အရွက်တွေပေါ်မှာတွေ့ရလေ့ရှိတဲ့ အဖုအလုံးများ

15/11/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

တခါတရံ အပင်ရဲ့အရွက်တွေပေါ်မှာ အဖုအထစ်တွေဖြစ်ပေါ်လာပြီး အစက်ပြောက်ထနေတာတွေ အရွက်တွေပေါ်မှာ ထိုးထိုးထောင်ထောင်နဲ့ ငေါထွက်လာတာမျိုးတွေ မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီလိုအရွက် တွေပေါ်မှာ ပုံမှန်မဟုတ်တဲ့ အဖုအလုံး (Leaf Gall) တွေကို မြင်တွေ့ရတာဟာ အပင်မှာ ထိခိုက်မှု တစ်ခုခု ရှိနေတယ် ဆိုတာကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ ဒီအဖုအလုံးတွေဟာ မာကျောတာမျိုးလည်း ရှိနိုင်သလို အတွင်းမှာ အခေါင်းပေါက်ဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။

အဆိုပါအခြေအနေကို ကြုံတွေ့ရတဲ့အခါ ကျွန်ုပ်တို့ အနေနဲ့  ပထမဆုံးတွေးမိနိုင်တာက ရောဂါကြောင့်လည်း ဖြစ်နိုင်သလို ရွက်ထွင်းပိုးကဲ့သို့ အဖျက်ပိုးတွေရဲ့ ဥချခြင်းနဲ့ အရွက်တွင်းဝင်ရောက် နေထိုင်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထင်မြင် ယူဆနိုင်ပါတယ်။ သို့ပေမယ့်လည်း ဒီဖြစ်ရပ်နဲ့ပတ်သတ်တဲ့ သတင်းကောင်းတစ်ခုကတော့ အဆိုပါ အဖုအလုံး တွေဟာ ရောဂါကြောင့် ဖြစ်တာမျိုးမဟုတ်ဘဲ များသောအားဖြင့် အင်းဆက်ပိုးမွှားတွေကြောင့် ထိခိုက် ပျက်စီးတတ်တာ ဖြစ်ပါတယ်။ သို့ပေမယ့် အဆိုပါ အဖုအထစ်တွေကို ကျွန်တော်တို့ မြင်တွေ့ရတဲ့အချိန်မှာတော့ အင်းဆက်တွေဟာ  ၎င်းနေရာကနေ ရွေ့ပြောင်းသွားတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ 

အရွက်ပေါ်မှာ တွေ့ရတတ်တဲ့ အဖုအလုံးတွေဟာ စိတ်အနှောက်အယှက် ဖြစ်စရာကောင်းတဲ့ လက္ခဏာ ဖြစ်ပေမယ့်လည်း များသောအားဖြင့်တော့ ၎င်းတို့ကိုမြင်တွေ့ရတဲ့ ပုံစံတွေလောက် အခြေအနေ ဆိုးရွား နေတာ မျိုးတော့ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် အင်းဆက်ပိုးမွှားတွေဟာ အပင်တစ်ရှူးအောက်မှာ နေထိုင်စားသောက် ဖျက်ဆီးခြင်းနဲ့ ဥ ဥခြင်းတွေကြောင့် အပင်ရဲ့ဆဲလ်တွေ လှုံ့ဆော်မှုဖြစ်ပြီး အဖုအထစ်တွေနဲ့ ပုံသဏ္ဍာန်မမှန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အချို့သော အဖုအလုံးတွေကတော့ ဘက်တီးရီးယား၊ မှို၊ နီမတုတ်နဲ့ ဗိုင်းရပ်စ်တွေရဲ့ ကူးစက်မှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး အင်းဆက်ပိုးမွှားတွေကြောင့် ဖြစ်ရတဲ့ အဖုအလုံးတွေနဲ့ ခွဲခြားနိုင်ဖို့ ခက်ခဲပါတယ်။ မူလအကြောင်းအရင်း မည်သို့ပင်ဖြစ်စေ အဆိုပါသက်ရှိတွေဟာ များသော အားဖြင့်တော့ အရွက်ပေါ်မှာ အမြဲရှိနေကြတာ မဟုတ်ပါဘူး။ အဖုအလုံးတွေ ဖြစ်ပေါ်လာခြင်းဟာ အပင်အနေနဲ့ ၎င်းရဲ့ထိခိုက်မှုအတွက် ပြသတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ 

