နို့စားနွားမွေးမြူရေးတွင် မွေးမြူသူများအနေဖြင့် နို့ထုတ်လုပ်မှုကောင်းသော နို့စားနွားမျိုးဗီဇရရှိရေး၊ နို့ ထွက်နှုန်းကောင်းစေမည့် အာဟာရကျွေးမွေးရေးနှင့် နို့စားနွားခြံစီမံခန့်ခွဲမှုလုပ်ငန်းများစွာကို အာရုံစိုက်လုပ်ဆောင် ကြရပါသည်။ အဆိုပါလုပ်ငန်းအားလုံး၏ ဦးစားပေးရည်မှန်းချက်မှာ အရည်အသွေးမြင့်နို့ ပမာဏ တိုးတက်ရရှိရေးပင် ဖြစ်ပါသည်။ သို့ရာတွင် မွေးမြူသူအများစု မေ့လျော့နေတတ်သည့် အချက်တစ်ချက် ရှိနေပါသည်။ ယင်းမှာ "နို့ စားနွားမများ လုံလောက်သည့် လဲလျောင်းအနားယူချိန် ရရှိရေး" ဆိုသည့် အချက်ဖြစ်ပါသည်။ ယင်းအချက်သည် နို့ ထွက်နှုန်းကောင်းမွန်ရေးအတွက် အထောက်အကူအလွန်ပြုပါသည်။ ထို့အတူ နွားမများ၏ သက်တောင့်သက်သာရှိမှု (Animal welfare) အတွက်လည်း အလွန်အရေးကြီးပါသည်။ အခြားတစ်ဖက်တွင် နွားမများ သက်တောင့်သက်သာရှိလေလေ၊ ကျန်းမာရေးပြဿနာများ ကင်းလေလေ၊ နို့ထွက်နှုန်းကောင်းလေလေ ဖြစ်ပါသည်။ ထို့ကြောင့် နို့စား နွားမများ လုံလောက်သည့် လဲလျောင်းအနားယူချိန် ရရှိရေး၏ အရေးပါပုံကို ဆွေးနွေးတင်ပြလိုပါသည်။
နို့စားနွားမတစ်ကောင်၏ တစ်နေ့တာ
တစ်ရက်တာ ၂၄ နာရီအတွင်း နို့စားနွားတစ်ကောင်၏ ပုံမှန်လုပ်ငန်းများကို အကြမ်းဖျဉ်းသိရှိထားရန် လိုပါသည်။
လေ့လာချက်များအရ နွားမတစ်ကောင်သည် တစ်ရက်လျှင် ၁၂-၁၄ နာရီခန့် အထိ လဲလျောင်းအနားယူလေ့ရှိပါသည်။ ယင်းအချိန်အတွင်း စားမြုံ့ပြန်ခြင်း နှင့် အိပ်စက်ခြင်းကိုလည်း လုပ်ဆောင်ပါသည်။ လဲလျောင်းချိန် အများစုမှာ ညပိုင်းအချိန်များ ဖြစ်သည်။ တစ်ကြိမ် လဲလျောင်းလျှင် ၆၀-၁၀၀ မိနစ်ခန့် လဲလျောင်းရာ တစ်ရက်တာတွင် အကြမ်းဖျဉ်း ၁၁ ကြိမ်ခန့် လဲလျောင်းအနားယူသည်ဟု ဆိုနိုင်ပါသည်။
နွားများတွင် တစ်ရက်လျှင် အိပ်ချိန် ၄ နာရီခန့် လိုအပ်ပြီး အများစုမှာ ညပိုင်းတွင် ဖြစ်ပါသည်။
ပုံမှန်နွား တစ်ကောင်သည် ပျမ်းမျှခြင်းအားဖြင့် တစ်ရက်လျှင် ၆ နာရီခန့် စားမြုံ့ပြန်လေ့ရှိပါသည်။ ကျွေးမွေးသည့် အစာအမျိုးအစားပေါ် မူ တည်၍ အချိန်ကွာခြားချက် ရှိနိုင်ပါသည်။ စားမြုံ့ပြန်ခြင်းကိုလည်း ညအချိန်တွင် ပိုမိုပြုလုပ်လေ့ရှိပါသည်။ အများစုမှာ လဲလျောင်းနေချိန်တွင်သာ လုပ်ဆောင်လေ့ ရှိပါသည်။ နွားကို လုံးဝ လဲလျောင်းခွင့်မပေးဘဲ စမ်းသပ်ကြည့်သည့်အခါတွင်မူ မတ်တပ်ရပ်၍လည်း စားမြုံ့ပြန်ကြပါသည်။
