အမေရိကားမှာ လူဖြူမဟုတ်သူများ ပိုးသတ်ဆေးဒဏ် ပိုခံနေရ

20/04/2022 16:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အမေရိကန်ပြည်ထောင်စုမှာ လူဖြူမဟုတ်သူတွေနဲ့ ဝင်ငွေနိမ့်ပါးတဲ့ လူ့အသိုင်းအဝိုင်းတွေဟာ ပိုးသတ်ဆေးထိတွေ့မှုအန္တရာယ်ကို အချိုးအစားမမျှတစွာ ရင်ဆိုင်နေကြရတယ်လို့ လေ့လာမှုသစ်တစ်ခုက ဖော်ထုတ်တင်ပြလိုက်ပါတယ်။

အမေရိကားမှာ အကြမ်းဖျင်းအားဖြင့် ၉၀ ရာခိုင်နှုန်းသော ပိုးသတ်ဆေးတွေကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ သုံးစွဲနေပြီး လက်တင်အမေရိကလူမျိုး ၈၃ ရာခိုင်နှုန်း ပါဝင်တဲ့ အမေရိကန်လယ်လုပ်သားသားထုဟာ ဓာတုဆေးဝါးအန္တရာယ် မလွှဲမရှောင်သာ ရင်ဆိုင်နေရပါတယ်။

"ဒီလုပ်သားတွေဟာ ပစ်စလက်ခတ် စေခိုင်းအသုံးပြုစရာလို့ ရှုမြင်ခံထားရသူတွေပါ။ လုပ်ငန်းတစ်ခွင်လုံးမှာ အောက်ခြေလူတန်းစားတွေပဲ လုပ်ရစေအောင် စနစ်တကျ ဥပက္ခောပြုထားတာနဲ့ သူတို့တွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် တန်းတူ အလေးထားဆောင်ရွက်မပေးတာတွေကို ယခုလေ့လာချက်က မီးမောင်းထိုးပြထားပါတယ်" လို့ သုတေသန ပူးတွဲရေးသားသူလည်းဖြစ်၊ တက္ကဆပ်တောင်ပိုင်းတက္ကသိုလ်၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာတရားမျှတရေးဌာနရဲ့ ဒါရိုက်တာလည်းဖြစ်သူ ရောဘတ်ဘူးလတ်က ပြောပါတယ်။

ဒီလေ့လာမှုမှာ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) နဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (EPA) တို့ဆီက ရရှိတဲ့ ဒေတာအချက်အလက်တွေအပြင် ရှိရင်းစွဲ ပိုးသတ်ဆေးသုတေသနတွေ့ရှိချက်တွေကို ဆန်းစစ်ခဲ့ပြီး စနစ်ကြောင့်ဖြစ်တဲ့ မတရားမှုတွေ၊ စည်းမျဉ်းဥပဒေ ကွာဟချက်တွေနဲ့ လယ်လုပ်သားကာကွယ်ရေးအားနည်းမှုတွေကြောင့် လူဖြူမဟုတ်သူတွေဟာ ပိုးသတ်ဆေးထိတွေ့မှုကို အချိုးအစားမမျှတစွာ ကြုံတွေ့နေရတာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အန္တရာယ်မြင့် ပိုးသတ်ဆေး ၁၄ မျိုးအနက် ၁၂ မျိုးရဲ့ ဓာတ်ကြွင်းပါဝင်မှုတွေကို နှစ်ပေါင်း ၂၀ ခန့် စောင့်ကြည့်လေ့လာခဲ့ရာမှာ လူမည်းနဲ့ မက္ကဆီကန်အမေရိကန်တွေရဲ့ သွေးနဲ့ ဆီးအတွင်း တွေ့ရှိမှုဟာ အမေရိကန်လူဖြူတွေမှာ တွေ့ရှိတာထက် ငါးဆလောက်အထိ ပိုများနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

EPA အဖွဲ့က ပြဋ္ဌာန်းထားတဲ့  ပိုးသတ်ဆေးဆိုင်ရာ ဘေးကင်းလုံခြုံရေးဥပဒေတွေထဲမှာ အစားအသောက်ကတစ်ဆင့် စားသုံးသူတွေ ပိုးသတ်ဆေးအထိအတွေ့နည်းအောင် စံချိန်စံညွှန်းတွေ ချမှတ်ထားပေမဲ့ လယ်လုပ်သားတွေ လုပ်ငန်းခွင်အတွင်း ပိုးသတ်ဆေးထိတွေ့မှုအပေါ် အကာအကွယ်ပေးဖို့တော့ ပျက်ကွက်နေပါတယ်။ 

"ကျင့်သုံးနေတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ လက်ရှိအခြေအနေကို မြဲမြံစေလျက်ရှိပါတယ်" လို့ သုတေသနအစီရင်ခံစာ ပူးတွဲရေးသားခဲ့သူ နေသန်ဒွန်လေးက ပြောပါတယ်။

