ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်

15/01/2021 12:45 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား

    ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအားစု (စပါးမျိုး၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လုပ်အားခ) စျေးကြီးခြင်း၊ လုပ်သားရှားပါးခြင်းနှင့် ပုံမှန်မဟုတ်သော ဖျက်ပိုးများ ကျရောက်ခြင်းသည် စပါးစိုက်ပျိုးသူတောင်သူများအတွက် စိုးရိမ်စရာများဖြစ်လာပါသည်။ စပါးရာသီတစ်လျှောက်လုံး အသုံးပြုခဲ့ရသည့် အချိန်၊ စွမ်းအား၊ ငွေတို့အတွက် အကျိုးရလဒ်အဖြစ် စပါးရိတ်ခါနီးဆဲဆဲ မိုးခြိမ်းသံကြားပြီး လျှပ်စီးများဝင်းကနဲလက်လာပြီဆိုပါက တောင်သူများ၏သောက ပိုမိုတိုးပွားလာရပါသည်။ ထို့အပြင် ရိတ်ခါနီးဆဲဆဲ စပါးခင်းမှာ ဖျက်ပိုးနှင့်ကြွက်ကျရောက်ပါက ပိုမိုဆိုးရွားဖွယ်ဖြစ်လာပါသည်။ 

    စပါးရိတ်ခါနီးဆဲဆဲအချိန်တွင် အချို့ဒေသများ (တောင်သာမြို့နယ်၊ ငါန်းဇွန် မြို့နယ်၊ ညောင်ဦးမြို့နယ်) တို့တွင် စပါးဖြုတ်ပိုးများ ကျရောက်နေကြောင်း ကြားသိရသောကြောင့် တောင်သူဦးကြီးများအတွက် အကူအညီရစေရန်အလို့ငှာ ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။  

   မြန်မာနိုင်ငံတွင် အဓိကကျရောက်လေ့ရှိသော စပါးဖြုတ်ပိုးအမျိုးအစား (၃) မျိုး ရှိပြီး ၄င်းတို့မှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ဖြုတ်ကျောဖြူတို့ဖြစ်ကြပါသည်။ အဆိုပါ ဖြုတ်ပိုး (၃) မျိုးအနက် ယခုကာလများတွင် စပါးခင်းကို အဓိကဖျက်ဆီးနေသော ဖြုတ်ပိုးမှာ ဖြုတ်ညိုနှင့် ဖြုတ်ကျောဖြူတို့ဖြစ်ကြပါသည်။ 

စီးပွားရေးအရအရေးကြီးပုံ

    ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များကစပြီး စပါးဖြုတ်ညိုသည် အာရှတစ်ဝန်းရှိ စပါး သီးနှံ၏ အဓိကဖျက်ပိုး တစ်မျိုးဖြစ်လာပါသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း တရုတ်၊ ဂျပန်၊  တောင်ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံ တို့တွင် စပါးဖြုတ်ညို ရုတ်တရက် အဆမတန်ကျရောက်ခြင်း (outbreak) ဖြစ်ပွားခဲ့ပြီး စပါးထုတ်လုပ်မှုကျဆင်းခဲ့ရပါသည်။ 

   ဖြုတ်ကျောဖြူ အဆမတန်ကျရောက်ခြင်းကို ၁၉၇၈ နှင့် ၁၉၈၅ ခုနှစ်အတွင်း ပါကစ္စတန်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် ဖြစ်ပွားခဲ့ပါသည်။ ဖြုတ်ကျောဖြူကြောင့် ဖြစ်သော စပါးအနက်စင်းပုဗိုင်းရပ်စ်ရောဂါသည် ၂၀၀၉ ခုနှစ်တွင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့တွင် ဆိုးဝါးစွာကျရောက်ခဲ့ပြီး စပါးအထွက်များစွာ ကျဆင်းခဲ့ရပါသည်။ 

စပါးဖြုတ်ပိုးများ၏ဝိသေသလက္ခဏာများ

    ဖြုတ်ညိုသည် ဥအရေအတွက် (၄) ဥမှ (၁၀) ဥအထိကို စပါးရွက်ပြားများ၏ ရွယ်လယ်ရိုးပေါ်တွင် အစုလိုက်အပြုံလိုက် အုပါသည်။ ဥအုပြီး ၄ − ၈ ရက်အကြာတွင် အကောင်ပေါက် လာကြသည်။ အရေခွံ ၄ − ၅ ကြိမ်လဲပြီး အကောင်ကြီးဖြစ်လာသည်။ အကောင်ကြီး အဆင့်တွင် အတောင်တိုနှင့် အတောင်ရှည်ဟူ၍ ပုံစံ (၂) မျိုးရှိပါသည်။