နို့စားနွားမများသည့် အစာစားခြင်းနှင့် ရေသောက်ခြင်း အတွက် ၄-၆ နာရီခန့် အသုံးပြုပါသည်။ နို့ညှစ်ရန် အတွက် အချိန် ၂ နာရီ ခန့်ယူရသည်ဟု သိရှိရပါသည်။ ကျန်ရှိသည့် ၂ နာရီဝန်းကျင်မှာ ခြံအတွင်းရှိ နွားမများ တစ်ကောင်နှင့်တစ်ကောင် ထိတွေ့ဆက်သွယ်ခြင်း (socializing) အတွက် အသုံးချကြသည်။
ဖော်ပြပါ တစ်နေ့တာ လုပ်ဆောင်မှုများသည် တစ်ခြံနှင့်တစ်ခြံ ကွာခြားမှုရှိနိုင်သည်။ ကျွေးမွေးသည့်အစာ၊ စီမံခန့်ခွဲပုံတို့ပေါ် မူတည်၍ အပြောင်းအလဲများစွာ ရှိနိုင်ပါသည်။ အဓိက အရေးကြီးသည့်အချက်မှာ နွားများကို အိပ် စက်လဲလျောင်းနိုင်ရန် လုံလောက်သည့်အချိန် နှင့် စီမံခန့်ခွဲမှု ပြုလုပ်ပေးရန် ဖြစ်ပါသည်။
လဲလျောင်းခြင်းနှင့် နို့ထုတ်လုပ်မှု ဆက်စပ်ပုံ
နို့စားနွားမများက နို့ထုတ်လုပ်ပေးရာတွင် ခန္ဓာကိုယ်အတွင်းရှိ အာဟာရဓာတ်များကို သွေးမှတဆင့် နို့အုံသို့ ယူဆောင်လာရပါသည်။ အာဟာရဓာတ်များ ပါဝင်လာသော သွေးများသည် နို့အုံအတွင်းရှိ နို့ထုတ်ဂလင်း (mammary glands) များကို ဖြတ်သန်းရပါသည်။ ထိုသို့ဖြတ်သန်းစဉ် သွေးအတွင်းရှိ အာဟာရဓာတ်များကို ဂလင်း များက ရယူပြီး နို့အဖြစ် အသွင်ပြောင်းပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နို့ထုတ်လုပ်မှု မြင့်မားစေရန်အတွက် နို့အုံ အတွင်းရှိ နို့ထုတ်ဂလင်းများဆီသို့ ရောက်ရှိသည့် သွေးပမာဏ မြင့်မားရန် လိုအပ်ပါသည်။ တနည်းအားဖြင့် ခန္ဓာ ကိုယ်ရှိ သွေးများသည် နို့အုံဆီသို့ အကြိမ်ရေ ပိုမိုရောက်ရှိလည်ပတ်လေလေ၊ နို့ထုတ်လုပ်နိုင်မှု မြင့်မားလေလေ ဖြစ် ပါသည်။
ယေဘုယျအားဖြင့် နို့ဂလင်းများက နွားနို့ ၁ လီတာ ထုတ်လုပ်နိုင်ရန်အတွက် ယင်းဂလင်းများဆီသို့ သွေး ၅၀၀ လီတာ ဖြတ်သန်းစီးဆင်းသွားရမည် ဖြစ်ပါသည်။ တစ်ရက်လျှင် နို့ ၃၀ လီတာ ထုတ်လုပ်သည့် နို့စားနွားမ တစ် ကောင်၏ နို့ထုတ်ဂလင်းများကို တစ်ရက်တာအတွင်း သွေးလီတာ ၁၅၀၀၀ ဖြတ်သန်းစီးဆင်းရန် လိုအပ်ပါသည်။
နို့စားနွားမများ မတ်တပ်ရပ်နေချိန်နှင့် လဲလျောင်းအနားယူနေချိန်တို့တွင် အနီအောက်ရောင်ခြည်သုံး အပူချိန်တိုင်းကိရိယာဖြင့် ခန္ဓာကိုယ်အပူချိန်များအား စောင့်ကြည့်လေ့လာပါက နို့အုံရှိ အပူချိန်သည် လဲလျောင်းအ နားယူနေချိန်တွင် ပိုမိုမြင့်မားကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ လဲလျောင်းအနားယူနေချိန်တွင် နို့အုံအတွင်းရှိ နို့ထုတ်ဂလင်းများသို့ သွေးများ ပိုမိုရောက်ရှိ လည်ပတ်နေခြင်းကြောင့် နို့အုံ၏ အပူချိန် မြင့်မားလာရခြင်း ဖြစ်ပါ သည်။ လေ့လာမှုများအရ နို့အုံသို့ ရောက်ရှိသည့် သွေးပမာဏသည် လဲလျောင်းအနားယူချိန်တွင် မတ်တပ်ရပ်နေ ချိန်ထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားသည်ဟု ဆိုပါသည်။
