ပဲကြီး စိုက်ပျိုးနည်း

Photo - ပဲကြီးစိုက်ပျိုးနည်း

ပဲကြီးသည် အိန္ဒိယနိုင်ငံ၏ အဓိက အစားအစာ နှစ်ရှည်သီးနှံပင် ဖြစ်သည်။ တိရိစ္ဆာန်အစာဖြစ်သော်လည်းကောင်း ပဲအဖြစ်သော်လည်းကောင်း ဟင်းသီးဟင်းရွက်သီးနှံအဖြစ်သော်လည်းကောင်း စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသော သီးနှံလည်းဖြစ်သည်။ အိန္ဒိနိုင်ငံ၏ ကျေးလက်နေ ပြည်သူအများစုသည် ဟင်းသီးဟင်းရွက်သီးနှံအဖြစ် အိမ်များ၌သာ အများဆုံး စိုက်ပျိုးကြပါသည်။ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းစျေးကွက်၌ ဝယ်လိုအားကောင်းသော သီးနှံလည်းဖြစ်သည်။ ထို့ကြောင့်ပဲကြီးသည် စီးပွားရေးအရ တွက်ခြေကိုက်သော သီးနှံဖြစ်လာသည်အလျောက် တစ်နေ့ထက် တစ်နေ့ စိုက်ပျိုးမှုသည် များပြားလာခဲ့ပါသည်။

ပဲကြီး၏အသုံးဝင်မှုများနှင့် အကျိုးကျေးဇူးများ

-သစ်စိမ်းမြေသြဇာ (သို့မဟုတ်) ကျွဲစာ၊ နွားစာ အဖြစ် အသုံးပြုကြသည်။

-နိုက်ထရိုဂျင် ဖမ်းယူမှု အားကောင်းသော သီးနှံလည်း ဖြစ်သည်။

-အသီးတောင့်ကို ဟင်းသီးဟင်းရွက်သီးနှံအဖြစ် စားသုံးကြသည်၊။

-အစာချေဖျက်မှုအတွက် အလွန်ကောင်းမွန်သည်။

-ကျန်းမာရေးအတွက် အထောက်အကူပြုသော အမျှင်ဓာတ်များ ပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးသည်။

-ဝိတ်ကျစေသည်။

-ပရိုတိန်းဓာတ်များ မြင့်မားစွာပါဝင်သည်။

ရာသီဥတုလိုအပ်ချက်

အအေးကြိုက်သော သီးနှံဖြစ်ပြီး အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသများတွင် လည်း စိုက်ပျိုးရန်သင့်တော်သည်။ မြင့်မားသော အပူချိန်နှင့် စိုထိုင်းဆသည် အပင်ကြီးထွားရန်အတွက် အထောက်အကူပြုသည်။

မြေ

မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ နုန်းမြေကို ပို၍ ကြိုက်နှစ်သက်သည်။ မြေချဉ်မြေငံတွင်လည်း ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငံကိန်း ၈.၅ အထိခံနိုင်ရည် ရှိသည်။

မျိုးပွားခြင်း

အများအားဖြင့် အစေ့ဖြင့်သာ မျိုးပွားသည်။

မြေပြင်ခြင်းနှင့် စိုက်ပျိုးခြင်း

ထယ်ရေးနက်နက်ထွန်၍ ပေါင်းများကိုရှင်းလင်းပြီး တမန်းကို ကောင်းစွာ ပြုပြင်ရမည်။ မိုးနှောင်းကာလ ဂျူလိုင်လသည် အကောင်းဆုံး စိုက်ပျိုးချိန်ဖြစ်ပြီး နိုဝင်ဘာလအတွက် ပန်းပွင့်ကာ ဇန်နာဝါရီတွင် ရိတ်သိမ်းနိုင်သည်။

အစေ့နှုန်းထား

မျိုးအလိုက်ကွာခြားမှုရှိနိုင်သည်။ တစ်ဧကအတွက် ၂၀-၂၅ kg သည် လုံလောက်စွာ စိုက်ပျိုးနိုင်သည်။ ပင်ခြားတန်းခြားမှာ ၁မီတာ-၁မီတာ ဖြင့်စိုက်ပျိုးနိုင်သည်။

