အရေးကြီးသည့် တိရစ္ဆာန်ကျန်းမာရေး

Photo - အရေးကြီးသည့် တိရစ္ဆာန် ကျန်းမာရေး(google)

သည်ခေါင်းစဉ်ကိုတော့ အချို့ပြုံးမည်၊၊ အချို့မဲ့မည်။ အချို့က  'လူ့ကျန်းမာရေးက အရေးကြီးဆုံးပါကွာ'ဆိုပါမည်။ မှန်ပါသည်။ အဆိုပါ လူသားများကျန်းမာရေးအတွက် တိရစ္ဆာန် ကျန်းမာရေးက အရေးကြီးသော ကဏ္ဍမှ ပါဝင်နေပါသည်။  လူ့လောကသည် လူသားများဖြင့်သာ ဖွဲ့စည်းထားသည် မဟုတ်ပါ။ လူတွေပါသည်။ သစ်တော သစ်ပင်  တောတောင်တွေပါသည်။ မြစ်၊ ချောင်း၊ အင်းအိုင်၊ ပင်လယ် သမုဒ္ဒရာတွေပါသည်။ ထို့အတူ တိရစ္ဆာန်မျိုးစုံဖြင့် ပါဝင်ဖွဲ့စည်းထားသော သတ္တလောကကြီး ဖြစ်ပါသည်။ သဘာဝတောရိုင်း တိရစ္ဆာန်တွေ ရှိမယ်။ မွေးမြူရေးအတွက် မွေးမြူထားသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက် စသည်ဖြင့် ရှိမည်။ ခွေး ကြောင်စသည့် Pet Animals  ဟု ခေါ်သည့် အချစ်တော် တိရစ္ဆာန်များလည်း ရှိကြသည်။
ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိ
လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည်က Micro Organism ဟု ခေါ်သော အဏုဇီဝ ပိုးမွှားများပင် ဖြစ်သည်။ ရောဂါ အသစ်အဆန်းများ ပေါ်လာသလို တစ်ကျော့ပြန် ခေါင်းထောင်လာသော ရောဂါများကလည်း ပြန်လည် ဖြစ်ပေါ်လာကြသည်။ ဆောင်းခိုငှက်များမှ ကူးစက်သည့် (H1N1)ကြက်ငှက်တုပ်ကွေးရောဂါ၊ Civet ဆိုသည့် ကြောင်ကတိုးမှ ကူးစက်သည့် (SARS) အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ပြင်းထန် အဆုတ်ရောင်ရောဂါ၊ မျောက်များမှ ကူးစက်သည့် (HIV) ကိုယ်ခံစွမ်းအား လျော့နည်းကျဆင်းရောဂါတို့၏ မူလ စသည်တောရိုင်းတိရစ္ဆာန်များပင် ဖြစ်ပါသည်။ မွေးမြူရေးတိရစ္ဆာန်များတွင်ဖြစ်သည့် ကျွဲ၊ နွား၊ ထောင့်သန်းရောဂါ၊ ကြက်ငှက်တုပ်ကွေး၊ ငှက်တုပ်ကွေးများအပြင်၊ ခွေး၊ ကြောင်များမှ ကူးဆက်နိုင်သည့် ခွေးရူးရောဂါ၊ သန်ပြားကောင်ရောဂါ Lepto Spirosis  ဟုခေါ်သော ဆီးသွေးပါရောဂါ စသည်ရောဂါတို့သည် တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သည် သာမက ထင်သာမြင်သာ ရောဂါများပင် ဖြစ်ပါသည်။ ထို့ကြောင့် ယင်းရောဂါများ မဖြစ်ရလေအောင် ကာကွယ်ဆေးများ ထိုးနှံကြသည်။ ကျွမ်းကျင်သူ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တိုင်ပင်ကြသည်။ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ဖြင့် မွေးမြူရန် ကြိုးစားလာကြသည်မှာ လူ့ကျန်းမာရေးအတွက် တိရစ္ဆာန်များ ကျန်းမာစေရန်ပင် ဖြစ်ပါသည်။
လူတို့သည် နေ့စဉ် တိရစ္ဆာန်များနှင့် ထိတွေ့နေရသည်။ မွေးမြူရေးမလုပ်လို့၊ တိရစ္ဆာန်မချစ်တတ်လို့ မမွေးပါဟုဆိုစေဦး၊ နေ့စဉ်စားသောက်နေရသည့် အစာ၊ အသား၊ ငါး၊ နို့၊ ဥ တို့သည် တိရစ္ဆာန်ထွက်ပစ္စည်းများပင် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော အစာ၊ ဘေးကင်းသော အစာရရှိရန်အတွက် တိရစ္ဆာန်ကျန်းမာရေး အရေးကြီးပါသည်။ မြင်သာသော ရောဂါကူးစက်မှုများသာမက မမြင်သာသော ရောဂါဖြစ်သည့် ဆေးယဉ်ပါးမှု ပြဿနာကလည်း လူတို့၏ ကျန်းမာရေးအတွက် မီးမောင်းထိုးပြလျက်ရှိသည်။
