မွေးမြူရေးနဲ့ တစေး

11/10/2024 13:30 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးကဏ္ဍမှာ ပဋိဇီဝဆေးဝါးတွေကို လျှော့ချသုံးစွဲဖို့ ကမ္ဘာတဝန်းလုံး ကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုလာကြပြီမို့ ပဋိဇီဝဆေးဝါးတွေကို မသုံးရရင် သူ့နေရာမှာ ဘာနဲ့ အစားထိုးသုံးစွဲကြမလဲဆိုတဲ့ ပြဿနာက မွေးမြူရေးကဏ္ဍအတွက် ခေါင်းရှုပ်စရာအနေနဲ့ ဆက်လက်ပေါ်ပေါက်လာပါတယ်။ ပဋိဇီဝဆေးဝါးတွေကို အစားထိုးနိုင်မယ့်ပစ္စည်း (alternatives) တွေ အများအပြား ရှာဖွေတွေ့ ရှိထားရာ မှာ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး (Saccharomyces cerevisiae) လို့ခေါ်တဲ့ တစေး (yeast) ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ တစေး ရဲ့ အခြေခံသဘာဝကို တင်ပြလိုပါတယ်။ 

တစေးဆိုတာ ဘာလဲ?

အကြမ်းအားဖြင့် တစေး (yeast) ဆိုတာ မှိုတစ်မျိုးဖြစ်ပါတယ်။ ခက်တာက မှိုလို့ပြောလိုက်ရင် မြန်မာတို့ အတွက် အတော်နားရှုပ်စရာ ကောင်းပါတယ်။ မြန်မာလူမျိုးတွေက မှိုအုပ်စု သုံးခုစလုံးကို မှိုလို့ပဲ ခေါ်ဝေါ်ကြတာ ကြောင့်ပါ။ 

အင်္ဂလိပ်ဘာသာစကား Fungus (အများကိန်း - Fungi သို့မဟုတ် Funguses) ကို မြန်မာဘာသာကို ပြန်ဆိုတဲ့အခါ “မှို” လို့ ဘာသာပြန်ဆိုကြပါတယ်။ Fungus ဆိုတာ လောကတစ်ခုပါ။ ဥပမာအားဖြင့် သတ္တဝါတွေအား လုံးကို စုစည်းပြီး သတ္တဝါလောက (Animal Kingdom) လို့ ခေါ်သလို၊ Fungus ဆိုတာကလည်း သက်ရှိလောက (Kingdom) တစ်ခု ဖြစ်ပါတယ်။ 

Fungus (မှို) ဆိုတဲ့ Kingdom ထဲက လူတွေရဲ့ မျက်စိဖြင့် အလွယ်တကူမြင်ရပြီး၊ အပင်တွေလို ခူးဆွတ် နိုင်တဲ့ Mushroom တွေ (ဥပမာ - ကောက်ရိုးမှို၊ ကြွက်နားရွက်မှို) တွေကိုလည်း မြန်မာဘာသာနဲ့ “မှို” လို့ပဲ ခေါ်ပါ တယ်။  အဲဒီ Kingdom ထဲမှာပဲ ပါဝင်ပြီး၊ အစားအသောက်တွေ၊ သီးနှံတွေကို သိုလှောင်ပုံမမှန်လို့ ပေါက်ပွားလာ တတ်တဲ့ Mould တွေကိုလည်း မြန်မာလူမျိုးတို့က “မှို” လို့ပဲ ခေါ်ကြပြန်ပါတယ်။ 

တစေး (yeast) တွေဟာလည်း Fungus ဆိုတဲ့ Kigdom ထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် Fungus (မှို) တစ်မျိုးပဲ ဖြစ်တယ်လို့ ဆိုရခြင်းပါ။ တစေး ကိုပါ မှိုလို့ မခေါ်ပဲ တစေးလို့ ခွဲခြားခေါ်ဆိုခဲ့ဖြစ်နေတာကိုပဲ ကျေးဇူးတင်ရဦးမှာပါ။ 

