တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း - ၁

17/09/2024 15:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

စာရေးသူအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့်၊ တရုတ်နိုင်ငံ Shaanxi ပြည်နယ်၊ Yangling Agricultural Hi-tech Demonstration Zone တွင်  ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှ ၂၂ ရက်အထိကျင်းပပြုလုပ်သည့် “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသားစားနွားမွေးမြူရေး နှင့်၊ နို့စားနွားမွေးမြူရေး ဘက်စုံနည်းပညာဆွေးနွေးပွဲ” သို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ တာဝန်ပေး ချက်အရ တက်ရောက်ခွင့် ရရှိခဲ့ပါသည်။

ဆွေးနွေးပွဲအတွင်း ရန်းလင် သက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ် (Yangling Vocational and Technical College) တိရစ္ဆာန်ဆေးသိပ္ပံကျောင်းမှ ပါမောက္ခ ဒေါက်တာရှန်းဝမ်ကျန်း (Shen Wen Zheng) က တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဆိုင်ရာ သင်ခန်းစာများကို ဆွေးနွေးပို့ချပေးခဲ့ပါသည်။ ထိုသို့ပို့ချရာတွင် တရုတ်နိုင်ငံ၌ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန် မွေးမြူရေးတိရစ္ဆာန်အာမခံစနစ် (Livestock Insurance System) ကို ဖော်ဆောင်ကျင့်သုံးကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ 

ပါမောက္ခရှန်းက ဥပမာပေးဆွေးနွေးရာတွင် စီချွမ်းပြည်နယ်တွင် နွားတစ်ကောင်အတွက် အာမခံအကာအကွယ် (ပေါ်လစီ/Insurance Policy) ဝယ်ယူထားမည်ဆိုပါက အာမခံကြေး (ပရီမီယမ်/Premium) မှာ ယွမ် ၂၅၀ ကျသင့်ပြီး Inner Mongolia ပြည်နယ်တွင် ယွမ် ၄၀၀ ကျသင့်ကြောင်း၊ ယင်းသို့ အာမခံအကာအကွယ် ဝယ်ယူထားသော နွားတစ်ကောင်အား တိရစ္ဆာန်ရောဂါထိန်းချုပ်ရေး လိုအပ်ချက်များအရ ဖျက်စီးပစ်ရမည် (ဥပမာ တီဘီ ရောဂါပိုး၊ ဘရူဆဲလားသားလျှောရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယင်းတိရစ္ဆာန်ကိုသုတ် သင်ရှင်းလင်းဖျက်ဆီးခြင်း) ဆိုပါကလည်းကောင်း၊  သို့မဟုတ် မွေးမြူသူ၏ တာဝန်ရှိမှုမပါဘဲ အခြားအကြောင်း တစ်ခုခု (ဥပမာ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း) ကြောင့် သေကြေ ပျက်စီးသွားလျှင်သော်လည်းကောင်း၊ အာမခံလျော်ကြေး(indemnity) အဖြစ် ယွမ် ၅၀၀၀ ရရှိနိုင်မည်ကြောင်း သိရှိခဲ့ရပါသည်။

တရုတ်နိုင်ငံ၏ မွေးမြူရေးအာမခံစနစ်မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး ဆက်လက်လေ့လာသင့်သည့် အကြောင်းအရာ တစ်ခုဖြစ်သည်ဟု ယူဆပါသည်။ ပါမောက္ခရှန်းနှင့် စာရေးသူတွေ့ဆုံခွင့် ရရှိခဲ့သည့် အခြားသော ပညာရှင်များအား ဆွေးနွေးမေးမြန်းချက်အရ တရုတ်နိုင်ငံတွင် မွေးမြူရေးအာမခံစနစ်အပြင် သီးနှံအာမခံစနစ်၊ ရေလုပ်ငန်း အာမခံစနစ်တို့ပါ အကျုံးဝင်သည့် ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေးအာမခံစနစ် (Sustainable Agricultural Insurance System) တစ်ရပ်ကို အချိန်ယူ တည်ဆောက်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ရှိလာပြီ ဖြစ်ပြီး၊ လက်ရှိတွင်လည်း အဆင့်ဆင့်ထပ်မံဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်သုတေသနပြု တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။ 

မြန်မာနိုင်ငံအပါအဝင် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ် တည်ထောင်ဆောင်ရွက်မှု အတွေ့အကြုံများကို လေ့လာခြင်းဖြင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော အာမခံစနစ်များကို ဖော်ဆောင်ရာတွင် အထောက်အကူပြုမည်ဟု ယူဆမိပါသည်။ အထူးသဖြင့် စာရေးသူတို့ မှီတင်းနေထိုင်ရာ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည် ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍသစ်ကို ဖွင့် လှစ်ဆောင်ရွက်သည့်အခါ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်လည်း လိုအပ်ကောင်းလိုအပ်လာမည် ဖြစ်ပါသည်။ လတ်တလော မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေကြီးနစ်မြုပ်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးနေကြရပြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလည်း များစွာ ထိခိုက်ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် အနာဂတ်မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍအာမခံစနစ် လိုအပ်လိမ့်မည်ဟူသော ယူဆချက်မှာ ပိုမိုခိုင်မာလာပါသည်။ 

သို့ဖြစ်ရာ လက်ငင်းအသုံးချ၍ မရသည့်တိုင်၊ အနာဂတ်အတွက် ကြိုတင်စဉ်းစားကာ စိတ်ကူးသစ်များ ဖော်ထုတ်နိုင်စေရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်အကြောင်းကို စာရေးသူ လေ့လာမိသမျှ စုစည်း၍ တင်ပြသွားလိုပါသည်။ 