ဖလော်ရီဒါပြည်နယ်၊ လယ်လုပ်သားအသင်းရဲ့ ပိုးသတ်ဆေးဘေးကင်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းညှိနှိုင်းရေးမှူး ဂျင်နီအီကိုနိုမော့စ်က "ကျွန်တော်တို့ ဒီပိုးသတ်ဆေးတွေကို စွန့်လွှတ်ပြီး အခြားအစားထိုးစရာတွေ ရှာဖွေသင့်ပြီ။ ဒီဆေးဝါးတွေဟာ လယ်လုပ်သားတွေကိုတင် အဆိပ်သင့်စေရုံမကပါဘူး။ မြေအောက်ရေနဲ့ လူ့အစားအစာတွေအတွင်းပါ ရောက်နေပြီး မြေဆီသြဇာတွေကိုလည်း ဆုတ်ယုတ်စေလျက်ရှိပါတယ်" လို့ ပြောပါတယ်။

အနွမ်းပါးဆုံး လူ့အဖွဲ့အစည်းတွေမှာတော့ ပိုသတ်ဆေးစက်ရုံတွေအနီး နေထိုင်ကြရတာနဲ့ လူနေအိမ်ရာအတွင်း ပိုးသတ်ဆေးအသုံးများတာတွေကြောင့် လုပ်ငန်းခွင်မှာရော နေအိမ်မှာပါ ပိုးသတ်ဆေးထိတွေ့မှု အဆမတန် မြင့်မားနေပါတယ်။

ကယ်လီဖိုးနီးယား၊ လူစီယားနား၊ ဂျော်ဂျီယာ၊ တောင်ကယ်လီဖိုးနီးယား၊ တင်နက်ဆီ၊ အာကန်ဆပ်နဲ့ မစ်ဆိုရီပြည်နယ်တွေမှာ ဒေသလူဦးရေရဲ့ ၃၈ ရာခိုင်နှုန်းလောက်က လူဖြူမဟုတ်သူတွေ ဖြစ်ကြပါတယ်။ အဲဒီပြည်နယ်တွေအတွင်း ပိုးသတ်ဆေးစက်ရုံ ၃၁ ရုံရှိနေပြီး စက်ရုံတွေအနီး နေထိုင်ကြရသူတွေအနက် လူဖြူမဟုတ်သူ ၆၃ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ဒါ့အပြင် ကြွက်နဲ့ ပိုးဟပ်နှိမ်နင်းဖို့ ပိုးသတ်ဆေး သုံးစွဲမှုမှာလည်း ဝင်ငွေနိမ့်ပါးသူတွေနေထိုင်တဲ့ အိမ်ရာအဆောက်အအုံတွေထဲမှာ ပိုမိုမြင့်မားနေကြောင်း လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ အဆောက်အအုံတွေ အိုဟောင်းလွန်းခြင်း၊ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းနဲ့ လူနေသိပ်သည်းခြင်းတို့က ပိုးသတ်ဆေး အသုံးများစေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ်မှာဆိုရင် ဝင်ငွေနိမ့်ပြည်သူတွေ နေထိုင်တဲ့ အိမ်ရာတွေထဲက ၈၀ ရာခိုင်နှုန်းဟာ ပိုးသတ်ဆေးကို အမြဲလိုလို အသုံးပြုလေ့ရှိတယ်လို့ ၂၀၀၂ ခုနှစ် လေ့လာမှုတစ်ခုက ဆိုပါတယ်။ နယူးယောက်စီးတီးမှာ ရှိတဲ့ အာဖရိကန်အမေရိကန်နဲ့ ဒိုမီနီကန်လူမျိုး ကိုယ်ဝန်ဆောင် မိခင် ၃၀ ရာခိုင်နှုန်းမှာ ပိုးသတ်ဆေးဓာတ်ကြွင်း အနည်းဆုံး ၈ မျိုးလောက် တွေ့ရှိခဲ့တယ်လို့ အခြားလေ့လာမှုတစ်ခုက ဆိုပါတယ်။

ပိုးသတ်ဆေးထိတွေ့မှုဟာ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးရေးအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်စေပြီး လေ့လာသင်ယူနိုင်စွမ်းနည်းခြင်းနဲ့ အမူအကျင့်ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

နိုဝင်ဘာလထဲမှာ အထက်လွှတ်တော်အမတ် ကိုရီဘွတ်ကာက အမေရိကန်ကလေးသူငယ်တွေကို ပိုးသတ်ဆေးဘေးရန်ကနေ အကာအကွယ်ပေးအပ်ရေးဥပဒေတစ်ခု တင်သွင်းခဲ့ပြီး ဥပဒေထဲမှာ အန္တရာယ်အဖြစ်စေဆုံး ပိုးသတ်ဆေးတွေကို ပိတ်ပင်ဖို့လည်း ပါဝင်ခဲ့ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ အပါအဝင် ပိုးသတ်ဆေး အသုံးပြုရတဲ့ အဖွဲ့အစည်းပေါင်း ၃၅၀ ကျော်က လွှတ်တော်ကို စာပေးပို့ပြီး အဆိုပါဥပဒေမူကြမ်းကို ကန့်ကွက်ခဲ့ကြပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: People of color more likely to be harmed by pesticides, study finds - The Guardian

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်