ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချနိုင်သည့် နည်းလမ်း (၃) မျိုး

19/12/2023 14:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးမွေးမြူရေးစနစ်သည် အစားအစာဖူလုံပြီး ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ CSA သည် အသစ်တီထွင်လိုက်သော နည်းလမ်းအသစ်အဆန်းတော့မဟုတ်ပေ။ စိုက်ပျိုးရေးမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှုကို လျှော့ချပြီး ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်သော နည်းလမ်းဖြင့် အစားအစာဖူလုံမှုရရှိအောင် စိုက်ပျိုးထုတ်လုပ်ပေးသော နည်းစနစ်ဖြစ်သည်။ 

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့သည် ၂၀၁၀ ခုနှစ် နယ်သာလန်နိုင်ငံ ဟဲဂူးမြို့တွင် ပြုလုပ်သော ညီလာခံတွင် CSA ကို ရေရှည်ဖွံဖြိုးတိုးတက်မှု ပန်းတိုင်များရရှိရန် ဦးတည်၍ စိုက်ပျိုးရေး၊ အစားအစာဖူလုံမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းဟူ၍ အဓိပ္ပာယ်သတ်မှတ်ဖော်ပြခဲ့သည်။ ရေရှည်ဖွံဖြိုးတိုးတက်မှု အခြေခံတိုင်းတာချက် (၃) ရပ်တွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်တို့ပါဝင်ပြီး ၎င်းတို့ကို ပြောင်းလဲလာသော ရာသီဥတုအလိုက် အစားအစာဖူလုံမှုရရှိအောင် စုပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် CSA တွင် အခြေခံရည်ရွယ်ချက် (၅) ချက် နှင့် အရေးကြီးသော အဓိကအစိတ်အပိုင်း (၃) ရပ်ရှိသည်။

အခြေခံရည်ရွယ်ချက် (၅) ချက် - 

  • ၁။ ရေရှည်ထုတ်လုပ်မှုနှင့် ဝင်ငွေတည်တံ့တိုးမြင့်ရန်
  • ၂။ နိုင်ငံတွင်း အစားအစာထုတ်လုပ်မှု တည်တံ့စေရန်
  • ၃။ ရာသီဥတုပြောင်းလဲမှုသို့ တို့ပြန်နိုင်မှုနှင့် လိုက်လျောညီထွေဖြစ်မှုတို့ကို တည်ထောင်နိုင်စွမ်းရည်ကို ခိုင်မာစေရန်
  • ၄။ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှုကို လျော့ချနိုင်စေရန်
  • ၅။ ရေရှည်ဖွံဖြိုးတိုးတက်မှု ပန်းတိုင်များကိုရောက်ရှိရန် တို့ဖြစ်သည်။

အရေးကြီးသော အဓိကအစိတ်အပိုင်း (၃) ရပ်တွင် -

  • ၁။ ရာသီဥတုပြောင်းလဲမှုသို့ လိုက်လျောညီထွေဖြစ်မှုနှင့် တုံ့ပြန်နိုင်မှုရှိစေရန်
  • ၂။ ထုတ်လုပ်မှုစွမ်းအားတိုးမြင့်စေရန် နှင့် 
  • ၃။ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချရန်တို့ ပါဝင်သည်။ 

ရာသီဥတုပြောင်းလဲမှုသို့ လိုက်လျောညီထွေဖြစ်မှုနှင့် တုန့်ပြန်နိုင်စွမ်းရှိမှုတွင် သီးနှံနှင့် တိရစ္ဆာန် မွေးမြူရေး၊ ပုံမမှန် ရာသီဥတု၊ သဘာဝအရင်းအမြစ် ထိရောက်စွာ အသုံးချမှု၊ ပိုးမွှားရောဂါနှင့် အခြားဖျက်ဆီးတတ်သော မျိုးစိတ်များစီမံခန့်ခွဲမှုတို့ ပါဝင်သည်။ ထုတ်လုပ်မှုစွမ်းအားတိုးမြင့်စေရန်တွင် အစားအစာ၊ တိရစ္ဆာန်အစာ၊ လျှော်မျှင်၊ စွမ်းအင်နှင့် ဂေဟစနစ် ဝန်ဆောင်မှုတို့ ပါဝင်သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချမှုတွင် ကာဗွန်ကို စုပ်ယူထိန်းသိမ်းနိုင်မှုတိုးမြင့်ရေး၊ မီသိန်းဓာတ်ငွေ့ လျှော့ချရေး၊ နိုက်ထရပ်အောက်ဆိုဒ်လျှော့ချရေးတို့ ပါဝင်သည်။ CSA ၏ အဓိကလုပ်ဆောင်မှုတွင် အရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ခြင်း၊ ဓာတ်မြေသြဇာ ထိရောက်စွာအသုံးချခြင်း၊ သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးမှ ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချပေးခြင်းသည် CSA ၏ အဓိကမဏ္ဍိုင်များထဲက တစ်ခုဖြစ် သည်။ 

ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရာတွင် နည်းလမ်းသုံးမျိုးဖြင့် ချဉ်းကပ်ဆောင်ရွက်နိုင်သည်။ 

၁။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းအောင်ပြုလုပ်ခြင်း

ဒေသတွင်းရှိရင်းစွဲနည်းပညာများ၊ ကောင်းမွန်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် လုပ်ဆောင်နိုင်သည်။ ၎င်းတွင် တိုးတက်ကောင်းမွန်သော ရေစီမံခန့်ခွဲမှုများ၊ သွင်းအားစုကို ထိရောက်စွာ စီမံခန့်ခွဲအသုံးပြုမှုများ၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းသော အထွက်ကောင်းမျိုးများကို အသုံးပြုခြင်းတို့ ပါဝင်သည်။

၂။ ဖန်လုံအိမ်ဓာတ်ငွေ့ကို တိုးမြင့်ဖယ်ထုတ်ခြင်း

သစ်တော သစ်ပင် သီးနှံစိုက်ခင်းများမှ လေထုထဲမှာရှိသော များပြားသော ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို စုပ်ယူဖယ်ထုတ်ခြင်းကို ဆိုလိုသည်။ ထို့ပြင် အပင်မှ စုပ်ယူထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ရန် သီးနှံပင်ကြွင်းပင်ကျန်များကို မီးမရှို့ဘဲ စိုက်ခင်းထဲမှာပဲ ထယ်မှောက်မြုပ်ပစ်ပေးရန် လိုအပ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးမြေများသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထိန်းသိမ်းပေးနိုင်သော ကာဗွန်လက်ခံအရင်းအမြစ်ဖြစ်သည်။

၃။ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်‌ပေါ်မလာအောင် တားဆီးခြင်း

ဓာတ်မြေသြဇာစက်ရုံများ၌ ဓာတ်မြေသြဇာထုတ်လုပ်ခြင်း၊ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ခြင်း၊ မြေကို ပြုပြင်ဆောင်ရွက်ခြင်း၊ သီးနှံပင်ကြွင်းပင်ကျန်စီမံခန့်ခွဲခြင်းနှင့် ရေသွင်းခြင်းနည်းလမ်းများသည် ဖန်လုံအိမ်ဓာတ်ငွေ့အဓိကထွက်စေသည့် အကြောင်းအရင်းများဖြစ်သည်။ ထိုသို့ဆိုလျှင် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မလာအောင် သဘာဝဓာတ်ငွေ့လောင်စာဆီသုံးစွမ်းအင်ကဏ္ဍအစား စွမ်းအင်လောင်စာထွက်နိုင်သော အပင်အမျိုးအစားများ၊ နှစ်ရှည်ပင်များ၊ သီးနှံပင်ကြွင်းပင်ကျန်များကို အသုံးပြု၍ စွမ်းအင်ကဏ္ဍကို ပြောင်းလဲပေးရမည် ဖြစ်သည်။ သို့မှသာ စိုက်ပျိုးရေးသွင်းအားစုများကို ထုတ်လုပ်ရန်အတွက် သဘာဝဓာတ်ငွေ့လောင်စာဆီသုံးခြင်းအားဖြင့် ထွက်‌ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့ကို တားဆီးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် စိုက်ပျိုးရေးစနစ်စီမံခန့်ခွဲသည့် နည်းလမ်းများဖြင့် (မထွန်မယက်စိုက်ပျိုးနည်းစနစ်၊ အနည်းဆုံးထွန်ယက်စိုက်ပျိုးနည်းစနစ်၊ ဓာတုစိုက်ပျိုးဆေးဝါးများလျှော့ချအသုံးပြုခြင်းအားဖြင့် သဘာဝ ဓာတ်ငွေ့လောင်စာဆီသုံးကို လျှော့ချနိုင်ခြင်း) ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မလာအောင် လုပ်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်