ဂျယ်လီဖစ်(ရှ်) ဟု လူသိများလှသော ရေခူများမှာ အလွန်အံ့ဖွယ်ကောင်းသော ရေသတ္တဝါတစ်မျိုးဖြစ်ပြီး ၎င်းတို့၏ ထူးခြားချက်မှာ ကမ္ဘာမြေပေါ်တွင် လွန်ခဲ့သော နှစ်သန်းပေါင်း ၆၅၀ တည်းက စတင်ဖြစ်တည်ခဲ့ပြီး ဒိုင်နိုဆောသတ္တဝါကြီးများထက် နှစ်သန်းပေါင်း ၄၀၀ ကျော် ပိုစော၍ ဖြစ်တည်ခဲ့ခြင်းပင် ဖြစ်သည်။
ရေခူများမှာ အလွန်သေးငယ်သော ကျောရိုးမဲ့ရေသတ္တဝါအုပ်စုဝင် zooplankton များဖြစ်ကြသည်။ zooplankton(အကောင်မျှောလှေး)ဖြစ်သော Jellyfish များမှာ ရေစီးကြောင်းနှင့် အတူမျောပါနေထိုင်ကြပြီး အနည်းငယ် ကူးခတ်သွားလာနိုင်စွမ်းလည်း ရှိကြပါသည်။
မြန်မာနိုင်ငံတွင် ရေခူများကို မြိတ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတို့တွင် တွေ့ရများပါသည်။ ရခိုင်ကမ်းရိုးတန်းတွင် ဧပြီလမှ ဇူလိုင်လအထိ ပင်လယ်ပြင်အတွင်း ရေငန်ပါဝင်မှုနှုန်း မြင့်မားလေ့ရှိသဖြင့် ထိုကာလ၌ ပင်လယ်ရေခူပေါ်ချိန်ဖြစ်ကြောင်းသိရသည်။ ဒေသခံရေလုပ်ငန်းရှင်များမှာ ၎င်းရေခူများအား ဆယ်ယူကာ ၁၀ ပေခန့်ရှိသော ကန်များတွင် ထည့်စိမ်ပြီး အဆင့်ဆင့် အသင့်စားသုံးနိုင်သည်အထိ ပြုလုပ်ကြကြောင်း သိရသည်။
ပင်လယ်ရေခူအမျိုးအစားများတွင် ဒေသအခေါ် ငါးထီး၊ ရေဖန်ခွက်နှင့် ဆံပင်ချည်တို့မှာ တပေါင်းလတွင် ပင်လယ်ဒီရေနှင့်အတူ မြစ်တွင်းသို့ ချဥ်းနင်းဝင်ရောက်လာကြပြီး ငါးထီးမှာ ဆေးကုလားမတုံးလို အဖြူရောင် အတုံးလိုက်၊ အခဲလိုက် ရေပေါ်တွင် ပေါလောမျောပါလာတတ်ကြသည်။ ရေဖန်ခွက်မှာ ကတော့ပုံသဏ္ဍာန်ရှိသည်။ ရေတက်နှင့် ပါလာတတ်ကြသည်။ အဆိပ်ရှိရေသတ္တဝါမှာ ရေဖန်ခွက်များ ဖြစ်ကြပါသည်။
အဆိပ်အပြင်းဆုံးရေခူမှာ ဆံပင်ချည်များကဲ့သို့ အမျှင်ငယ်လေးများစွာ သွယ်တန်းလျက်ရှိပြီး ရေပြင်တွင် အလွယ်တကူ မမြင်နိုင်သည့်အတွက် ခန္ဓာကိုယ်၏ မွေးညင်းပေါက်ရှိသည့်နေရာတွင် ထိမိသည်ဆိုရုံမျှဖြင့် အဆိပ်တက်တော့၏။ သေလုမတတ် အခံရခက်၏။ ရေခူများ၏ စိမ်းလဲ့လဲ့အရောင်ရှိသော အဆိပ်မှာ ကျောက်ချဥ်နှင့် စိမ်လျှင် ပျောက်၏။ တံငါဆေးမြီးတိုအနေဖြင့် ရေခူထိလျှင် အုန်းစိမ်းရေသောက်၊ စအိုဝမီးမြိုက်လျှင် လက်တွေ့သက်သာသည် ဟုဆို၏။ ရေခူများမှာ ကျောက်ဆောင်များတွင်လည်း တွယ်ကပ်နေလေ့ ရှိကြပါသည်။
