ပုံမှန်အားဖြင့်ဆိုရင် သူ့ကိုဘယ်လိုဖော်ပြကြလဲဆိုတော့ ပိုးကောင်ရေနဲ့ ဖော်ပြလေ့ရှိပါတယ်။
ဥပမာဆိုရင် ငရုတ်တစ်ပင်မှာ ပျကောင်ရေ (၂၀) ဒါကဥပမာပေးတာပါ။ ပျကျနေတယ်။ ကျပန်းကောက်လိုက်တယ်။ ငရုတ်ပင်တွေမှာ ပျတွေတွေ့တယ်။
ဘယ်လောက်တွေ့သလဲဆိုတာကို ပြန်ကြည့်ရမှာပါ။ ငရုတ်တစ်ပင်မှာ ပျကောင်ရေက ၁၀ ကောင်လောက်စီပဲဆိုရင် ဓာတုဆေးမလိုသေးပဲ တစ်ခြားနည်းတွေ နဲ့လုပ်လို့ရသေးတယ်။ သဘာဝအတိုင်းထားလိုက်လို့ရသေးတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အကောင် ၂၀ ရောက်လာပြီဆိုရင်တော့ ကောက်ယူဖျက်ဆီးတာမျိုး လုပ်ရပါတော့မယ်။
ဒါပေမဲ့ ဒီလို ယေဘျယျအခြေအနေက စိုက်ခင်းတိုင်းအတွက် မှန်ကန်နိုင်ပါ့မလား။ ရာသီဥတုတိုင်းနဲ့ ကိုက်ညီပါ့မလားဆိုတာကိုပြန်သုံးသပ်ကြည့်လိုက်ရင် အဖြေက သီးနှံတစ်ခုချင်းစီအတွက် ဖော်ပြချက်တွေ ပြုလုပ်ကြသလိုပေမဲ့ ဘယ်လိုမှ မတူနိုင်ပါဘူး။
ရေမြေဒေသ၊ ပိုးမွှားကျရောက်မှု အခြေအနေ၊ သီးနှံအရွယ်အစား သက်တမ်းနဲ့ အခြားသော အချက်အလက်တွေ များစွာကိုလေ့လာပြီးမှ သုံးသပ်ကြရတာဖြစ်ပါတယ်။
ဒါတွေက အပြင်လူတွေအတွက်ဆို ခက်ခဲမယ်လို့ ထင်ကြပေမဲ့ တောင်သူဦးကြီးတွေကိုယ်တိုင်ကိုက အလုပ်ရှုပ်တယ်လို့ တွေးကောင်းတွေးနေပေမဲ့ သီးနှံစိုက်ပျိုးတိုင်းမှာ ဆုံးဖြတ်ချက်ချတဲ့ သူတွေအနေနဲ့က မသိလိုက်လို့သာဖြစ်မှာပါ။ အမြဲကြုံပြီး ဒီလောက်ဆိုရင်တော့ ဆေးဖျန်းရတော့မယ်ဟ လို့ ဆုံးဖြတ်ပြီး ဆေးဝယ် ဆေးဖျန်းလိုက်ကြတာပါပဲ။
ဒါဆိုရင် မသေချာမရေရာတဲ့ ဂဏန်းတွေထက် ကိုယ်ကိုယ်တိုင် တွက်ကြည့်ကြမလားခင်ဗျာ။
အဲ့ဒါဆို လိုအပ်တဲ့အချက်တွေကို အရင်ဆုံး လိုက်ကြည့်ကြပါမယ်ခင်ဗျာ။
(၁) သီးနှံရဲ့ တန်ဖိုးကို သတ်မှတ်ကြည့်ပါမယ်။
