အပင်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ

08/10/2021 11:00 AM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    အပင်ရောဂါများသည်  မှို၊ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ နီမတုတ် စသည့် ရောဂါဖြစ်စေသောသက်ရှိများကြောင့် ဖြစ်ပွားပါတယ်။ အပင်ရောဂါတစ်ခုဖြစ်ပွားရန် ရောဂါဖြစ်စေသော သက်ရှိ၏ အရေအတွက်နှင့် ရောဂါဖြစ်နိုင်စွမ်းအား၊ လက်ခံပင်၏ ခံနိုင်ရည်မဲ့မှု၊ ပတ်ဝန်းကျင်အခြေအနေ၏ အားပေးမှုဟူ၍ အကြောင်းရင်း ၃ ရပ်ပြည့်စုံရန် လိုအပ်ပါသည်။ ၎င်းတို့အနက် တစ်ခုခုမပြည့်စုံပါက အပင်ရောဂါများ မဖြစ်ပွားနိုင်ပေ။

    ရောဂါဖြစ်စေသောသက်ရှိများအနက်မှ ဗိုင်းရပ်စ်များသည် ပုံသဏ္ဍန်နှင့် အရွယ်အစားအမျိုးမျိုးရှိပြီး အရွယ်အစားအလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နိုင်ပါ။ ဗိုင်းရပ်စ်ရောဂါများသည် လျင်မြန်စွာပျံ့ပွားပြီး နှိမ်းနှင်းရန် ဆေးမရှိသောကြောင့် အချိန်မီကြိုတင်မကာကွယ်နိုင်ပါက သီးနှံအထွက်နှုန်းကို ထိခိုက်စေပြီး ဆိုးရွားစွာကျရောက်ပါက အပင်သေသည်အထိ ဖြစ်စေနိုင်ပါသည်။

    သီးနှံပင်များသည် ဗိုင်းရပ်စ်များတိုက်ခိုက်ခံရသောအခါ အရွက်များ၊ အညွန့်၊ ပင်စည်နှင့် ပန်းပွင့်များအရောင်ပျက်ခြင်း၊ ပုံသဏ္ဍန်ပျက်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။ ဗိုင်းရပ်စ်များသည် ၎င်းတို့ရှင်သန်ကြီးထွားရန်နှင့် မျိုးပွားရန် လက်ခံပင်များလိုအပ်ပါသည်။ ဗိုင်းရပ်စ်များသည် အပင်ဆဲလ်ထဲ့သို့ plasmodesmata ကိုဖြတ်၍ ဝင်ရောက်ပြီး အခြားသောအပင်အစိတ်အပိုင်းများသို့ အစာရေကြောမှတဆင့် ဝင်ရောက်ပါတယ်။ ၎င်းတို့သည် အလွန်သေးငယ်သော အပင်ရောဂါဖြစ်စေသော သက်ရှိများဖြစ်ပြီး protein coat နှင့် nucleic acid ဖြင့်ဖွဲ့စည်းထားပြီး ၎င်းသည် အပင်ဆဲလ်ထဲသို့ ဝင်ရောက်သောအခါ ၎င်း၏ protein coat ကို ချွေချပြီး မျိုးပွားပါတယ်။ ဗိုင်းရပ်စ်များသည် ၎င်းတို့ကိုယ်တိုင် တစ်နေရာမှ တစ်နေရာသို့ မကူးပြောင်းနိုင်ဘဲ လူအပါအဝင် ၎င်းတို့ကို သယ်ဆောင်ပေးသော အင်းဆက်များမှတဆင့် လက်ခံပင်တစ်ပင်မှ တစ်ပင်သို့ ပျံ့နှံ့ကြပါတယ်။ အပင်ဆဲလ်များသည် ခိုင်မာတောင့်တင်သော ဆဲလ်နံရံများဖြင့် ဖွဲ့စည်းထားသောကြောင့် ဗိုင်းရပ်စ်များသည် အပင်ဆဲလ်နံရံကို အလွယ်တကူ မထိုးဖောက်နိုင်သဖြင့် စုပ်စားပိုးများဖြစ်သော ပျပိုး၊ ယင်ဖြူ၊ လှေး၊ ဖြုတ်ပိုးများနှင့် နီမတုတ်၊ မွှားများမှတဆင့် ပျံ့ပွားပါတယ်။ ထို့ပြင် ဗိုင်းရပ်စ်ကျရောက်သောမျိုးစေ့၊ ကိုင်းကူးခြင်း၊ လေ၊ မိုးရေစက်များ၊ ဝတ်မှုန်ကူးခြင်း၊ အပင်ရည်များမှတစ်ဆင့် ပျံ့နှံ့နိုင်ပါတယ်။ အပင်ဗိုင်းရပ်စ်များသည် သီးနှံပင်ကို မသေစေနိုင်သော်လည်း သီးနှံအထွက်နှုန်း၊ အရည်အသွေး၊ ဈေးကွက်ဝင်မှုကို ထိခိုက်စေနိုင်ပါတယ်။ 