ပဋိဇီဝ ဆေးယဉ်ပါးမှု တိုက်ဖျက်ရေး
ကမ္ဘာပေါ်တွင် Antimicrobial Resistant (AMR) ပဋိဇီဝ ဆေးယဉ်ပါးမှု ပြဿနာက တစ်စထက်တစ်စ ကြီးထွားလာသည်။ ထို့ကြောင့် OIE (ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့)၊ FAO (ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့)၊ WHO ( ကမ္ဘာ့ကျန်းမာရေး အဖွဲ့) ဟူသည့် ကမ္ဘာအစုအဖွဲ့ကြီးသုံးခု ပူးပေါင်းလျက် AMR ကိစ္စကို ဆောင်ရွက်နေပါသည်။ ပဋိဇီဝ ဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၅ ရက်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ကျင်းပခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွတ်တော်မှ ဒေါက်တာ စံရွှေဝင်း၊ ဒေါက်တာ သန်းအောင်စိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဒေါက်တာခင်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရဲထွန်းဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာ ဌေးဌေးတင်၊ OIE အာရှပစိဖိတ် ဌာနေကိုယ်စားလှယ် Dr.Kugita နှင့်အဖွဲ့၊ FAO မှ Dr.Agnas, ဒေါက်တာအုန်းကျော်နှင့် WHO မှ ဒေါက်တာ မြရည်မွန်တို့ တက်ရောက်ခဲ့သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနှင်းသီးတာမြင့်၊ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်နှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်တို့က ဆွေးနွေးတင်ပြသည်။
မြန်မာနိုင်ငံ AMR အမျိုးသားအဆင့် ပဋိဇီဝ ဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ကော်မတီဥက္ကဌအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဥက္ကဌအဖြစ် ဆောင်ရွက်နေကြောင်းပါ သိရှိရပါသည်။ ပဋိဇီဝဆေးသုံးစွဲမှု၏ ၈၀ ရာခိုင်နူန်းသည် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများဖြစ်ပြီး လူများက ၂၀ ရာခိုင်နူန်း သုံးစွဲကြောင်းတင်ပြသည်။ ဤကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများနှင့် ပဋိဇီဝဆေး သုံးစွဲမှု မြင့်မားနိုင်ကြောင်း စာရေးသူက လူမှုစာမျက်နှာများတွင် တင်ပြခဲ့ဖူးပါသည်။ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဆေးကုဆရာဝန်အများက လက်မခံနိုင်ကြပါ။ မြန်မာတွင်သာမဟုတ် ကမ္ဘာပေါ်တွင်လည်း တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝဆေးသုံးစွဲမှုများသည်က ကမ္ဘာ့တိရစ္ဆာန်ဆေးကုဆရာဝန်များကလည်း လက်မခံနိုင်ကြပါ။ 'ဘယ်စာရင်းဇယားကို အတည်ပြုပြောဆိုပါသနည်း'ဟု မေးခွန်းထုတ်ခဲ့ကြောင်း OIE ဌာနကိုယ်စားလှယ်မှ ပြောပါသည်။