    ဖြုတ်ကျောဖြူသည် ဥများကို စပါးပင်စည်ထဲ (သို့မဟုတ်) ရွက်လယ်ရိုး တစ်လျှောက် အုသည်။ ပိုးမမည်သည် အဆင့် (၅) ဆင့် အရေခွံလဲရန် ၁၂ − ၁၈ ရက်ကြာသည်။ အရွယ်ရောက်ကောင်သည် ၂ − ၃ မီလီမီတာရှည်ပြီး ဦးခေါင်းနှင့်ရင်အုပ်ပိုင်းကို ဖုံးထားသော ကျောပေါ်ရှိ ဒိုင်းပုံအလယ်ဗဟိုတွင် အဖြူရောင်အစင်းကြောင်းနှင့်အတူ အညိုဖျော့ရောင်ရှိသော အကောင်ဖြစ်ပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

    စပါးဖြုတ်ညိုသည် စပါးပင်၏ ပင်ရည်ကို စုပ်ယူစားပြီး စပါးရွက်များ ခြောက်သွေ့၍ မီးလောင်ထားသကဲ့သို့ ဖြုတ်လောင်လက္ခဏာ (Hopper Burn) ကိုဖြစ်ပေါ်စေပြီး မြက်တူပင်တူရောဂါနှင့် စုတ်ပြတ်လိမ်တွန့်ဗိုင်းရပ်စ်ရောဂါများကို ကူးစက်စေပါသည်။ 

    ဖြုတ်ကျောဖြူသည်လည်း ပင်ရည်ကို စုပ်ယူစားပြီး စပါးရွက်များ ခြောက်သွေ့၍ မီးလောင်ထားသကဲ့သို့ ဖြုတ်လောင်လက္ခဏာ (Hopper Burn) ကိုဖြစ်ပေါ်စေပြီး စပါးအနက်စင်းပင်ပုဗိုင်းရပ်စ်ရောဂါကို ကူးစက်စေပါသည်။

ဖြုတ်ပိုးကျရောက်လေ့ရှိသောအခြေအနေများ

    မိုးကောင်းသောက်လယ်ရော ဆည်ရေသောက်လယ်များပါ ကျရောက်ဖျက်ဆီးလေ့ရှိကြပါသည်။ တိမ်ထူထပ်သောအခြေအနေ၊ နေ့အပူချိန်နှင့် လေထုစိုထိုင်းဆမြင့်မားခြင်း၊ စပါးခင်းတွင် စိုထိုင်းဆများခြင်း၊ ယူရီးယားမြေသြဇာသုံးစွဲမှုများခြင်း၊ အရိပ်ကျပြီး လေဝင်လေထွက်မကောင်းခြင်း၊ မိုးများခြင်း/ရေများခြင်း၊ စပါးခင်းထဲတွင် အရိပ်ထူပြီး စိုထိုင်းစရှိခြင်းတို့သည် စပါးဖြုတ်ညိုကို အတွေ့ရများစေပါသည်။ အထူးသဖြင့် စပါးပင်ခြေ၊ ရေနှင့်ထိစပ်သောနေရာတွင် အတွေ့ရများပါသည်။ အပူချိန် ၂၅ °C ဝန်းကျင်ရှိတွင် ဥမှအကောင်ပေါက်နှုန်းနှင့် ရှင်သန်နှုန်း အမြင့်ဆုံးဖြစ်သည်။ အပူချိန် ၂၈ °C မှ ၃၀ °C သည် အကောင်အရေအတွက် အများဆုံးကို ဖြစ်စေသည်။ စပါးပျိုးခင်းမှ အနှံသန္ဓေတည်စ အချိန်အထိ ကျရောက်ဖျက်ဆီးတတ်ပါသည်။ 

    ယခင်က သာမညဖျက်ပိုးဖြစ်သော ဖြုတ်ပိုးများမှ အဓိကဖျက်ပိုးများ ဖြစ်လာရခြင်း အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်း

    ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းနှင့် တလွဲသုံးခြင်းတို့သည် ဖြုတ်ညို၏ သဘာဝသားရဲကောင်များနှင့် ကပ်ပါးပိုးများကို ထိခိုက်စေပါသည်။ လယ်သမားအများစုသည် ရွက်လိပ်ပိုးကဲ့သို့သော စပါးရွက်စားပိုးများအား ကြိုတင်ကာကွယ်သည့်အနေဖြင့် စပါးပင် ကြီးထွားမှုအစောပိုင်းအဆင့်တွင် ဆိုက်ပါမက်သရင်းနှင့် အဘာမက်တင်ကဲ့သို့ ဘက်စုံသုံး (Broadspectrum) ပိုးသတ်ဆေးများအား ပုံမှန်ပက်ဖျန်းလေ့ရှိခြင်းကြောင့် ကပ်ပါးပိုးများနှင့် ပင့်ကူများအား သေစေပါသည်။ 

၂။ ယူရီးယားဓါတ်မြေသြဇာ အလွန်အကျွံသုံးစွဲခြင်း

   ယူရီးယားဓါတ်မြေသြဇာ အလွန်အကျွံသုံးစွဲခြင်းသည် စပါးတွင် ပရိုတိန်းဓါတ် မြင့်မားစေပြီး ဖြုတ်ပိုးများအတွက် အာဟာရရှိသောအစားအစာကို ဖြစ်ပေါ်စေပြီး ဖြုတ်ပိုးအရေအတွက်ကို တိုးပွားစေပါသည်။

၃။ စပါးအလွန်အကျွံစိုက်ပျိုးခြင်း

    စပါးကိုတစ်သီးစားမှ နှစ်သီးစား (သို့မဟုတ်) သုံးသီးစားစိုက်ပျိုးခြင်း၊ စပါးတစ်ရာသီနှင့် တစ်ရာသီအကြား ပလပ်ချိန်ကာလတိုတောင်းခြင်း၊ စပါးမဟုတ်သောသီးနှံများ မရှိခြင်းနှင့် စပါးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း မစိုက်ပျိုးခြင်းသည် ဖြုတ်ပိုးများအတွက် အစားအစာမပြတ်ရရှိစေကာ ဖြုတ်ပိုးအရေအတွက်များပြားခြင်းကို ဖြစ်စေပါသည်။ 

၄။ လိုက်လျောညီထွေနေထိုင်တတ်သော စွမ်းရည်ရှိခြင်း

    ဖြုတ်ပိုးများသည် ခံနိုင်ရည်နည်းသော စပါးမျိုးများ အထူးသဖြင့် ဖြုတ်ပိုး အရေအတွက်များပြားသောနေရာနှင့် စပါးမျိုးတစ်မျိုးတည်းကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသောအခါ လျင်မြန်စွာပွားများလာကြပါသည်။ ထို့အပြင် ဖြုတ်ပိုးများသည် ပိုးသတ်ဆေးခံနိုင်ရည်ရှိမှု (ပိုးသတ်ဆေးယဉ်ပါးမှု) လျှင်မြန်စွာ ဖွံ့ဖြိုးလာကြပြီဖြစ်သည်။

