၁။ မူရင်းဒေသ
အာရှနှင့် အာရှမိုင်းနား ဖြစ်သည်။ မြန်မာအမည် - စပျစ်၊ အင်္ဂလိပ်အမည် - Grape ၂။ စပျစ်မျိုးများ စပျစ်ကို မျိုးခွဲရာတွင် - (က) အသီးပုံသဏ္ဍာန်ကိုလိုက်၍လည်းကောင်း၊ (ခ) ဒေသပေါ်မူတည်၍လည်းကောင်း (ဂ) လူတို့အသုံးပြုမှုပေါ်မူတည်၍လည်းကောင်း အမျိုးမျိုးခွဲခြားပါသည်။
(က) အသီးပုံသဏ္ဍာန်ပေါ်မူတည်ပြီး (၂) မျိုးခွဲခြားထားပါသည်။
(၁) သီးချွန် နှင့်
(၂) သီးဝိုင်း ဟူ၍ဖြစ်ပါသည်။
(ခ) ဒေသေပေါ်မူတည်ပြီး (၂) မျိုး ခွဲခြားထားပါသည်။
(၁) ပြည်တွင်းမျိုးမှာ ရွှေနီစပျစ်
(၂) ပြည်ပမျိုးမှာ အီတလီ။ သီးချွန်
(ဂ) လူတို့ငသုံးပြုမှုပေါ်မူတည်ပြီး (၃) မျိုးခွဲခြားထားပါသည်။
(၁) စားစပျစ်မျိုး (Table type)
(၂) ဝိုင်စပျစ်မျိုး (Wine type)
(၃) သီးခြောက် စပျစ်မျိုး (Rasisin type)
၃။ စိုက်ပျိုးသည့်ဒေသ
မြန်မာနိုင်ငံတွင် စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့နယ်များတွင် အများအပြားစိုက်ပျိုးလျက်ရှိပါသည်။ မြန်မာပြည်အလယ်ပိုင်း ဒေသများတွင် ရေကို လိုအပ်သလို ပေးသွင်းနိုင်ပါက အကျိုးဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ပါသည်။
၄။ ရာသီဥတုအခြေအနေ
စပျစ်သည် အပူအအေးကို များစွာဂရုမပြုချေ။ တစ်နှစ်တွင် မိုးရေချိန်လက်မ ၄၀ ထက်မပိုပဲ ရွာသွန်းသည့် ဒေသများတွင် အကျိုးဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် သီးပွင့်ချိန်တွင် မိုးရွာခြင်း၊ ဆီးနှင်းကျခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်းတို့ရှိလျှင် ပိုးမွှားရောဂါ ကျရောက်မှုများစေပြီး အပင်၊ အပွင့်၊ အသီးများကို ပျက်စီးစေပါ သည်။ စိုထိုင်းဆ (၇၀) ရာခိုင်နှုန်းထက်များပါက မစိုက်ပျိုးသင့်ပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၄၅၀၀) အမြင့်ထိ စိုက်ပျိုးနိုင်ပါသည်။
၅။ မြေအမျိုးအစား
စိမ့်စွဲနေသောမြေ၊ ဆားငန်မြေမှအပ မြေမရွေးစိုက်ပျိုးနိုင်ပါသည်။ အောက်မြေလွှာသည် သဲ၊ ကျောက်စရစ်၊ ထုံးကျောက် တစ်ခုခုရှိပြီး အပေါ်ယံမြေသားထူးသော သဲနုန်းမြေမျိုးသည် စပျစ်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်၍ အပင်ကြီးထွားမှုမြန်ခြင်း၊ အသီးမြန်ခြင်း၊ အသီးတွင် အချိုဓာတ်များခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါ သည်။
မြေချဉ်ငန်ဓာတ်အနေဖြင့် PH ၅ - ၈ အထိ စပျစ်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
၆။ စိုက်ပျိုးနည်းစနစ်များ
စပျစ်စိုက်ပျိုးရာတွင် အကြမ်းအားဖြင့် ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဍာန်စိုက်နည်း၊ ကြိုတန်းတင် စိုက်နည်း နှင့် စင်တင်စိုက်နည်း ဟူ၍ (၄) မျိုးရှိသည်။