စိုက်ထားတဲ့ အခင်းတစ်ခင်းလုံးကို ခန့်မှန်းတွက်ချက်ရမှာပါ။ အဲ့မှာ ပင်ကြားတန်းကြားနဲ့ သေချာစိုက်ထားတဲ့အခင်းဆိုရင် တွက်လို့ ပိုလွယ်မှာပါ။ အထွက်နှုန်း၊ ဈေးနှုန်းနဲ့ တစ်ဧကလုံးစာ အကျယ်အဝန်းဆိုရင် ဘယ်လောက် တန်ကြေးရှိတယ်ဆိုတာကို တွက်ချက်ထားရပါမယ်။ ဥပမာ ဒီအကွက်မှာ ဂေါ်ဖီထုပ် တစ်သောင်း စိုက်ထားတယ်ဆိုရင် သူတို့ထွက်မဲ့အချိန်မှာ ရှိနိုင်တဲ့ဈေးက (၁၅၀၀) လောက်ရှိတယ်ဆိုရင် ဒီအခင်းရဲ့ တန်ဖိုးက သိန်း (၁၅၀) ဖြစ်ပါတယ်။
(၂) ပိုးမွှားရောဂါရဲ့ ဖျက်ဆီးမှုတန်ဖိုးကိုကြည့်မယ်။
ခန့်မှန်းတန်ဖိုးကို သတ်မှတ်ရမှာဖြစ်ပါတယ်။ ပုံမှန်ပိုးမွှားရောဂါကျရောက်မှုတွေအတိုင်းဆိုရင် တောင်သူတွေက အသိဆုံးဖြစ်ပါတယ်။ ဘယ်လောက်ပျံ့နိုင်တယ် ဘယ်လောက်ထိ ဖျက်ဆီးနိုင်တယ် ဘယ်နှစ်ရက်အတွင်း ဘယ်လို အခြေအနေအထိ ရောက်လာနိုင်တယ်ဆိုတာကို သိနိုင်ပါတယ်။ ဆိုတော့ ကိုယ့်အတွေ့အကြုံအရသော်လည်းကောင်း၊ အခြားသူများရဲ့အတွေ့အကြုံနဲ့ ချိန်ဆလို့ရသလို စာတွေဖတ်တာနဲ့ ကိုယ့်စိုက်ခင်းမှာ ဘယ်လောက်ထိဆုံးရှုံးနေတယ်ဆိုတာကို လေ့လာကြည့်ရပါမယ်။
(၃) ပျက်စီးမှုတန်ဖိုးကို တွက်ချက်ကြပါမယ်။
ဥပမာ အခင်းမှာ ဂေါ်ဖီထုပ် ၁ သောင်းစိုက်ထားတယ်ဆိုရင် သူတို့ကြောင့် ဂေါ်ဖီ (၁၀၀) လောက်တော့ ပျက်နိုင်တယ်။ ဈေးကွက်ထဲမှာ ဂေါ်ဖီထုပ်က တစ်ထုပ်ကို (၁၅၀၀) ဆိုရင် တစ်သိန်းခွဲလောက် ဆုံးရှုံးနေတာဖြစ်ပါတယ်။
(၄) ဆေးဖျန်းရမယ်ဆိုရင်လိုတဲ့ ကုန်ကျစရိတ်ကိုတွက်ကြည့်ပါ။
ကိုယ်တိုင်ဖျန်းမှာပဲဖြစ်ပါစေ၊ အဲ့အတွက် ကုန်ကျစရိတ်ကိုထည့်ပြီးတွက်ရပါမယ်နော်။ လိုအပ်တဲ့ဆေးအမျိုးအစား၊ နှုန်းထား၊ ကြိမ်ရေ၊ ဆေးဖိုးသီးသန့်ဘယ်လောက်ကုန်မလဲ၊ အလုပ်သမား ဘယ်လောက်လိုမလဲ၊ (ကိုယ်တိုင်အတွက်ပါ ထည့်ပြီး ရေတွက်ရပါမယ်) ဆိုတာနဲ့ အားလုံးပေါင်းပြီး ကုန်ကျစရိတ် စုစုပေါင်းကို တွက်ချက်ကြည်ပါ။
(၅) ကုန်ကျစရိတ် (၂)ခုကိုယှဉ်ကြည့်ပါ။
ဆုံးရှုံးမှုက ဆေးဖျန်းတာနဲ့ ကွက်တိကျတယ် တူတူပဲဆိုရင် ဒါက ETL ဖြစ်နေပါပြီ။ EIL လို့လည်း ခေါ်နိုင်ပါပြီ။ ဆုံးရှုံးမှုစရိတ်က တစ်ပြား နှစ်ပြားလောက်တက်သွားတာနဲ့ EIL ကိုရောက်သွားပါပြီ။
ဥပမာ...