ဖုဖောင်းနေတဲ့ ပုံသဏ္ဍာန်တွေကို မြင်တွေ့ရပေမယ့်လည်း အင်းဆက်ပိုးတွေဟာ အဆိုပါ အဖုအလုံးတွေထဲမှာ နေထိုင်မှာမဟုတ်သလို ဥတွေကိုလည်း ချန်ထားခဲ့မှာမဟုတ်ပါဘူး။ အရွက်တွေမှာ အဖုအလုံးတွေပေါ်လာတာကို သတိပြုမိတာနဲ့ တပြိုင်နက် အင်းဆက်ပိုးမွှားတွေဟာ ရွှေ့ပြောင်းသွားတတ်တာ ဖြစ်ပါတယ်။ အဲ့ဒီလို တခြား နေရာကို မရွှေ့ပြောင်းခင်မှာ သူတို့ဟာ အပင်အတော်များများရဲ့ အသွင်အပြင်ကို ထိခိုက်ပျက်စီးသွားအောင် ပြုလုပ်တတ်ကြပါတယ်။ အထူးသဖြင့် ပင်စည်၊ အကိုင်းအခက် နဲ့ ပန်းပွင့်တွေမှာ အဖုအလုံးတွေ ထွက်ပေါ် လာနိုင်တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အရွက်ပေါ်မှာ ဖြစ်ပေါ်တာကတော့ အထင်ရှားဆုံးနဲ့ အဖြစ်များဆုံး လက္ခဏာ ဖြစ်ပါတယ်။

အများစုကတော့ လတ်ဆတ်ပြီး အရွက်သစ်တွေ ပေါပေါများများ ထွက်လာတဲ့အခြေအနေမှာ အင်းဆက်နဲ့ အခြားသက်ရှိတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အဖုအလုံးတွေကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ အရွက်ရင့်တွေမှာ အဖုအလုံးတွေ ဖြစ်ပေါ်လာပြီး ထိခိုက်ပျက်စီးတာတော့ နည်းပါးပါတယ်။ သို့ပေမယ့်လည်း အပင်အများစုဟာ ခံနိုင်ရည်မရှိကြသလို အထူးသဖြင့် နွေဦးကာလ အရွက်သစ်တွေ ထွက်လာအခါမှာ အဖုအလုံးတွေကို အများဆုံး ဖြစ်ပေါ်စေတတ်တာ ဖြစ်ပါတယ်။ အဖုအလုံးတွေ ဖြစ်ပေါ်လာရုံနဲ့တော့ အပင်တစ်ပင်လုံးကို သေစေနိုင်မှာ မဟုတ်ပေမယ့်လည်း ၎င်းအခြေအနေကြောင့် အပင်ကို အားပျော့လာစေပြီး ပုံမှန်ထက်ကို အရွက်တွေ စောစီးစွာ ကြွေကျစေနိုင်တာ ဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ အပင်ဆိုရင်တော့ ကြီးထွားမှုအသစ်ဖြစ်ပေါ်ပြီး ပြန်လည် ကောင်းမွန်လာမှာဖြစ်ပေမယ့် အရွက်များဆုံးရှုံးသွားတာကြောင့် အစာချက်လုပ်မှုကိုထိခိုက်ပြီး အပင်ကို အားယုတ် သွားစေမှာ ဖြစ်ပါတယ်။

အရွက်ဖုလုံးတွေကို ဘယ်လိုထိန်းချုပ် ကာကွယ်နိုင်သလဲ? 