ဘက်စုံကာကွယ်နှိမ်နင်းနည်းဖြင့်ကာကွယ်ခြင်း

၁။ စိုက်ပျိုးနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း

  • သက်လျင် (သက်တမ်းတို) စပါးမျိုးကိုစိုက်ပျိုးပါ။ 
  • (၂) နှစ်ကျော် စိုက်ပျိုးပြီး စပါးမျိုးများကို မျိုးလဲစိုက်ပျိုးပါ။
  • ဖြစ်နိုင်သမျှ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စိုက်ပါ။  (စိုက်ချိန်ကွာဟရက်  ၂ − ၃ ပတ်ထက် မပိုပါစေနှင့်) 
  • အပင်စိပ်စိပ်စိုက်ခြင်းကို ရှောင်ကြဉ်ပါ။ 
  • ဧရိယာအကျယ်ကြီးတွင် စပါးမျိုးတစ်မျိုးတည်းစိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။
  • လက်ခံပင်ပေါင်းမြက်များ (ဝမ်းဘဲစာ၊ မြက်မုံညင်း) ကို ဖယ်ရှားပါ။
  • စပါးမဟုတ်သော အခြားသီးနှံဖြင့် သီးလှည့်စိုက်ပါ။ (စပါးပြီးစပါးထပ်မစိုက်ပါနှင့်)
  • ဖြစ်နိုင်သမျှ အချိန်တိုင်း၊ နေရာတိုင်းတွင် သီးနှံစုံစိုက်ပျိုးပါ။
  • စပါးပင်စည်ပေါ်နှင့် ရေမျက်နှာပြင်ပေါ်တွင် ဖြုတ်ပိုးရှိမရှိ စပါးပျိုးခင်းကို နေ့စဉ်၊ စပါးခင်းကို အပတ်စဉ် ရှာဖွေပါ။
  • ပျိုးဘောင် သို့မဟုတ် တိုက်ရိုက်အစေ့ချစပါးခင်း၏ ဘေးဖက်ကို စစ်ဆေးပါ။
  • ရွှေ့ပြောင်းစိုက်ပျိုးသောစပါးခင်းအတွက် စပါးခင်းကို ထောင့်ဖြတ်သွားပြီး စပါးပင်မြုံ ၁၀ − ၂၀ မြုံ၏ အပင်ခြေများကိုကြည့်ပြီးစစ်ဆေးပါ။
  • စပါးခင်းတွင် (၆) ပေအကွာတိုင်း လေကြောင်း (၈) လက်မခန့်ခွဲပေးပါ။
  • တစ်ဧကလျှင် လျှပ်စစ်မီးလုံး သို့မဟုတ် ရေနံဆီမီးအိမ်ကဲ့သို့  အလင်းရောင် ထောင်ချောက် (၅) ခုကို နံရံဖျော့အနီးနှင့် ရေမျက်နှာပြင်ပေါ်တွင် ထားသုံးပါ။  (စပါးပျိုးခင်းနှင့် စပါးခင်းအနီးတွင် အလင်းရောင်ထောင်ချောက်များ မထားရပါ) 
  • တစ်ဧကလျှင် အဝါရောင်ကော်ထောင်ချောက် (၂၀) ခုနှုန်း အသုံးပြုပါ။ 
  • အစောပိုင်း ဖြုတ်ပိုးကျရောက်စဉ်ကာလအတွင်း စပါးခင်းထဲကရေကို (၃ − ၄) ရက် ထုတ်ပေးပါ။
  • စပါးခင်းကို စိုတစ်လှည့် ခြောက်တစ်လှည့်လုပ်ပေးပါ။ 
  • အပင်ခြေကို ရေခိုးရေငွေ့နည်းအောင်ပြုလုပ်ပါ။
  • ယူရီးယားမြေသြဇာကို (၂ − ၃) ကြိမ်ခွဲကျွေးပြီး ပိုတက်ရှ်မြေသြဇာကို မဖြစ်မနေသုံးစွဲပါ။
  • စပါးခင်းနှင့် ကန်သင်းပေါ်တွင် သဘာဝသားရဲကောင်များကို ဆွဲဆောင်ရန် အဖြူရောင်နှင့် အဝါရောင်ပွင့်သော ပန်းပင်များစိုက်ပျိုးပါ။ 
  • စပါးလမိုင်းမထားပါနှင့်။
  • ရိတ်သိမ်းပြီးစပါးခင်းကို ထယ်ထိုးပြီး ရိုးပြတ်များကိုဖယ်ရှားပါ။ 

၂။ ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း

    စပါးရွှေ့ပြောင်းစိုက်ပြီး ၃၈ − ၄၃ ရက်အတွင်း ဘဲများကို ဖြုတ်ပိုးကျနေသော စပါးခင်းထဲသို့ (၄) နာရီကြာ  ဘဲကျောင်းပေးပါ။