သီးနှံတန်ဖိုး - တစ်ဧကကို တစ်ထောင် တန်ပါတယ်လို့ ဆိုကြပါစို့။
ပိုးဖျက်တာက - တစ်ပင်ကို ကောင်ရေ ၁၀၀ ရှိပြီး အထွက်ကို ၁၀ ရာခိုင်နှုန်း၊ တန်ဖိုးနဲ့ဆို (၁၀၀) ဖိုး ဖျက်ဆီးတယ်။
ဆေးဖျန်းတာက - ၅၀ ကုန်မယ်ဆိုရင် ဒါက အကောင် (၁၀၀) မှာ ဆေးက ဖျန်းရတော့မယ်ဆိုတဲ့ အရင်းပါ ပါမဲ့အခြေအနေရောက်သွားပါပြီ။ ၅၀ ရင်းပြီးတော့ ဆေးဖျန်းလိုက်ရင်တောင်မှ ၅၀ က ဆုံးဦးမယ်ဆိုတဲ့သဘောပါ။
နောက်ထပ် အသေးစိပ် အနေနဲ့ EIL ကိုတွက်ကြည့်ရအောင်ပါ။
သူ့ပုံသေနည်းကို အရင်လေ့လာကြည့်ပါမယ်။
EIL = C/VDK
မြန်မာမှုပြုရင်
EIL = ဆေးဖျန်းကုန်ကျစရိတ်/ ထုတ်ကုန်တန်ဖိုး x ဆုံးရှုံးမှုတန်ဖိုး x ဆေးဖျန်းလို့ လျော့ကျသွားမဲ့ ရာခိုင်နှုန်း
ဆေးဖျန်းလို့ ကုန်မဲ့ကုန်ကျစရိတ်က တစ်ပင်ချင်းစီအတွက် တွက်ပါတယ်။ ဆိုတော့ ကိုယ့်အခင်းထဲမှာ အကွက်သေချာဖော်ထားမယ်။ အပင်ကို ပင်ကြားတန်းကြားနဲ့ သေချာစိုက်ပျိုးခဲ့တယ်ဆိုရင် အပင်အရေအတွက်ကို အတိအကျသိနိုင်မှာဖြစ်ပါတယ်။ ကုန်ကျစရိတ်စုစုပေါင်းကို အပင်အရေအတွက်နဲ့ စားလိုက်ပါ။ ဆေးဖျန်းမဲ့အကြိမ်အရေအတွက်၊ လုပ်အားခ အကုန် ပါအောင်တွက်ချက်ရပါမယ်။ အပင်ရေ ၁၀၀၀၀ ရှိတာ ဆေးဖိုးက ၄၀၀ ကျတယ်လို့ဆိုကြပါစို့။
၄၀၀ ကို အပင်ရေ တစ်သောင်းနဲ့စားလိုက်ပါ။
တစ်ပင်ကို ၀.၀၄ကျပ် ကျသင့်ပါမယ်။
ထုတ်ကုန်တန်ဖိုး ဆိုတာက ထုတ်ကုန်တစ်ခုချင်းစီရဲ့ ဈေးကွက်တန်ဖိုးဖြစ်ပါတယ်။ ငရုတ်သီးဆို တစ်တောင့်တန်ဖိုးတော့မဟုတ်ဘူးပေါ့။ တစ်ပိသာတန်ဖိုး နဲ့ တွက်လို့ရပါတယ်။ ပိဿာနဲ့တွက်ထားရင် အကုန်လုံးပိဿာနဲ့လိုက်တွက်ရပါမယ်
ဆိုတော့ တစ်ပိဿာကို ၀.၄ ကျပ်လို့ ထားလိုက်ပါမယ်။ ဥပမာအနေနဲ့ထားတာပါ၊ တကယ့်သီးနှံနဲ့ဆိုရင် တကယ့်ပေါက်ဈေးနဲ့တွက်ကြည့်ဖို့လိုပါတယ်။
ဆုံးရှုံးမှုတန်ဖိုးဆိုတာက အင်းဆက်တစ်ကောင်ချင်းစီက ဖျက်ဆီးနိုင်တဲ့ ပမာဏကိုဆိုလိုပါတယ်။ ပိုး အကောင် (၂၀၀)လောက်က ငရုတ်သီး တစ်ပိသာကို ဖျက်ဆီးနိုင်တယ်ဆိုပါစို့၊။ တန်ဖိုးကို ပြန်တွက်ကြည့်ရင် တစ်ပိဿာကို အကောင်ရေနဲ့စားလိုက်ပါမယ်။ ၀.၅ ရပါတယ်။ တစ်ကောင်ကို အဲ့လောက်ဖျက်စီးမစီးက ပိုးကျနေတဲ့အပင်ကိုကြည့်ပြီး လေ့လာတွက်ချက်ရမှာဖြစ်ပါတယ်။