(က) ပင်ထောင်စိုက်နည်း
များစွာကြီးထွားခြင်းမရှိသော စပျစ်မျိုးများကိုသာ စိုက်ပျိုးသည်။ စပျစ်ပင်များကို တစ်တန်းနှင့်တစ်တန်း (၃ - ၁၀) ပေအထိလည်းကောင်း၊ တစ်ပင်နှင့်တစ်ပင် (၃ - ၁၀) အထိလည်းကောင်း ခွာပြီး မျိုးကိုလိုက်၍ စိုက်ပျိုးကြပါသည်။ စပျစ်ပင်အမြင့် (၅) ပေခန့်ရှိလျှင် တစ်ပင်ကို တိုင်တစ်တိုင်စီထူ၍ ကပ်ပြီးချည်ထားရသည်။
(ခ) ချုံပုတ်သဏ္ဍာန်စိုက်နည်း
ကောင်းစွာကြီးထွားခြင်းမရှိသော စပျစ်မျိုးများကိုသာ အသုံးပြုသည်။ စပျစ်ပင်များကို တစ်တန်းနှင့်တစ်တန်း၊ တစ်ပင်နှင့်တစ်ပင် မျိုးကိုလိုက်၍ (၃ - ၁၀) ပေအထိထားပြီး စိုက်သည်။ အပင်ငယ်စဉ်တွင် တိုင်ထောင်ပေးရပြီး ပင်စည်များတုတ်လာလျှင် တိုင်များကို ဖယ်ထုတ်ပေးရသည်။
(ဂ) ကြိုးတန်းတင်စိုက်နည်း
ကြိုးတန်းတင်စိုက်နည်းတွင် လေးကိုင်းတန်းတင်စနစ်၊ သုံးကိုင်းတန်းတင်စနစ်နှင့် ယပ်တောင်သဏ္ဍာန် တန်းတင်စနစ်ဟူ၍ (၃) မျိုးရှိပါသည်။
စပျစ်မျိုးများ၏ ကြီးထွားမှုကိုလိုက်၍ အတန်းကြား (၃) ပေ (၁၂) ပေအထိလည်းကောင်း စိုက်ပြီး တိုင်များကို ပေ (၃၀) တွင် တစ်တိုင်စီစိုက်၍ သွပ်ကြိုးတန်းကို တစ်တန်း၊ နှစ်တန်း စသည်ဖြင့် တန်းပြီး စပျစ်ကိုင်းများကို သွပ်ကြိုးတန်းပေါ်တင်၍ စိုက်နည်းများဖြစ်ပါသည်။
(ဃ) စင်တင်စိုက်ပျိုးနည်း
စပျစ်ပင်များကို ဘူးစင်ကဲ့သို့ စင်ထိုးပေးပြီး စပျစ်ကိုင်းများကိုတင်စိုက်သောနည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းဖြင့် အောင်မြင်စွာ စိုက်ပျိုးလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် လေးကိုင်းတန်းတင်စိုက်နည်းနှင့် စင်တင်စိုက်နည်းကို အသုံးပြုလျှက်ရှိသည်။
၇။ မြေပြင်ခြင်း
ရွေးချယ်ထားသော မြေနေရာကို တစ်ပေခန့်အနက်ရရှိအောင် ကောင်းစွာထွန်ယက်ပေး၊ မြေညှိပေးရပါသည်။ သစ်ရွက်စိမ်းမြေဩဇာအဖြစ် ပဲတစ်နှစ်စိုက်ပြီးမှ စပျစ်ပင်များစိုက်ပျိုးလျှင် ပိုကောင်းသည်။
လေးကိုင်းတန်းတင်စနစ်အရ စပျစ်ပင်များသည် တစ်ပင်နှင့်တစ်ပင် ၆ ပေခြားပြီး သွပ်ကြိုးတန်းထိန်းမည့် တိုင်များမှာ တစ်တိုင်နှင့် တစ်တိုင် ပေ ၃၀ ခြား မည်။ တစ်တန်းနှင့်တစ်တန်း ၁၂ ပေခြားရမည်။ စိုက်ကွက်များဖော်ရာ နောင်တွင်ရှင်းလင်းလွယ်ကူစွာဝင်နိုင်ရန် အခင်းပတ်လည်တွင် ၁၀ ပေခန့် အကျယ်ရှိသော မြေကွက်များချန်ထားရန် လိုအပ်ပါသည်။ ၃ ပေပတ်လည်ရှိသော စိုက်ကျင်းများတူးရသည်။ စပျစါကျင်း တစ်ကျင်းလျှင် အရိုးမှုန့်မြေဩဇာ ၄ ပြီ နှင့် ပြာ ၄ ပြီခန့်ထည့်ပေးပါက ပိုကောင်းသည်။ မြေစေးလွန်းပါက သဲနုန်းမြေ (သို့) သံမြေများကို တစ်ကျင်းလျှင် ၂ တင်းခန့် ရောစပ်ထည့်ပေးရပါမည်။