စိုက်ပျိုးမွေးမြူရေး အာမခံစနစ်လိုအပ်ရခြင်း အကြောင်းအရင်း

သိပ္ပံနည်းကျ လေ့လာမှုရလဒ်များအရ ကမ္ဘာတဝန်းတွင် ရာသီဥတုပြောင်းလဲမှု (climate change) နှင့် အရင်းအမြစ်များရှားပါးလာမှု(resource scarcity) ပြဿနာများကို ကြုံတွေ့ရသည့် အကြိမ်ရေ ပိုမိုမြင့်မားလာနိုင်သကဲ့သို့၊ ယင်းတို့၏ သက်ရောက်မှုမှာလည်း ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်ကို သိရှိထားကြပြီး ဖြစ်ပါသည်။ ယင်းတို့၏ အကျိုးဆက်အနေဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရေးကဏ္ဍတွင် မသေချာမရေရမှု (uncertainty) ကို ပိုမိုမြင့်မားလာစေပြီး အခြားသော ဘေးဒုက္ခ (risk) များပါ ဖြစ်ပေါ်လာရန် ဦးတည်လျက်ရှိပါသည်။ 

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (UN FAO) က ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် The impact of disasters and crises on agriculture and food security: 2021 အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာသီဥတုကြောင့်ဖြစ်ပေါ်သော သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်ရသည့် စီးပွားရေးဆိုင်ရာ ဆုံးရှုံး မှုများအနက် ၆၃ ရာခိုင်နှုန်းမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ 

သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် မဖြစ်မနေကြုံတွေ့လာနိုင်သည့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်သကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း ယင်းဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအရ ဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်ထားနိုင်မည့် အစီအမံများ ကြိုတင်စီမံ ထားရှိရန် လိုအပ်လာပါသည်။ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်ကို ယင်းအစီအမံများအနက်မှ ထိရောက်သည့် အစီအမံတစ်ခုအဖြစ် အသုံးချနိုင်မည် ဖြစ်ပါသည်။ 

အခြားတစ်ဖက်တွင် တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှ စတင်ကာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုလည်း ကြီးမားစွာ ပြောင်းလဲခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးစနစ်ကို ခေတ်မီအောင်ဆောင်ရွက်ရာတွင် တိရစ္ဆာန်များနှင့် စိုက်ပျိုးသီးနှံများတွင် ရောဂါပိုးမွှားများ ကျရောက်ခြင်း၊ သဘာဝအရင်းအမြစ်များ ခမ်းခြောက်ခြင်း၊ ပတ်ဝန်းကျင်ညစ်နွမ်းမှုများ ဖြစ်ပေါ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို အဓိကကျသော စိန်ခေါ်မှုများအဖြစ် ရင်ဆိုင်ခဲ့ရပါသည်။ 

ယင်းစိန်ခေါ်မှုများကို စိုက်ပျိုးမွေးမြူသူများ ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ခံနိုင်ရည်(resilience) ကို တည်ဆောက်ပေးရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ လာလတ္တံသော ဘေးအန္တရာယ်များအတွက် ကြိုတင်စီမံထားခြင်း (plan)၊ ဘေးအန္တရာယ်ကျရောက်ခါနီးတွင် ကြိုတင်ပြင်ဆင်ခြင်း (prepare)၊ ရင်ဆိုင်ဖြတ်သန်းခြင်း (absorb)၊ ပြန်လည်ထူထောင်ခြင်း (recover) နှင့် ပြောင်းလဲလာသည့်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်း (‌adapt) များ ဖော်ဆောင်ပေးရမည် ဖြစ်ပါသည်။

ထိရောက်သော စိုက်ပျိုးမွေးမြူရေး အာမခံစနစ် ဖော်ဆောင်ထားရှိခြင်းဖြင့် ယင်းအဆင့်အားလုံးကို စနစ်တကျ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

 ထိုအခြေအနေများကြောင့် နိုင်ငံများအနေဖြင့် မိမိတို့တိုင်းပြည်အလိုက် စိုက်ပျိုးမွေးမြူရေးအာမခံစနစ်များ ဖော်ဆောင်ထားရှိရန် လိုအပ်လာပါသည်။ အထူးသဖြင့် အာရှဒေသတွင် ယင်းစနစ်မျိုး ပိုမိုလိုအပ်လျက်ရှိသည်ဟု ဆိုပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း အာရှ-ပစိဖိတ်ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးအာမခံစနစ်များ ကို အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍများက စတင်လုပ်ဆောင်လာကြပြီး တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာသည့်အပြင် လျင်မြန်စွာ ကျယ်ပြန့်လာသည်ကိုလည်း တွေ့ရှိရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၂၁ ခုနှစ်တွင် ထောက်ပြခဲ့ပါသည်။ 

ထိုသို့ စိုက်ပျိုးမွေးမြူရေးအာမခံစနစ် ဖွံ့ဖြိုးပြောင်းလဲလာရာတွင် တရုတ်နိုင်ငံသည် အလွန်လျင်မြန်သည့် အရှိန်ဖြင့် ဖွံ့ဖြိုးလာနေပါသည်။ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းဈေးကွက်တွင် တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ နောက်မှကပ်လျက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပါသည်။

အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပါဦးမည်..

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်