အရွက်ပေါ်မှာ အဖုအလုံးတွေ ဖြစ်ပေါ်ခြင်းဟာ အပင်တွေအတွက် ဆိုးရွားတဲ့ပြဿနာ မဟုတ်ပေမယ့်လည်း အဆိုပါ အခြေအနေကိုတော့ လုံးဝ လျစ်လျူမရှုသင့်ပါဘူး။ အရွက်ပေါ်မှာ အဖုအလုံးတွေ ထွက်ပေါ်လာခြင်းဟာ အပင်အနေနဲ့ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့နဲ့ ပြန်လည်ကုသဖို့ ကြိုးစားတဲ့လက္ခဏာ ဖြစ်တာကြောင့် ၎င်းအချိန်မှာ အပင်တွေဟာ စွမ်းအင်နဲ့ အာဟာရဓာတ်များစွာကို လိုအပ်တာလည်း ဖြစ်ပါတယ်။ အပင်ပြန်လည်ကြီးထွားတဲ့ ရာသီအစဖြစ်တာကြောင့် အပင်တွေဟာ အရွက်တွေထွက်လာဖို့၊ ပန်းပွင့်ဖို့နဲ့ ကြီးထွားသန်မာလာစေဖို့ ၎င်းရဲ့ စွမ်းအားရှိသမျှကို လိုအပ်တာလည်း ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့်တော့ အရွက်တွေဟာ အဖုအလုံးတွေ မပေါ်လာခင်ကတည်းက ပျက်စီးသွားလေ့ရှိတာကြောင့် ဘယ်လိုနည်းနဲ့ ကုသကာကွယ်ရမယ်ဆိုပြီး အကြံပြုတာရှားပါတယ်။ သို့ပေမယ့်လည်း ကျွန်ုပ်တို့ရဲ့ စိုက်ခင်းတွေမှာ အမျိုးအစားတူညီတဲ့ အင်းဆက်ပိုးမွှားတွေ တစ်နှစ်ပြီးတစ်နှစ် ဆိုးဆိုးရွားရွား ကျရောက်တတ်တဲ့ ပြဿနာရှိနေမယ်ဆိုရင်တော့ ၎င်းအင်းဆက်အရေအတွက်ကို ထိန်းချုပ်ကာကွယ်သင့်ပြီး ထိခိုက်ပျက်စီးမှုတွေကို လျော့နည်းအောင် ဆောင်ရွက်သင့်ပါတယ်။ အဖုအလုံးတွေကို ဖြစ်ပေါ်စေတဲ့ အင်းဆက်တွေဟာ သူတို့ အစာအနေ နဲ့ စားသောက်ဖို့အတွက် အခြားအင်းဆက်တွေကိုပါ ဆွဲဆောင်နိုင်ပြီး အစာရှိနေသရွေ့ အဲဒီပတ်ဝန်း ကျင်မှာ အချိန်ကြာရှည်စွာ နေထိုင်နိုင်တာ ဖြစ်ပါတယ်။ 

ကာကွယ်ထိန်းချုပ်ရာမှာ ဆီ ကိုအခြေခံပြီး ပြုလုပ်ထားတဲ့ ပိုးနှင်ဆေးတွေအသုံးပြုခြင်းဟာ အပင်များပေါ်မှာ ကျက်စားတဲ့ အရွက်စားအင်းဆက်ပိုးမွှားတွေကို ထိန်းချုပ်ရာမှာ အထူးသင့်တော်တဲ့ ကာကွယ်နည်းတစ်ခု ဖြစ်ပါတယ်။ “ဆီကို အခြေခံပြီး ပြုလုပ်နိုင်တဲ့ ပိုးနှင်ဆေးများ” ဆိုတဲ့ ဆောင်းပါးမှာ အပြည့်အစုံ လေ့လာနိုင်ပါတယ်။ အပင်တွေမှာ ပထမဆုံး အရွက်သစ်တွေထွက်လာမယ့် ဆောင်းအကုန် နွေအကူး နွေဦးပေါက်ရာသီမျိုးမှာ ဆီကိုအခြေခံပြီး ပြုလုပ်ထားတဲ့ဆေးတွေကို ဖြန်းဆေးအနေနဲ့ အသုံးပြုခြင်းဖြင့် အရွက်နုတွေကိုစားသုံးဖို့ လာရောက်ကြမယ့် အင်းဆက်ပိုးမွှားတွေကို ကာကွယ်နှိမ်နင်းပြီးသား ဖြစ်ပါလိမ့်မယ်။ ဆေးဖြန်းတဲ့အခါ ထိရောက်မှုရှိစေဖို့အတွက် အပင်ရဲ့ အစိတ်အပိုင်းအားလုံးကို နှံ့စပ်အောင်ဖြန်းပေးသင့်ပါတယ်။ ဆီ ပိုးနှင်ဆေး အသုံးပြုခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်တဲ့ အဖျက်ပိုးတွေကတော့ မွှားပင့်ကူနီ၊ လှေးပိုး၊ ပိုးစေးနှဲ၊ အကြေးပိုး၊ ပျပိုး၊ ယင်ဖြူနဲ့ အခြားခန္ဓာကိုယ်ပျော့ပျောင်းတဲ့ အင်းဆက်ပိုးတွေ ဖြစ်ပါတယ်။ ဒီဆေးဟာဆိုရင် ထိတွေ့မိတဲ့ ပိုးမွှားတွေကို အသက်ရှူရခက်ခဲစေပြီး သေဆုံးစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းပိုးမွှားတွေ ဥ ဥထားတဲ့အချိန် အဆီနဲ့ ထိတွေ့မိရင် ဥမြုံအပြင်ဘက်မှာရှိတဲ့ နံရံကိုထိုးဖောက်ပြီး အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်တွေကို ထိခိုက် ပျက်စီးစေနိုင်တဲ့ အာနိသင်တွေရှိနေတာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref: 

https://www.thespruce.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်