အဏုဇီဝပိုးများ ဆေးယဉ်ပါးမှုကို ဆန်းစစ်ကြည့်လျှင် ပဋိဇီဝဆေးများကို အလွဲသုံးမှု၊ အလွန်အကျွံသုံးမှု၊ ဆေးချိန်ပမာဏ လျော့သုံးမှု၊ ဆေးကုသရမည့်ကြာချိန်အတိုင်း ဆေးမကုသမှု၊ မလိုအပ်ဘဲသုံးမှု၊ ဆေးကုသနေစဉ်နှင့် သတ်မှတ်ရက်အတွင်း အသား၊ နို့၊ ဥ တို့ကို မသုံးစွဲရ၊ မစားသုံးရ ဆိုသည့်သတ်မှတ်ချက်ကို မလိုက်နာမှုတို့ကြောင့်ဖြစ်စေပါသည်။
ဆေးယဉ်ပါးမှု ဖြစ်စဉ်
လူကျန်းမာရေးအတွက် ဆေးကုကြရာတွင် အခြေအနေအရ ကွမ်းယာဆိုင်၊ ဆေးဆိုင်များတွင် နှာစေး၊ ချောင်းဆိုး၊ ဖျားနာအတွက် 'စပ်ဆေး'ဟု ခေါ်သည့် ဆေးကို ဝယ်ယူသောက်သုံးခြင်း၊ တစ်ခွက်၊ နှစ်ခွက်စာ ဆေးသောက်ပြီး ရောဂါသက်သာသွားပါက ဆက်မသောက်တော့ခြင်းတို့ကြောင့် ဆေးယဉ်ပါးမှုများ ဖြစ်ပွားကြသည်။ 3 rd generation, 4th generation ဟုခေါ်သည့် အဆင့်မြင့် ပဋိဇီဝဆေးများကို မသိဘဲ၊ နားမလည်ဘဲ သုံးစွဲခြင်းတို့ကြောင့် လည်း ဖြစ်ပွားသည်။ ရမ်းကု (Quack) များကြောင့်လည်း ဖြစ်နိုင်သည်။
တိရစ္ဆာန်ကျန်းမာရေးတွင် များသောအားဖြင့် တိရစ္ဆာန်ဆေးကုဆရာဝန်များကို တစ်ကြိမ် နှစ်ကြိမ်ပြပြီးပါက အသုံးပြုသော ဆေးဝါးကို မှတ်သားပြီး မိမိတိရစ္ဆာန်ကို မိမိဘာသာဆေးထိုးသည်။ ဆေးတိုက်သည်။ မွေးမြူရေးလောကတွင် ပဋိဇီဝဆေးအများစုမှာ အသုံးပြုရလွယ်ကူအောင် တိုက်ဆေးအဖြစ် ဖော်စပ်ထားကြသည်။ ယခင်တစ်ကြိမ်ဖြစ်ဖူးသည်နှင့် ပုံစံတူပါက ထိုဆေးကို မိမိဘာသာဝယ်တိုက်သည်။ ဆေးအချိန် ဆေးအဆ မည်မျှကို ရေနှင့်ရောရမည်။ အစာနှင့်ရောရမည်။ မနက်အစော ရေတွင်ထည့်တိုက်ရမည်။ မည်မျှနာရီကြာလျှင် ယင်းရေကို သွန်ပစ်ရမည်။ ရက်မည်မျှတိုက်ရမည်။ မည်မျှနာရီကြာလျှင် ယင်းရေကို သွန်ပစ်ရမည်။ ရက်မည်မျှ တိုက်ရမည်။ မည်သည့်ဆေးများနှင့် တွဲ၍ မတိုက်ရ၊ မကျွေးရ၊ ဆေးတိုက်နေချိန်၊ ဆေးထိုးနေချိန်၊ ဆေးကုသမှု ခံယူနေချိန်တွင် ထိုတိရစ္ဆာန်မှ ထွက်ရှိသော အသား၊ နို့၊ ဥ တို့ကို မစားသုံးရ၊ ဆေးကု၍  ကျန်းမာပြီးသော်လည်း ငါးရက်၊ ခုနှစ်ရက်အထိ ပယ်ရမည်။ စသည်ဖြင့် သတ်မှတ်ထားချက်များကို လိုက်နာရန် လိုအပ်ပါသည်။
အချို့မွေးမြူသူများကိ ' ရောဂါမဖြစ်အောင် ကာကွယ်သည်' ဟုဆိုကာ ပဋိဇီဝဆေးများကို ဆေးချိန်လျော့၍ အစာ၊ သောက်ရေတွင် အမြဲထည့်နေသည်။ အချို့က အသားတိုး၊ ဖြည့်းစွက်စာ အနေဖြင့် ပဋိဇီဝဆေးကို ထည့်ကြသည်။ အလွန်မလုပ်အပ်သော ကိစ္စတစ်ရပ်ဖြစ်ပါသည်။
အသိပညာပေးရန် လိုအပ်
‘ဤကဲ့သို့ ကိစ္စရပ်များကို မည်သို့ တားဆီးမည်နည်း' ပဋိဇီဝဆေးများကို ဆရာဝန် ဆေးညွှန်းစာဖြင့် မှတ်ပုံတင်ရောင်းချခြင်း၊ ပဋိဇီဝဆေးသုံးစွဲမှု လမ်းညွှန်၊ ဆေးညွှန်းအတိုင်း အတိအကျ လိုက်နာ ဆောင်ရွက်ခြင်း၊ အစားအသောက် ဥပဒေ၊ ဆေးဝါးဥပဒေများ ရှိသကဲ့သို့ တိရစ္ဆာန် အစာဥပဒေ၊ တိရစ္ဆာန် ဆေးဝါး ဥပဒေများ ရေးဆွဲ၍ တိရစ္ဆာန်မွေးမြူမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှု၊ ရောင်းချမှုများကို သေသေချာချာ ကြပ်မတ်လိုက်နာစေရန် လိုပါသည်။ ပြည်သူများကိုလည်း ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာများကို သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်မြင်သံကြားတို့မှ ပညာပေးခြင်းနှင့် လူမှုစာမျက်နှာများကပါ အချင်းချင်း ဖေးမ ရိုင်းပင်း၊ အသိပညာပေးကြရန် လိုအပ်ပါသည်။