၃။ ဓါတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း

  • သဘာဝသားရဲကောင်များ မသေဆုံးစေရန် လိုအပ်မှသာ ဆေးဖျန်းပါ။
  • တတ်နိုင်သမျှ စပါးပင်ကြီးထွားမှုအစောပိုင်းအဆင့် (စိုက်ပြီး ရက် − ၄၀ အတွင်း) တွင် ဘက်စုံသုံးပိုးသတ်ဆေး (ဥပမာ − ဆိုက်ပါမက်သရင်း၊ ဒယ်လ်တာ မက်သရင်း၊ အဘာမက်တင်၊ ကလိုပိုင်ရီဖော့စ်) ပက်ဖျန်းခြင်းကို ရှောင်ကြဉ်ပါ။
  • စပါးပင်မြုံတစ်မြုံမှာ ဖြုတ်ညို ၃ − ၅ ကောင်တွေ့ပါက အောက်ပါ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
  • ပိုင်မီထရိုဇိုင်း (Pymetrozine)၊ ဒိုင်နိုတီဖျူရမ် (Dinotefuran)၊ အီသိုဖန်ပရော့ဇ် (Ethofenprox)၊ ဖစ်ပရိုနေးလ် (Fipronil)၊ အီသီပရိုးလ် (Ethiprol)၊ ဘူပရိုဖီဇင် (Buprofezin)၊ အဆီဖိတ် (Acephate)၊ ကာတက်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)၊ ထရိုင်ဖလူမီဇိုပိုင်ရင် (Triflumezopyrim)၊ ဘိုင်ဖီနိုမီသိုင်း ကာဘာမိတ်  (Bi Pheno Methyl Carbamate, BPMC)၊ တမာ ပိုးသတ်ဆေး (Azadirachtin)၊

    စပါးဖြုတ်ပိုးအများအပြားကျရောက်ခြင်းသည် စပါးစိုက်ဒေသရှိ ဂေဟစနစ်ယိုယွင်းခြင်းကြောင့် ဖြစ်ပါသည်။ ဂေဟစနစ်ယိုယွင်းရသည့် အကြောင်းရင်းတစ်ခုမှာ ပိုးသတ်ဆေး မဆင်မခြင်သုံးစွဲသောကြောင့် ဖြုတ်ပိုး၏ သဘာဝရန်သူများ သေဆုံးစေကာ ဖြုတ်ပိုးကို မထိန်းချုပ်နိုင်တော့သဖြင့် ဖြုတ်ညိုများ တိုးပွားလာရခြင်း ဖြစ်ပါသည်။ ထို့အပြင် ယူရီးယားမြေသြဇာ အလွန်အကျွံသုံးစွဲသဖြင့် ဖြုတ်ပိုးပွားများမှုကို အားပေးရာရောက်ပါသည်။ စပါးပြီးစပါး စိုက်ပျိုးခြင်းသည်လည်း စပါးဖြုတ်ပိုးများအတွက် အစားအစာမပြတ်ရရှိစေပြီး အကောင်ဦးရေတိုးပွားမှုကို ဖြစ်စေပါသည်။ 

    သို့ဖြစ်ပါ၍ တောင်သူဦးကြီးများအနေဖြင့် စပါးစိုက်ပြီး ရက် (၄၀) အတွင်း ကလိုပိုင်ရီဖော့စ်ကဲ့သို့ ဘက်စုံသုံးပိုးသတ်ဆေးကို မသုံးစွဲကြရန်၊ ဖြုတ်ပိုး၏ သဘာဝရန်သူများရှင်သန်ပွားများစေဖို့ အဝါရောင်နှင့် အဖြူရောင်ပန်းပင်များ စပါးခင်းအနီး စိုက်ပျိုးကြရန်၊ ယူရီးယားမြေသြဇာကို (၂ − ၃) ကြိမ်ခွဲကျွေးပြီး ပိုတက်ရှ်မြေသြဇာကို မဖြစ်မနေသုံးစွဲကြရန်၊ ဧရိယာအကျယ်ကြီးတွင် စပါးမျိုးတစ်မျိုးတည်းကို စိုက်ပျိုးခြင်းနှင့် တစ်နှစ်အတွင်း စပါးပြီးစပါးစိုက်ပျိုးခြင်းကို ရှောင်ကြဉ်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ကိုးကားချက်များ

၁။ http://books.irri.org/9711040220_content.pdf

၂။ http://www.pestnet.org/fact_sheets/v6/rice_brown_planthopper_064.htm

၃။ www.ppdmyanmar.org

၄။ https://www.plantwise.org/KnowledgeBank/factsheetforfarmer/20147801452

၅။ https://apps.lucidcentral.org/ppp/text/web_full/entities/rice_whitebacked_planthopper_423.htm

၆။ https://plantix.net/en/library/plant-diseases/600104/brown-planthopper

၇။ https://www.knowledgebank.irri.org/bioControl/module_3/09.htm

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်