ဆေးဖျန်းလို့ လျော့ကျသွားမဲ့ ရာခိုင်နှုန်းကတော့ ဒီဆေးဖျန်းလိုက်ရင် ပိုးကောင်ရေကတော့ အကောင် ၁၀၀ ရှိရင် ၁၀၀လုံး မသေသွားပါဘူး။ ဆေးမထိလိုက်တာ ပျံနိုင်တဲ့ ကောင်တွေဆို ပျံသွားလို့ ဆေးမထိလိုက်တာနဲ့ ဆေးအမျိုးအစားတွေမှာ ထိသေ စားသေ စတာတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဆိုတော့ (၅၀) ရာခိုင်နှုန်းလား၊ (၇၅) ရာခိုင်နှုန်းလား ဆိုတာ ထည့်ရမှာပါ။ ဒီနေရာမှာ ဟိုအပေါ်က ဆေးဖျန်းလို့ ကုန်ကျစရိတ်နဲ့ ပြန်ချိတ်ပြီး စစ်ဆေးရပါမယ်၊ တစ်ကြိမ်ဖျန်းလို့ ၃၀% ပဲ ပိုးနိုင်တယ်၊ု ၃ ကြိမ် ဖျန်းမယ်လို့ ဆုံးဖြတ်ထားတယ်ဆို ဆေးဖျန်းကြိမ်ကို မဖြစ်မနေထည့်တွက်ခိုင်းတာက ဒီမှာပါ လာပြိး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။ ဆေးဖိုး (၄၀၀) ကုန်တာ ၇၅ ရာခိုင်နှုန်းလောက် ကို နှိမ်နင်းနိုင်တယ်လို့ ယူဆကြပါမယ်။ ရာခိုင်နှုန်းအထိ မထည့်ပဲ ဂဏန်းနဲ့ပဲထည့်မှာဆိုတော့ ရာခိုင်နှုန်းအပြည့် (၁၀၀) နဲ့ ပြန်စားပါမယ်။ (၇၅/၁၀၀) ၀.၇၅ ရပါတယ်။
ဖော်မြူလာထဲ ဂဏန်းတွေ ထည့်ရအောင်ပါ။
EIL = ၀.၀၄ ကျပ်/တစ်ပင် ÷ (၀.၄ ကျပ်/ပိဿာ x ၀.၅ ပိဿာ/ကောင် x ၀.၇၅
= ၀.၂၆၆၆၆၆ (အနီးဆုံး ၀.၂၇ ယူလိုက်ပါမယ်)
အဲ့အဖြေက ဘာလဲဆိုတော့ ၀.၂၇ ကောင်သာ တစ်ပင်မှာရှိခဲ့တယ်ဆိုရင် ဆေးဖျန်းရတော့မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အဲ့ဒါကို တစ်ခင်းလုံးစာနဲ့ပြန်တွက်ရင် အပင်ရေ တစ်သောင်းစာမှာ အင်းဆက်ကောင်ရေ (၁၀၀၀၀ x ၀.၂၇) = ကောင်ရေ ၂၇၀၀ ရှိရင် ဆေးဖျန်းရပါတော့မယ်လို့ ဆိုလိုပါတယ်။
ဒီပုံသေနည်းက အလွယ်ဆုံးပါပဲ၊ ဒီပုံသေနည်းနဲ့ တွက်ချက်လိုက်ခြင်းအားဖြင့် အင်းဆက်ရဲ့ဖျက်စီးနိုင်စွမ်း၊ ဈေးကွက်ပေါက်ဈေး၊ ဆေးသုံးမှု ကုန်ကျစရိတ်၊ ဆေးရဲ့ အာနိသင် စတာတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို မြင်သွားမှာလည်းဖြစ်ပါတယ်။
