မြေကြီးချဉ်ငန်ဓာတ် (pH) နှင့် စပါးပင် ကျန်းမာရေး

10/05/2022 11:30 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါခံနိုင်သော စပါးပင်ဖြစ်ဖို့အတွက် ရေ၊ နေရောင်ခြည်၊အာဟာရဓာတ် အရေးကြီးပါတယ်။

အာဟာရဓာတ် ပြည့်ဝစွာရရှိဖို့ရာ မြေဆီလွှာ pH ဟု ခေါ်သော မြေအချဥ်၊ အငန်ဓာတ် သင့်တင့်မျှတဖို့ လိုပါတယ်။

မြန်မာနိုင်ငံ စပါးစိုက် တောင်သူအများစုက မြေကြီး အချဉ် အငန် ပြုပြင်ဖို့ထက် အပင်စိုက်ပြီးမှ မြေသြဇာကျွေးဖို့သာ အားထည့်ကြတာ များပါတယ်။

ဒီလိုဆိုတော့ကော.. မိမိထည့်လိုက်သော မြေသြဇာတွေကို စပါးပင်က အပြည့်အဝ စားသုံးနိုင်ပါရဲ့လား?

ဓာတ်မြေသြဇာလည်း ကျွေးပါလျက် ဘာကြောင့် စပါးပင်တွေ မဖြစ်ထွန်းသလဲ ?

အမှန်တကယ်က မြေကြီးကို  အရင်စစ်ဆေးကြည့်ရပါမယ်။

အချဥ်၊ အငန်အာဟာရဓာတ် နည်းခြင်း၊ များခြင်းတို့ကို စပါးမစိုက်မီ ၃-၄ လ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။

စပါးအထွက်တိုးဖို့ လုပ်ဆောင်တဲ့ နေရာမှာ မြေဆီလွှာ ကောင်းမွန်မှန်ကန်ခြင်းဟာ အဓိက ဖြစ်ပါတယ်။

ကမ္ဘာမှာလည်း မြေဆီလွှာထိန်းသိမ်းရေး လုပ်ဆောင်ချက်အဖြစ် ဒီဇင်ဘာ(၅)ရက်နေ့ တိုင်း

(World soil day) ကမ္ဘာ့မြေဆီလွှာနေ့အဖြစ် သတ်မှတ်ပြီး နှစ်အလိုက် ဆောင်ပုဒ် ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။

မြေဆီလွှာကို ဘယ်လိုစစ်ဆေးမလဲ

၁။ မြေချဉ်ငန်တိုင်းကိရိယာ(pH meter)နဲ့ တိုင်းခြင်း

၂။ ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါနှင့် တိုင်းခြင်း

၃။ မြေကြီးနမူနာယူပြီး စိုက်ပျိုးရေးဦးစီးဌာန သို့မဟုတ် NGO အဖွဲ့များနှင့်ချိတ်ဆက်၍ တိုင်းတာစစ်ဆေးခြင်း။

ဘယ်လိုရာသီမှာ ဆောင်ရွက်သင့်သလဲ

မိုးဦးကျရာသီ၊ မိုးစပါးမစိုက်မီ ကြိုတင်လုပ်ဆောင်သင့်ပါတယ်။

မြေနမူနာယူရာတွင် သတိပြုရမည့်အချက်များ

- မတူညီသော မြေအမျိုးအစားများကို ရောပြီး မယူပါနှင့်။

- မြေကွက်တကွက်လုံးကို ကိုယ်စားပြုနိုင်ရန်နေရာ ၅ နေရာမှ မြေကြီးကို ရောနှောရယူပါ။

- အပေါ်ယံ ၈ လက်မရှိ မြေသားကို အမြစ်၊ အမှိုက်များ ဖယ်ထုတ်ပြီးရယူပါ။

- မြေသြဇာ ပက်ပြီးစ မြေကြီးကို မယူရပါ။

- မိုးများရွာသွန်းပြီးစ၊ ရေသွင်းပြီးစ မြေနမူနာကို မယူရပါ။

စပါးပင် ကောင်းစွာဖြစ်ထွန်းသော မြေကြီး pH မှာ ၆.၀ ဖြစ်ပါတယ်။

pH တန်ဘိုးမှာ ၀ မှ ၁၄ ထိရှိပြီး၊  pH-7 သည် အလယ်အလတ်ကိန်းဖြစ်ပါတယ်။

pH 7 ထက်နည်းရင် ချဥ်ပြီး pH 7 ထက်များရင် ငန်ပါတယ်။

 

pH နိမ့် (5.0 အောက်) လို့ မြေချဥ်လျှင် ဘာဖြစ်သလဲ

စပါးစိုက်မြေမှာ မြေချဥ်ရင် မြေဆောင်မှိုရောဂါ(Soilborne diseases ) တွေ ကျရောက်တတ်ပါတယ်။(fusarium root rot, rhyzotonia  sp..etc) စပါးရွက်ဖုံးပုပ်၊ ရွက်ဖုံးခြောက် ရောဂါများ ကျရောက်စေပါတယ်။

မှိုရောဂါ အတော်များများဟာ မြေငန်ထက် မြေချဥ်မှာ ပိုပြီး ကျရောက်လေ့ရှိပါတယ်။

မြေချဥ်တွေမှာ၊ သံဓာတ်၊ အလူမီနီယံဓာတ်တွေ အဆိပ်သင့်ပြီး စပါးပင်အမြစ်တွေပုပ်၊ စပါးပင်ရောဂါရတာတွေ ဖြစ်စေပါတယ်။