ထို့ကြောင့် မျိုးဗီဇတူညီပြီး လိုအပ်သည့် အာဟာရဓာတ် အပြည့်အဝရရှိသည့်အပြင်၊ အခြားသော စီမံခန့်ခွဲမှုများလည်း တူညီစွာရရှိသည့် နို့စားနွားမများတွင် လဲလျောင်းအနားယူချိန် အပြည့်အဝရရှိသည့် နွားမက ကောင်းစွာအနားယူလဲလျောင်းရခြင်း မရှိသည့် နွားမထက် နို့ထွက်နှုန်း ပိုမိုကောင်းမွန်မည့် အနေအထားဖြစ်ပါသည်။ လဲ လျောင်းအနားယူချိန် ကွာခြားမှု (၉ နာရီ မှ ၁၄ နာရီအထိ) ရှိသည့် နို့စားနွားခြံများတွင် လေ့လာချက်အရ အနားယူ လဲလျောင်းချိန် ၁ နာရီ ပိုရတိုင်း နို့ထုတ်လုပ်မှု ၁ လီတာ ပိုမိုရရှိသည်ဟု ဆိုပါသည်။
လဲလျောင်းအနားယူချိန် လျော့နည်းစေသည့် အကြောင်းအရင်းများ
လဲလျောင်းအနားယူချိန် မလုံလောက်ရခြင်းအကြောင်းအရင်းများအနက် အဓိကအကျဆုံး အကြောင်းအရင်းနစ်ခုမှာ နွားခြံတည်ဆောက်စဉ်က ခြံအနေအထားကို မှန်မှန်ကန်ကန် တွက်ချက်တည်ဆောက်ထားခြင်း မရှိသောကြောင့် ဖြစ်ပါသည်။
ကြမ်းခင်းများ မကောင်းခြင်း၊ စိုစွတ်လွန်းနေခြင်း တို့က နွားများ အနားယူလဲလျောင်းရန် ခက်ခဲစေပါသည်။ ထို့အတူ ခြံအတွင်း နေရောင်ခြည်နှင့် အပူဒဏ်၊ အအေးဒဏ် ကျရောက်လွန်းသည့်နေရာများတွင် နွားများ အနားယူ လဲလျောင်းရန် ခက်ခဲစေနိုင်ပါသည်။
နွားခြံထဲတွင် နွားများ သင့်လျော်သည့်အရေအတွက်ထက် ပိုများနေပြီး ခြံကျပ်နေပါက လဲလျောင်းအနား ယူချိန်ကို လျော့နည်းစေနိုင်ပါသည်။ အရွယ်အစားမတူ၊ အသက်အုပ်စုမတူ၊ ဖွံ့ဖြိုးမှုအဆင့်မတူသည့် နွားများကို အုပ်စုဖွဲ့၍ တစ်ခြံတည်းတွင် ထားရှိပါကလည်း နွားများအကြား ဆက်ဆံရေးမကောင်းမွန်ဘဲ ခိုက်ရန်ဖြစ်ပွားကာ အ နားယူလဲလျောင်းချိန်ကို လျော့နည်းစေနိုင်ပါသည်။
နွားများကို အုပ်စုလိုက်မထားဘဲ တစ်ကောင်ချင်းစီ သီးခြားထားရှိသည့် ခြံများတွင် တစ်ကောင်စာ သတ် မှတ်ထားသည့်နေရာသည် နွား၏အရွယ်အစားနှင့် နှိုင်းယှဉ်ပါက သေးငယ်နေမည်ဆိုပါက လဲလျောင်းအနားယူချိန် ကို လျော့နည်းသွားစေမည် ဖြစ်ပါသည်။
လဲလျောင်းအနားယူချိန် မလုံလောက်ပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများ
လဲလျောင်းအနားယူခြင်းနှင့် နို့ထုတ်လုပ်မှု ဆက်စပ်နေရာ၊ နွားမများ လုံလောက်သည့် အချိန်ပမာဏအထိ လဲလျောင်းအနားယူနိုင်ခြင်း မရှိပါက နို့ထွက်နှုန်းကို ထိခိုက်စေမည်မှာ အလွန်ပင် ထင်ရှားပါသည်။ ယင်းအပြင်၊ အခြားသော နောက်ဆက်တွဲပြဿနာများလည်း ဆက်လက် ဖြစ်ပေါ်နိုင်ပါသည်။
