ခရမ်းကစော့သီးကို မြန်မာ့ထမင်းဝိုင်းတွင် အတို့အမြှုပ်အနေဖြင့်စားကြသလို ဟင်းချက်၍လည်း စားကြပါသည်။
မြန်မာ့ဆေးကျမ်းအလိုအရ ခရမ်းကစော့မှာ ခါး၏။ ပူ၏။ စပ်၏။ ကြေညက်စေ၏။ ပိုးကိုနိုင်၏။သလိပ်နှင့် လေဒေါသကို နိုင်၏။ ယားနာပျောက်ကင်းစေ၏။ ခံတွင်းပျက်ခြင်းနှင့် အဖျား၊ ပန်းနာ၊ ထိုးအောင့်၊ နှလုံးရောဂါ၊ ပျို့အန်တို့ကိုနိုင်၏။ ခရမ်းကစော့ပင် ဆေးဘက်ဝင်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
သွားရောဂါ
သွားကိုက်နာကျင်ခြင်းနှင့် သွားပိုးထသောအခါ အမြစ်ကိုသွေး၍ သွား၌သိပ်ပေးပါ။ အမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးကိုရှူပေးပါ။
အဆိပ်သင့်
မြွေဆိပ်၊ ကင်းဆိပ်တို့ကို ကစော့ပင်၏ပဉ္စငါးပါးဖြင့် အသုံးပြုနိုင်ပါသည်။
အညှော်ခံ၊ ရေချိုးမှား
ကစော့ခါးသီး၊ နီပဆေးမြစ်၊ မဖေါက်ထုံး ဆတူရော၍ ကြိတ်ကာ ဆီးကင်းခန့်(ကလေးလူကြီး)တိုက်လို့ရပါသည်။ အလွန်ကောင်းသော ဆေးဖြစ်သည်။
နား၌ ပိုးကောင်ဝင်လျှင်
ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးငွေ့ခံကာ မုန်ညှင်းဆီနဲ့ရော၍ နားကြပ်ပေးပါ။
အညှော်ခံငန်းဆေးကြီး
ခရမ်းကစော့မြစ်ကို အမှုန့်ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့်တိုက်ပါ။
နှာခေါင်းသွေးလျှံ
အမြစ်ကို ဆန်ဆေးရည်နှင့်သွေးတိုက်ပါ။
မီးယပ်ဖြူဆင်း
ပဉ္စငါးပါးနုပ်နုပ်စဉ်း၍ လေးဆယ်ကျပ်သားကို ရေတစ်ပိဿာငါးဆယ်သားထည့်ပြီး ထက်ဝက်ခမ်းအောင်ကျိုပါ။ ပြီးလျှင် ပိတ်စသန့်သန့်နှင့် အရည်စစ်ယူ၍ အအေးခံပြီးလျှင် ပျားရည်တစ်ဆယ်သား ထည့်မွှေပြီး လက်ဖက်ရည်ပန်းကန်နှင့်ထက်ဝက်ခန့် တစ်နေ့နှစ်ကြိမ်တိုက်ပါ။ ဒိဋ္ဌပျောက်၏။
အပင်အမြင့်မှာ တစ်တောင်မှ သုံးတောင်ခန့်မြင့်၏။ ခရမ်းသီးပင်နှင့်တူ၏။ အကိုင်းအခက်များတွင် မာသော ဆူးများရှိ၏။ အရွက်မှာ တစ်လက်မမှ ခြောက်လက်မအထိရှည်၍ တစ်လက်မမှ လေးလက်မ အထိကျယ်၏။ အသီးတွင် အဖြူစက်ကလေးများရှိ၍ အသီးမှာ ဆီးဖြူသီးအငယ်စားခန့်ရှိ၏။