို ခြုံလွှမ်း ထားပေး တဲ့အတွက် ပေါင်းပင်တွေ အလင်းရောင် မရတဲ့ အခါ ရှင်သန်ပေါက်ရောက်မှု ကို လျော့ကျစေပါသည်။ သစ်စိမ်းမြေသြဇာကို နှစ်ရာသီ သုံးရာလောက် ဆက်တိုက် စိုက်ပျိုးကပါ ပေါင်းပေါက်ရောက်မှုကို သိသိသာသာ လျော့နည်းစေမှာ ဖြစ်ပါတယ်။

မြေကြီး အပူချိန်ကို ထိန်းညှိပေးခြင်း
သစ်စိမ်းမြေသြဇာ ပင်တွေက မြေကြီးရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်း ရှိကြပါသည်။ နွေရာသီအချိန်မှ မြေကြီးကို အပူချိန် အရမ်းမတက်အောင် ထိန်းထားပေးနိုင်သလို ဆောင်းရာသီအချိန်မှာလည်း မြေကြီး အပူချိန် အရမ်းကျ မသွားအောင် ကူညီပေးပြန်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးသောကြောင့် မြေကြီးတွင်းရှိ အကျိုးပြုအဏုဇီဝ များ ရှင်သန်နိုင်စွမ်းကို တိုးမြှင့်ပေးနေပါတယ်။

အမြစ်နက်နက် ထိုးဆင်းနိုင်ခြင်း
သစ်စိမ်းမြေသြဇာ ပင်တွေ၏ အမြစ်တွေက မြေကြီး နက်နက်ထဲသို့ ဆင်းနိုင်ပြီး အပင် အဟာရတွေကို အပေါ်ယ ံမြေဆီလွှာသို့ သယ်ဆောင်ပေး ပါတယ်။ သာမန် သီးနှံပင်တွေရဲ့ အမြစ်တွေသည် အပေါ်ယံ မြေဆီလွှာ မှာသာ ရှိနေ တတ်ကြ ပါသည်။ အမြစ်နက်နက ်ဆင်းသွားပြီး ထိုအမြစ်များ ဆွေးမြေ့သွားတဲ့ အခါမှာ မြေဆွေး အဖြစ်သို့ ပြောင်းပေးသွား ပါသည်။ ထို့အပြင် အမြစ်နက်နက် ဆင်းသွားခြင်း အားဖြင့် တီကောင်များအတွက် လမ်းကြောင်း ထွင်ပေးပြီး ဖြစ်သွားပါသည်။

ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး
သစ်စိမ်းပင်တွေက သီးနှံပင်တွေကို ကူညီပေးရုံသာမက ပတ်ဝန်းကျင်ကိုပါ ကူညီပေးပါသည်။ သစ်စိမ်းမြေသြဇာ သုံးခြင်းအားဖြင့် ဓာတ်မြေသြဇာ များများသုံးဖို့ မလိုအပ်တော့ပါဘူး။ ဓာတ်မြေသြဇာ လျော့သုံးလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ရှိ မြေကြီးနဲ့ ရေထဲသို့ ဓာတ်တုအဆိပ်တွေ စီးဆင်မှုကို လျော့နည်းစေပါသည်။ ထို့အပြင် မိသားစုစားသုံးမည့် ဟင်းသီးဟင်းရွက်များထဲတွင် ဓာတုအဆိပ်များ လျော့နည်းစေပါတယ်။ မည်သို့ပင်ဖြစ်စေ ဓာတ်မြေသြဇာ လျော့ သုံးခြင်းဟာ ကောင်းမွန်တဲ့ အချက်တစ်ချက် ပင်ဖြစ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်