တစေးတွေဟာ ဆဲလ်တစ်လုံးတည်းပါဝင်တဲ့ အဏုဇီဝသက်ရှိတွေဖြစ်ပြီး အရွယ်အစားအားဖြင့် အချင်း ၃ - ၄၀ မိုက်ခရွန်မီတာ လောက်ပဲ ရှိပါတယ်။ Fungus ဆိုတဲ့ kingdom ထဲမှာ တစေး မျိုးစိတ်ပေါင်း ၁၅၀၀ ကျော် လောက်ကို ရှာဖွေတွေ့ရှိပြီး နာမည်ပေးထားနိုင်ပြီ ဖြစ်ပါတယ်။ နာမည်မပေးရသေးတဲ့ တစေး မျိုးစိတ်တွေ အများ အပြား ရှိနေနိုင်ပါသေးတယ်။ တစေးမျိုးစိတ် ၁၅၀၀ ကျော်ရှိတယ်ဆိုပေမယ့် Fungus ဆိုတဲ့ kingdom ထဲမှာရှိတဲ့ မှိုမျိုးစိတ်အားလုံးရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။ 

အဲဒီလို တစေးအမျိုးအစား ၁၅၀၀ ကျော်  ရှိတဲ့အနက် စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး (Saccharomyces cerevisiae) ဟာ မွေးမြူရေးကဏ္ဍမှာ ပရိုဘိုင်အိုတစ် (Probiotic) အနေနဲ့ရော၊ ပရီဘိုင်အိုတစ် (Prebiotic) အနေနဲ့ပါ အသုံးပြုမှုအများဆုံး တစေး ဖြစ်ပါတယ်။ 

လူတွေနဲ့ မစိမ်းလှတဲ့ စက်ခရိုမိုင်းဆီစ်

တကယ်တော့ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်းစီရေးဟာ လူတွေနဲ့ မစိမ်းလှသလို ထူးထူးဆန်းဆန်းလည်း မဟုတ်လှပါဘူး။ လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ အဲဒီ တစေးမျိုးစိတ်ဟာ မပါမဖြစ်လို့ ပါဝင်ပတ်သက်နေတယ်လို့တောင် ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစားသုံးကြတဲ့ ပေါင်မုန့်၊ ပီဇာ အစရှိတဲ့ အစားအသောက်တွေ ပြုလုပ်ရာမှာ ဘီယာလို အဖျော်ယမကာမျိုးတွေမှာ ထုတ်လုပ်ရာမှာ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်းစီရေး က မပါမဖြစ် ပါဝင်ပါတယ်။ ဒါကြောင့် သူ့ကို “မုန့်ဖုတ်တစေး (Baker’s yeast)” ၊ “ဘီယာချက်တစေး (Brewer’s yeast)” ဆိုတဲ့ နာမည်တွေနဲ့လည်း ခေါ်ဆိုကြပါသေးတယ်။ 

စက်ခရိုမိုင်းဆီစ် (Saccharomyces)  ဆိုတဲ့ စကားဟာ သကြားလို့ အဓိပ္ပာယ်ရတဲ့ saccharon (σάκχαρον) နဲ့ မှို လို့ အဓိပ္ပာယ် ရတဲ့ myces (μύκης)  ဆိုတဲ့ ဂရိဘာသာစကား က ဆင်းသက်လာတာပါ။ ဒါကြောင့် သကြားမှို (sugar-mould/sugar-fungus)၊ တနည်းအားဖြင့် သကြားရှိမှ တွေ့ရတဲ့မှို လို့ ဆိုလိုပါတယ်။ ဆယ်ရီဗိုင်စီရေး (cerevisiae) ဆိုတာကတော့ လက်တင်ဘာသာစကားက ဆင်သက်လာတာဖြစ်ပြီး "ဘီယာ (of beer)" ဆိုတဲ့ အ ဓိပ္ပာယ်ပါ။ သဘာဝအားဖြင့် စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်းစီရေး ကို သစ်သီးအမှည့်တွေမှာ တွေ့ရလေ့ ရှိပါတယ်။ အ ထူးသဖြင့် စပျစ်သီးတွေမှာပါ။ အသီးမှာပါဝင်တဲ့ သကြားဓာတ်ကို မှီခိုပြီး ရှင်သန်ပွားများကြတာမို့ပါ။ စပျစ်သီးပေါ် ပေါက်ပွားနေတာမျိုးကို တွေ့ရတယ်ဆိုပေမယ့် စပျစ်သီးက မမှည့်သေးဘဲ၊ သကြားဓာတ် မရှိသေးချိန်မှာ စက်ခရို မိုင်းဆီစ် တွေ မပေါက်ပွားနိုင်ပါဘူး။ ဒါကြောင့် ဒီတစေး အမျိုးအစားကို အချဉ်ဖောက်တဲ့ လုပ်ငန်း (fermentation) အတော်များများမှာ အသုံးပြုရတာကို တွေ့ရပါတယ်။ 