နွားမများတွင် လဲလျောင်းအနားယူချိန် မလုံလောက်ပါက ခြေထောက်နာသည့် ပြဿနာ (lameness) ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။ နွားများ မတ်တပ်ရပ်နေစဉ် ခန္ဓာကိုယ်အလေးချိန် ဖိအား၏ ၅၅ ရာခိုင်နှုန်းကို ရှေ့ခြေ ထောက်အဖျားရှိ ခွာရင်းများကလည်းကောင်း၊ ကျန် ၄၅ ရာခိုင်နှုန်းကို နောက်ခြေထောက်အဖျားရှိ ခွာရင်းများက လည်းကောင်း ထမ်းရွက်ထားကြရပါသည်။ ထို့ကြောင့် ခွာအတွင်းပိုင်းရှိ သွေးကြောများအပေါ် ဖိအား ပြင်းထန်စွာ သက်ရောက်ပြီး သွေးကြောများ ကျဉ်းခြင်း (ischemia) နှင့် သွေးအရောက်နည်းသဖြင့် အောက်ဆီဂျင်လျော့နည်း ကျဆင်းခြင်း (hypoxia) တို့ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် ခြေထောက်နာသည့် ပြဿ နာ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။ ခြေထောက်နာနေသည့် နွားမက ခြံအတွင်း သက်တောင့်သက်သာပိုရှိသည့် နေရာကို ပိုမိုရှာဖွေကာ နေရာယူလာခြင်းကြောင့် နွားတစ်ကောင်နှင့်တစ်ကောင် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါ သေးသည်။
လဲလျောင်းချိန်အတွင်း အိပ်စက်ရမည်ဖြစ်ရာ လဲလျောင်းနိုင်သည့်အချိန် လျော့နည်းလာပါက အိပ်စက်ချိန်လည်း အလုံအလောက် မရနိုင်ပါ။ အိပ်စက်ချိန်မလုံလောက်ခြင်းက ခန္ဓာကိုယ်အတွင်းရှိ စစ်ထုတ်ရည်ဂလင်းများ (endocrine gland) များ၏ လုပ်ငန်းများကို ပျက်ယွင်းစေပါသည်။ အကျိုးဆက်အနေဖြင့် အဆိုပါဂလင်းများ၏ အဓိကလုပ်ငန်းဖြစ်သော ဟော်မုန်း (hormone) များ ထုတ်လုပ်မှု ပုံမှန် မဟုတ်တော့ဘဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာစေနိုင်ပါသည်။
အိပ်စက်ချိန် မလုံလောက်ပါက ခန္ဓာကိုယ်၏ ခုခံအားစနစ် (immune system) ကို အားနည်းစေပါသည်။ သို့ဖြစ်ရာ လဲလျောင်းအနားယူချိန် လျော့နည်းသဖြင့် အိပ်စက်ချိန် လျော့ကျလာခြင်းက ရောဂါများအပေါ် ပြန်လည် ခုခံနိုင်စွမ်းကို လျော့နည်းကျဆင်းလာမည် ဖြစ်ပါသည်။
မတ်တပ်ရပ်နေချိန်နှင့် လဲလျောင်းအနားယူနေချိန် နှိုင်းယှဉ်ပါက ခန္ဓာကိုယ်၏ စွမ်းအင်(energy) အသုံးချ မှုမှာ မတ်တပ်ရပ်နေချိန်တွင် ပိုမိုမြင့်မားပါသည်။ လဲလျောင်းနေစဉ်တွင်ပင် မအိပ်စက်ဘဲနေချိန်က အိပ်စက်နေချိန် ထက် ပို၍ စွမ်းအင်အသုံးပြုမှု ပိုများပါသည်။ ထို့ကြော့် လဲလျောင်းအနားယူချိန် မလုံလောက်ခြင်းက မလိုအပ်ဘဲ စွမ်းအင် အသုံးချမှုကို ပိုမိုမြင့်မားစေပါသည်။ လိုအပ်သော စွမ်းအင်ကို အစာအာဟာရထဲမှ ထုတ်ယူသုံးစွဲရမည်ဖြစ် ရာ ထုတ်လုပ်မှုအတွက် အသုံးပြုရမည့် စွမ်းအင်များ လေလွင့်ဆုံးရှုံးစေကာ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်