ဗိုင်းရပ်စ်ကျရောက်မှု လက္ခဏာများ

    အပင်ဗိုင်းရပ်စ်ရောဂါများသည် ပတ်ဝန်းကျင်အပူချိန်ကိုလိုက်၍ ပြောင်းလဲခြင်း၊ တချို့လက္ခဏာများမှာ မထင်ရှားခြင်းကြောင့် ရောဂါကျရောက်သည်ကို သတိမပြုမိဘဲ စိုက်ခင်းတစ်ခင်းလုံးသို့ လျင်မြန်စွာပျံ့နှံ့နိုင်သဖြင့် ကြောက်စရာကောင်းလှပါသည်။ ဗိုင်းရပ်စ်ကျရောက်မှုလက္ခဏာများမှာ ကျရောက်သော ဗိုင်းရပ်စ်အမျိုးအစား၊ အပင်အမျိုးအစားပေါ်မူတည်၍ ကွဲပြားပါတယ်။ 

    အရွက်များတွင်တွေ့ရသော လက္ခဏာများမှာ အရွက်များ ရောင်မညီကွက်ကြားဖြစ်ခြင်း(moasic)၊ အရွက်များ စိမ်းဝါရောင်ပြောင်းခြင်း(chlorosis)၊ ဆဲလ်သေကွက်များ ဖြစ်ပေါ်ခြင်း(necrosis)၊ အရွက်ဝါခြင်း၊ ရွက်ကြောများပျောက်ခြင်း၊ အရွက်တွန့်လိပ်ခြင်းတို့ဖြစ်ပါတယ်။

    ပန်းပွင့်များတွင် တွေ့ရသောလက္ခဏာများမှာ ပန်းပွင့်ပုံသဏ္ဍန်ပျက်ခြင်း၊ အရောင်ပြောင်းခြင်းတို့ဖြစ်သည်။

    သစ်သီးနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့ရသော လက္ခဏာများမှာ အရောင်မညီကွက်ကြားဖြစ်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း၊ အရောင်ပျက်ခြင်း၊ ပုံသဏ္ဍန်ပျက်ခြင်း။ ပင်စည်များတွင် ပင်စည်ကွဲခြင်း၊ အဖုအကြိတ်များဖြစ်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။

ဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ခြင်း

- သီးနှံပင်များသည် ကျန်းမာသန်စွမ်းပါက ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသောကြောင့် အာဟာရဓာတ်များ ပြည့်ဝစွာကျွေးရန်လိုအပ်ပါသည်။ 

- ဗိုင်းရပ်စ်ရောဂါကင်းစင်သော မျိုးစေ့များ၊ အပင်အစိတ်အပိုင်းများကို ရွေးချယ်စိုက်ပျိုးပါ။

- ပိုးပြေးစေသော ထောင်ချောက်သီးနှံ (ဥပမာ-ချစ်တီးပန်း) များကို စိုက်ပျိုးပါ။

- ပေါင်းပင်များသည် ဗိုင်းရပ်စ်ရောဂါဖြစ်စေသာ ဗိုင်းရပ်စ်များ၏လက်ခံပင်အဖြစ် လုပ်ဆောင်ပေးသောကြောင့် ပေါင်းရှင်းပေးပါ။

- ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

- ဗိုင်းရပ်စ်များကို သယ်ဆောင်ပေးသော ပျ၊ လှေး၊ ယင်ဖြူ စသော အင်းဆက်များကို စိုက်ခင်းအတွင်း တွေ့ရှိပါက ကြိုတင်ကာကွယ်ပါ။

- ဗိုင်းရပ်စ်များသည် လယ်ယာသုံး ပစ္စည်းများမှတစ်ဆင့် ပြန့်ပွားနိုင်သောကြောင့် တခြားစိုက်ခင်းတွင် အသုံးမပြုခင် သန့်ရှင်းအောင် ဆေးကြောပေးပါ။

Reference by

https://www.bighaat.com/blogs/kb/viral-diseases-in-plants-and-its-control

https://www.apsnet.org/edcenter/disandpath/viral/introduction/Pages/PlantViruses.aspx

https://www.rhs.org.uk/advice/profile?PID=188

https://ausveg.com.au/biosecurity-agrichemical/crop-protection/overview-pests-diseases-disorders/viral-diseases/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်