ဆွေးနွေးမှုရလဒ်များ
ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့် ဆောင်ရွက်၍ရသော ကိစ္စမဟုတ်သဖြင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ ဆေးဝါးဗေဒပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များ၊ မွေးမြူထုတ်လုပ်ရောင်းချသူများ၊ ပြည်သူလူထုများစသည့်များ အားလုံးပါဝင်ရန် လိုအပ်ပါသည်။ အဓိကအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က လူအများဂရုပြုမိစေရန် ဟောပြောစည်းရုံးခြင်း၊ ဖြစ်ပွားမှုများ တိုင်းတာခြင်း၊ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း၊ ပဋိဇီဝဆေးများ အသုံးပြုမှုကို ပညာပေးခြင်း၊ ထိန်းချုပ်ခြင်း၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်ခြင်းတို့ကို လုပ်ငန်းစဉ်များအလိုက် ထိထိရောက်ရောက်ဆောင်ရွက်ရန် လိုအပ်ပါသည်။ 'တစ်ခုတည်းသော ကျန်းမာရေး' ချဉ်းကပ်မှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ဉပဒေပြုခြင်း၊ ပြည်သူများ သတိထားမိအောင် ပညာပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဓာတ်ခွဲခန်းများ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တွေ့ရှိသော အချက်အလက်များကို နိုင်ငံတကာ စံများနှင့် အညီ စာရင်းအင်းပုံစံများ ထားရှိဆောင်ရွက်ခြင်း၊ AMR လုပ်ငန်းကြီးတစ်ခုလုံးအတွက် လူ၊ နည်းပညာ၊ ပစ္စည်းကိရိယာ၊ ဘဏ္ဍာငွေရရှိအောင် ဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ပါကြောင်း အစည်းအဝေးကြီး၏ ဆွေးနွေးမှု ရလဒ်များ အဖြစ် ပေါ်ထွက်လာခဲ့သည်။
လူများတွင် ဆေးယဉ်ပါးမှုဖြစ်ပါက တစ်ဦးနှင့်တစ်ဦးကူးစက်နိုင်ခြေရှိသော်လည်း နည်းပါးနိုင်ပါသေးသည်။ တိရစ္ဆာန်များတွင် ဆေးယဉ်ပါးမှု ပြဿနာများ ပေါ်ပေါက်ပါက နေ့စဉ်စားသောက်နေသော အသား၊ နို့၊ ဥ များတွင် ပါဝင်နေမည်။ တိရစ္ဆာန်မစင်ကို မြေသြဇာလုပ်၍ စိုက်သော စိုက်ခင်း၊ သစ်သီး သစ်ရွက်၊ ဟင်းသီးဟင်းရွက်အထိ ပါရှိနေနိုင်မည်။ အဆိုပါ အသီးအရွက်စားသူအထိ ဆေးယဉ်ပါးမှု ပြဿနာ ရောက်ရှိခံစားရနိုင်သည် ဖြစ်ပါသောကြောင့် အထူးဂရုပြုမိစေရန် အလေးအနက် ဖော်ပြရခြင်း ဖြစ်ပါသည်။
ထို့ကြောင့် လူသားများ ကျန်းမာစေရန်အတွက် တိရစ္ဆာန်များ ကျန်းမာဖို့ အရေးတကြီး လိုအပ်ပါသည်။
မြန်မာ့အလင်း(၁၇.၉.၂၀၁၈)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆောင်ပုဒ်  

"နိုင်ငံတစ်ဝှမ်း စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုးစို့"