ပေါင်းမြတ်နှိမ်းနင်းခြင်း

Basalin ကဲ့သို့ ပေါင်းသတ်ဆေးကို ရေနှစ်လီတာဖြင့် ရောစပ်၍ ပေါင်းမြတ်များကို သေစေနိုင်သည်။ မစိုက်ပျိုးမီနှင့် စိုက်ပျိုးပြီးချိန်၌ ပေါင်းသတ်ဆေးများအသုံးပြုပါက မြေကြီးထဲတွင် ကောင်းစွာအစိုဓာတ်ရှိရမည်။ စိုက်ချိန်မှ ရိတ်သိမ်းချိန်ထိ ပိုးမွှားရောဂါ ကျလွယ်သော သီးနှံဖြစ်သည်။

ရေသွင်းခြင်း

ဆောင်းရာသီတွင် နှစ်ပတ်တစ်ကြိမ် အားဖြင့်သော်လည်းကောင်း၊ နွေရာသီတွင် တစ်ပတ်တစ်ကြိမ် ဖြင့်သော်လည်းကောင်း ရေပေးသွင်းနိုင်ပါက အကောင်းဆုံးဖြစ်သည်။ မြေကြီးထဲတွင်ရှိသော အစိုဓာတ်ကို လိုက်၍ ရေပေးသွင်းရမည်။

ကြားသီးနှံစိုက်ပျိုးခြင်း

စိုက်ပျိုးသောပင်ခြားတန်းခြားအပေါ်မူတည်၍ ကြားသီးနှံထည့်ခြင်းသည် ဝင်ငွေနှစ်ဆ ပို၍ ရရှိစေနိုင်သည်။ ကြားသီးနှံ စိုက်ပျိုးခြင်းသည် မြေကြီးထဲတွင် ရှိသော နိုင်ထရိုဂျင်ဖမ်းယူမှုကိုလည်း အကူအညီပေးသည်။ ကြားသီးနှံအနေဖြင့် လူး၊ဆပ်၊ပြောင်း၊နှံစားပြောင်း၊မြေပဲ စသည့် သီးနှံများ ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။

မြေသြဇာထည့်သွင်းခြင်း

ပဲမျိုးနွယ်ဝင်ဖြစ်သောကြောင့် နိုကထရိုဂျင် အနည်းငယ်သာ လိုအပ်သည်။ တစ်ဧလျှင် တိရစ္ဆာန်ချေး ၅တန် မှ ၈တန် ၊ နိုက်ထရိုဂျင် ၁၀ kg နှင့် ဖော့စဖောရက် ၂၀ kg ကို စိုက်ပျိုးချိန်၌ အသုံးပြုနိုင်သည်။ ကြားသီးနှံအပေါ်လိုက်၍ မြေသြဇာထည့်သွင်းမှု ကွဲပြားနိုင်သည်။

ရိတ်သိမ်းခြင်း

စိုက်ပြီး ၃လ အကြာတွင် ရိတ်သိမ်းနိုင်သည်။ လက်ဖြင့်ရိတ်သိမ်းလျှင် အပင်အောက်ခြေအထိ ရိတ်ယူနိုင်သည်။ အရည်အသွေးကောင်းစေရန်အတွက် ရိတ်သိမ်းချိန်ကို နံနက် (သို့မဟုတ်) ညနေစောင်းတွင် ရိတ်သိမ်းပေးရမည်။

အထွက်နှုန်း

စိုက်ပျိုးသောနည်းစနစ်အပေါ်မူတည်၍ သော်လည်းကောင်း၊ မျိုးပေါ်လိုက်၍ သော်လည်းကောင်း အထွက်နှုန်း ကွာခြားနိုင်သည်။ တစ်ဟက်တာတွင် အသီးတောင့် ၁၀၀၀၀ kg မှ ၁၂၀၀၀ kg ထိ ထွက်ရှိနိုင်ပါသည်။ ၅ တန် မှ ၁၀ တန်အထိ တိရိစ္ဆာန်အစာ ဖြစ်သော်လည်းကောင်း၊ သစ်ရွက်စိမ်း မြေသြဇာအဖြစ်သော်လည်းကောင်း သစ်စိမ်းဓာတ်များ ရရှိနိုင်ပါသည်။

မင်းသူသူကို

 

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမန်းအိုအို ပျိုးပျိုပျို"