ကမ္ဘာပေါ်တွင် ရေခူ (Jellyfish) မျိုးစိတ်ပေါင်း (၃) သိန်းကျော်ခန့်ရှိသည်ဟု သိရပါသည်။ ထိုမျိုးစိတ်များတွင် Turritopsis Dohrnii မျိုးစိတ်သည် ထူးခြားလှပြီး ထာဝရမသေဘဲ ရှင်သန်နိုင်သော ရေခူဟုဆိုကြပါသည်။ ထိုရေခူမှာ အရွယ်အစား ဗျက် ၄ မီလီမီတာခွဲခန့်သာရှိပြီး အလွန်သေးငယ်လှသော်လည်း ၎င်းတို့၏ဘဝတွင် သေဆုံးတော့မည့် အချိန်တွင် အရွယ်မရောက်သေးသောဘဝသို့ ပြန်ပြောင်းပြီး ထပ်မံကြီးထွားလာကြပါသည်။ သိပ္ပံပညာရှင်များသည် အဆိုပါဖြစ်စဥ်ကို အဆိုပါရေခူမှ အကြိမ်ကြိမ်အထပ်ထပ် ပြန်လည်ပြောင်းလဲနိုင်စွမ်းရှိသောကြောင့် လုံးဝမသေဘဲ ထာဝရအသက်ရှင်နိုင်သည်ဟု ယူဆခဲ့ကြပါသည်။
ရေခူ(Jellyfish) မှာ စား၍ရသော ပင်လယ်စာတစ်မျိုးဖြစ်ပြီး ရေခူအချိုသုပ်၊ အစပ်သုပ် သုပ်စားကြပါသည်။ အများအားဖြင့် အစိုထက် အခြောက်ကို သုပ်စားခြင်းဖြင့် အထူးနှစ်သက်ကြပေသည်။ ဒေသတွင်လည်း ငါးဖန်ခွက်ဟု လူသိများလှသော ရေခူမျိုးမှာ အဆိပ်ရှိသော်လည်း အလွန်စားကောင်းလှပေသည်။ ရေခူသုပ်မှာစားရတာ ထုတ်ထုတ်အိအိလေးနှင့် အရသာရှိလှပါသည်။ ထမင်းဖြင့်စားစား၊ ဒီတိုင်းစားစား အဆင်ပြေစေသည့် စားစရာဖြစ်သည်။ ရေခူများမှာ ဈေးလည်းသင့်ပါသည်။
ထားဝယ်၊ မောင်းမကန် ကမ်းခြေမှာစားခဲ့ဖူးသည့် ရေခူသုပ်မှာ ရေခူ၊ ကြက်သွန်ဖြူ / နီ၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ ပုစွန်ခြောက်၊ သံပုရာရည်၊ ဟင်းခတ်မှုန့်၊ ရှောက်ရွက်၊ ဆီအနည်းငယ်ဖြင့် သုပ်ထားသည့် ထားဝယ်ရေခူသုပ်မှာစား၍ အလွန်ကောင်းလှပြီး ခံတွင်းမြိန်လှပါသည်။ ရေခူကို ရိုးရိုးရေဖြင့်စိမ်ထားပြီးလျှင် အငန်ဓါတ်တွေ ထွက်သွားအောင်ပွတ်ဆေး၊ ရေကြည်သွားလျှင် ဒယ်အိုးထဲ အပူပေးရပါသည်။ ပြီးမှ သုပ်စားကြပါသည်။
ရေခူကို စားသုံးခြင်းဖြင့် ဥာဏ်ရည်တိုးပွားစေခြင်း၊ အသားအရည်နုပျိုစေခြင်း၊ ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်များပါဝင်ပြီး အဆီဓါတ်နည်းခြင်းစသည့် ကျန်းမာရေးကောင်းကျိုးများ ရရှိလာနိုင်ပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)