ဒီလို တွက်ချက်ပြီး ဆေးဖျန်းတယ် ဆေးသုံးတယ်ဆိုရင် ဘာဖြစ်မလဲဆိုတော့ သီးနှံကသာ အခြားအချက်တွေလို ရေမြုပ်တာ မုန်တိုင်းကြောင့်ပျက်စီးတာ၊ ရာသီဥတုဖောက်ပြန်လို့ ထိခိုက်တာ မပါပဲ၊ ပိုးကြောင့်ပဲဆိုရင် ကိုယ်တွက်ထားတဲ့ ဈေးအရ ဘယ်လိုမှ မရှုံးပါဘူး၊ ဆေးဖိုးမရှုံးပါဘူး၊ ပိုးကျသွားခဲ့တဲ့ တန်ဖိုးအတိုင်း ပြန်ကိုရမှာပါ။ ဈေးလေးကောင်းရင် ပျက်စီ'သွားခဲ့တာအတွက် ကုန်ကျစရိတ်တောင် ပြန်ရနိုင်ပါသေးတယ်။
ပြီးတော့ မဖြစ်မနေ ဆေးဖျန်းပါတော့လို့ လည်း မဆိုနိုင်ပါဘူး၊ ခုနက ပုံသေနည်းက အဖြေအတိုင်းဆိုရင် အပင်တစ်သောင်းမှာ ပိုးကောင်ရေ ၂၇၀၀ ရှိရင် ဆေးဖျန်းလို့ဆိုပေမဲ့၊ ရာသီဥတုအခြေအနေအရသော်လည်းကောင်း၊ ကိုယ်က ပိုးကျနေတဲ့ အခက်အလက်တွေကို သိပြီးတော့ ပိုးဥတွေ ပိုးအိမ်တွေ ရှင်းလင်းလိုက်မယ်ဆိုရင်သော်လည်းကောင်း ဆေးဖျန်းရမယ်ဆိုတာက ခန့်မှန်းချက်ပမာဏသာဖြစ်သွားပါလိမ့်မယ်။
တကယ့် ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်မှာ ဒါကို ဘာလို့တွက်သလဲဆိုတော့ ဆေးမသုံးရတဲ့ ကုန်ကျစရိတ်သက်သာ အခြားနည်းများ သုံးရင် မှီသလားလို့ တွက်ချက်ချင်လို့ဆိုတာ သဘောပေါက်လောက်မယ်ထင်ပါတယ်။
ကောင်ရေက ဒီလောက်မရောက်သေးရင် အခြားနည်းလမ်းတွေအနေနဲ့ ဘာတွေ သုံးလို့ရနိုင်မလဲ?
စေးကပ်ထောင်ချောက်ဆင်မလား အလင်းရောင်ထောင်ချောက်တွေဆင်မလား ဆိုတာ တစ်ခုချင်းစီမှာ ကုန်ကျစရိတ်တစ်ခုချင်းစီနဲ့လည်းတွက်ချက်ပြီးတော့ ပိုးမွှားတွေကို ရှု့ထောင့်မျိုးစုံကနေ နှိမ်နင်းနိုင်ပါကြောင်း ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်ရဲ့ သောချက်တစ်ခုကို ဖွင့်ပြလိုက်ရပါတယ်ခင်ဗျာ။
Reference
https://entnemdept.ufl.edu/capinera/eny5236/pest1/content/08/9_economic_injury.pdf
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။