ကြက်မွေးမြူရေးတွင် အသုံးချခြင်း

စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး ကြက်မွေးမြူရေးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့ သုတေသနတွေ အမြောက်အများ ဆောင်ရွက်လာကြပါတယ်။ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး နဲ့ သူရဲ့ ထွက်ကုန် (derivatives) တွေကို အသားတိုးကြက်တွေကို ကျွေးပြီးစမ်းသပ်မှုတွေအရ ရလဒ်ကောင်းတွေ အတော်များများ တွေ့ထားတာကို တွေ့ရပါတယ်။ 

  • ကြီးထွားနှုန်း တိုးတက်မားလာခြင်း (Santin et al., 2001.)
  • အစာလမ်းကြောင်းရှိ အဏုဇီဝပိုးမွှားများကို ထိန်းကျောင်းပေးခြင်း (Al-Homidan and Fahmy, 2007)
  • အစာချေဖျက်နှုန်းကောင်းမွန်ပြီး၊ အာဟာရဓာတ်ကို အသုံးချနိုင်မှု မြင့်မားလာခြင်း (Gao et al., 2008.)
  • အစာလမ်းကြောင်းရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲပေးခြင်း (Santin et al., 2001; Zhang et al., 2005.)
  • အစာလမ်းကြောင်းရှိ ချဉ်ငံနှုန်းကို ထိန်းညှိပေးခြင်း (Afsharmanesh et al., 2010.)
  • အစာချေအင်ဇိုင်းများ၏ လုပ်ငန်းများကို ပိုမိုကောင်းမွန်စေခြင်း (Gao et al., 2008.)
  • ခုခံအားစနစ်၏ တုံ့ပြန်မှုကို လှုံ့ဆော်ပေးနိုင်ခြင်း (Morales-Lopez and Brufau, 2013.) တွေ့ရှိရတဲ့ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး တစေးရဲ့ အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရင် ကြက်မွေး မြူရေးမှာ ပဋိဇီဝဆေးဝါးသုံးစွဲနေရတဲ့ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းပေးနိုင်တဲ့အပြင် အခြားပိုသာတဲ့ အကျိုးကျေးဇူးအချို့ကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသားတိုး ကြက်မွေးမြူရေးမှာ ကြီးထွားနှုန်း ကောင်းမွန်စေဖို့၊ ရောဂါထိန်းချုပ်ဖို့ အသုံးပြုနေရ တဲ့ ပဋိဇီဝဆေးဝါးတွေ နေရာမှာ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီ ရေး တစေးကို အစားထိုးသုံးစွဲဖို့ စဉ်းစားလာကြတာ ဖြစ်ပါတယ်။ 

ပရိုဘိုင်အိုတစ်တွေ ထုတ်လုပ်ရာမှာ ရှင်သန်နေတဲ့ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး တစေး (live form) ကို အခြားသော ဘက်တီးရီးယားတွေ၊ တစေး တွေနဲ့ ရောစပ်ပြီး ထုတ်လုပ်လာကြပါတယ်။ ရှင်သန်နေတဲ့တစေး (live form) မဟုတ်ဘဲ၊ သူက ထုတ်လုပ်ထားတဲ့ ထုတ်ကုန် (derivatives) တွေကို ပရီဘိုင်အိုတစ် (Prebiotic) အ နေနဲ့ ထုတ်လုပ်သုံးစွဲတာမျိုးကိုလည်း တွေ့ရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး တစေးဟာ ကြက်မွေးမြူရေးအပါအဝင် မွေးမြူရေး လုပ်ငန်းအတော်များများမှာ အသုံးပြုနေရတဲ့ ပဋိဇီဝဆေးတွေနေရာကို အစားထိုးသုံးစွဲဖို့ သဘာဝကပေးတဲ့ လက်ဆောင်တစ်ခု ဆိုတာတော့ သေချာပါတယ်။ အဲဒီ လက်ဆောင်ကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် အသုံးချဖို့ တော့ လိုအပ်ပါလိမ့်မယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်