ပျိုးပင် မြေချစိုက်ရာတွင် အမြစ်များနေသားတကျ ဖြန့်ကားပြီးမှ မြေပြန်ဖို့ပေးပါ။ ၁ နှစ်သားအရွယ်တွင် ပျိုးပင်သည် မြေချစိုက်ရန်အကောင်းဆုံးဖြစ်သည်။
၈။ အပင်ပြုစုနည်း
စပျစ်ပင်များကို ချ ဖျက်ဆီးပါက မြေအောင်းပိုးသတ်ဆေး တစ်မျိုးမျိုး (ဥပမာ - ဖျူရာဒါန်) ထည့်ပြီး မြေပြန်ဖုံးပေးပါ။ ပင်ခြေတွင် ပေါင်းလိုက်ပါ။ အပင်ငယ်ချစိုက်ပြီး (၁၀) ရက်အတွင်း သစ်ဖူးထွက်ပြီး တစ်လအတွင်း ကိုင်းတက်လေးများ ဖြာလာသည်။ မဖြတ်တောက်ပဲ မွေးယူပါ။ အသန်မာဆုံး၊ အထွားကျိုင်းဆုံး ကိုင်းတက်တစ်တက်ချန်ပြီး ကျန်ကိုင်းတက်များအားလုံး ဖြတ်တောက်ဖယ်ရှားပစ်ပါ။
(၁) သွပ်ကြိုးတန်းခြင်း။ ။ တိုင်များစိုက်ပြီးပါက သွပ်ကြိုးများကို မြေမှ (၂) ပေခွဲ အကွာတွင် ပထမတန်း (အောက်သွပ်ကြိုးတန်း) ကိုလည်းကောင်း၊ (၄) ပေခွဲအကွာတွင် ဒုတိယတန်း (အပေါ်သွပ်ကြိုးတန်း) ကိုလည်းကောင်း သွယ်တန်းပါ။
ကိုင်းတစ်ကိုင်းထဲကိုသာ မွေးယူခဲ့သော စပျစ်ပင်ငယ်များကို ပထမသွပ်ကြိုးတန်းအထက် (၃) လက်မအကွာတွင် ကတ်ကြေးထက်ထက်ဖြင့် ဖြတ်တောက်ပြီး ခေါင်နှိမ်ပေးရမည်။
(၂) စပျစ်ကိုင်းများပြုပြင်ပေးခြင်း။ ။ နောက် (၁၅) ရက်ခန့်အကြာတွင် ထွက်ပေါ်လာသော ကိုင်းတက်များ အနက် အကြီးဆုံး (၃) တက်ကို ရွေးချယ်ပြီး ကျန်ကိုင်းတက်များဖြတ်တောက်ပါ။ ထိုကိုင်းတက် (၃) တက်အနက်မှ တစ်တက်ကို ဝါးခြမ်းထောင်၍ အထက်သွပ်ကြိုးတန်းပေါ်သို့ ဦးလွှတ်ပေးပါ။ ကိုင်းတက်နှစ်ခုကို ပင်စည်၏ လက်ဝဲနှင့် လက်ယာဘက်သို့ ဦးတည်စေလွှတ်ပြီး ပထမသွပ်ကြိုးတန်းပေါ်တင်ပေးပါ။ လျှော်ဖြင့် လျော့လျော့ချည်ပေးပါ။
ကိုင်းမကြီးအဖြစ်မွေးမည့် ကိုင်းပေါ်တွင် သားတက်လေးများ ထပ်မံထွက်ပေါ်လာပါက (၄) လက်မအကွာတွင် တစ်ကိုင်းကျစီ ရွေးချယ်၍ ကျန်အတက်များဖြတ်တောက်ဖယ်ရှားပေးပါ။
ဧပြီ (မိုးဦး) တွင် တစ်ကြိမ်၊ စက်တင်ဘာ (မိုးနှောင်း) တွင်တစ်ကြိမ် ကိုင်းဖြတ်ပေးရသည်။ မိုးဦးကိုင်းဖြတ်ရာ တွင် ကိုင်းမကြီး (၄) ကိုင်းပေါ်တွင် မွေးယူထားသော သီးကိုင်းများကို အခြေမှ တစ်ဆစ်သာကျန်၍ ကတ်ကြေးထက်ထက်ဖြင့် ဖြတ်တောက်ပေးရပါသည်။ နောက်ထပ်မွေးယူမည့် သီးကိုင်းငုတ်တိုများ ဖြစ်ပါသည်။
မိုးနှောင်းကိုင်းချန်ပြီးနောက် ရက် (၂၀) ခန့်ကြာလျှင် ပွင့်ဖူးများ ထွက်လာသည်။ နောက် ရက် (၂၀) ကြာလျှင် အပွင့်များ ပွင့်လာသည်။ စပျစ်တစ်ကိုင်းမှ သီးခိုင် ၁ - ၂ ခိုင်ကို ချန်လှပ်ထားပြီး ကျန်သီးခိုင်များကို ဖြတ်တောက်ပေးရသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်