ဒီနေရာမှာ အလျဥ်းသင့်လို့ စာရေးသူ ကွင်းဆင်းဟောပြောခဲ့ဖူးသော ဧရာဝတီတိုင်း၊ ဘိုက လေးမြို့နယ်ထဲက ရွာတရွာမှာ စပါးအထွက်တိုးရေးနဲ့ပတ်သက်လို့ တောင်သူပညာပေး ဆွေးနွေးပွဲအကြောင်းတစ်ခု ပြောပြချင်ပါတယ်။

ဆွေးနွေးပွဲမှာ တောင်သူတယောက်က မေးခွန်းမေးပါတယ်။

"ဆရာခင်များ.. ပေါင်းသေအပင်ကောင်း မြေသြဇာတွေ သုံးဖန်များရင် စပါးပင်တွေ ရောဂါရနိုင်ပါသလားခင်ဗျာ...တဲ့။

အမှန်အတိုင်းဝန်ခံရရင်၊ ရုတ်တရက် မဖြေနိုင်ဘဲ တွေဝေသွားပါတယ်။

သေသေချာချာ မသိပဲနဲ့လည်း၊ ရမ်းသမ်း မဖြေချင်ပါ။

ဒါကြောင့်.. မေးတဲ့ တောင်သူကို ပြန်ပြီး မေးခွန်းပြန်ထုတ်ရပါတယ်။

ဘယ်လို ကြုံဖူးခဲ့လို့ ဒီမေးခွန်းကို  မေးတာလဲဗျာလို့..

ပြန်မေးလိုက်တော့မှ.. စာရေးသူ သဘောပေါက်ခဲ့ရပါတယ်။

သူပြောတာကတော့...

"ကျနော့်မှာ လယ် ၂ ကွက်ရှိပါတယ်။ ၁ ကွက်က နှစ်တိုင်း ပေါင်းမြက်မနိုင်အောင် ပေါက်လို့ ပေါင်းသေ ပင်ကောင်း( မြေဆီ+ ပေါင်းသတ်ဆေး)သုံးပါတယ်။

ကျန်တကွက်ကတော့ ပေါင်းလည်းသိပ်မပေါက်တော့ အဲဒီဟာ မသုံးဘူးဗျ။

၂ နှစ်ကြာလာတော့မှ သတိထားမိတာက ပေါင်းသေပင်ကောင်းသုံးတဲ့ စပါးခင်းမှာ အပင် ခြေ ခါးရိပြီး မှိုရောဂါဖြစ်တာတွေ့လို့ ဆရာကို ဒီ မေးခွန်း မေးရတာပါ..တဲ့”

ဟုတ်ပါတယ်..။

ဘိုကလေး၊ ကျိုက်လတ်ဒေသလို ရေသွင်း ရေထုတ် လိုသလိုလုပ်မရတဲ့အခါမျိုးမှာ ပေါင်းသတ်ဆေးသုံးမိရင် စပါးပင်တွေမှာ phyto toxic ဘေးထွက်ဆိုးကျိုးဖြစ်စေပါတယ်။

ဆိုလိုတာကတော့  အက်ဆစ်ပုံစံနဲ့ ဓာတုပစ္စည်းများဟာ ကြာလာရင် ဓာတ်ကြွင်းကျန်ရာမှ မြေချဥ်လာစေပါတတ်လို့ပါပဲ။

မြေချဥ်စေသော အကြောင်းများ

- ရေသွင်း၊ ရေထုတ်ခက်ပြီး စိမ့်စမ်းမြေဖြစ်ခြင်း။

- နိုက်ထရိုဂျင် မြေသြဇာ ကျွေးခြင်း။

- ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပေါင်းသေပင်ကောင်းဆေးများ နှစ်စဥ်အသုံးပြုခြင်း။

- သီးနှံတမျိုးတည်းကို နှစ်ရှည်ကြာစွာ ဆက်တိုက်စိုက်ပျိုးခြင်း။

- သဘာဝမြေသြဇာ အသုံးပြုမှု နည်းခြင်း။

 

မြေကြီးကို၊ဘယ်လိုပြုပြင်သင့်သလဲ

- pHတိုင်းကြည့်လို့ ၅ - ၅.၅ အထက်ရှိနေရင် ဖွဲပြာ၊ဒိုလိုမိုက် ထည့်ပါ။

- pH.၅.၀ ထက်နိမ့်နေပါက မဖောက်ထုံးထည့်ပါ။

- မြေပြင်ဖျန်း ပေါင်းသတ်ဆေးကဲ့သို့ ဓာတုဓာတ်ကြွင်းများ လျော့ပါးစေရန်၊ အီးအမ် ဘိုကာချီ၊ စူပါဘိုကာချီ စသဖြင့် အကျိုးပြုအဏုဇီဝများ အသုံးပြုပါ။

အထက်ဖော်ပြပါ လုပ်ဆောင်ချက်များ စနစ်တကျလိုက်နာ ဆောင်ရွက်မှသာ မိမိ အသုံးပြု သော ဓာတ်မြေသြဇာများကို စပါးပင်များ ကောင်းစွာစားသုံးနိုင်ပြီး ကျန်းမာဖွံ့ဖြိုး၊ အထွက်နှုန်း တိုးလာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

စေတနာများစွာဖြင့်..

ပျံလွှား(ပုလဲ)

 

မြေချဉ်ငန်ပြုပြင်ရေးနဲ့ပတ်သက်လို့ ဆရာဒို့ဦးလေးရဲ့ဆောင်းပါးကို ထပ်ဖတ်လိုတယ်ဆိုရင် အောက်ပါလင့်ကနေ ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Solving_Soil_pH_problems

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်