အာမခံအကာအကွယ်ရယူနိုင်သည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်ပယ်များ ချဲ့ထွင်ခြင်း (တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း - ၅)

24/09/2024 15:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

 

အာမခံစနစ်စတင်ချိန်က အာမခံထားနိုင်သည့် လုပ်ငန်း/ထုတ်ကုန်အမျိုးအစား အနည်းငယ်သာရှိခဲ့ပြီး ပြောင်း၊ ဂျုံကဲ့သို့သော အခြေခံကျသည့် သီးနှံများ၊ ဆီထွက်သီးနှံအချို့နှင့် မွေးမြူရေးတိရစ္ဆာန်အချို့တို့ကိုသာ အာမခံထားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သီးနှံနှင့် တိရစ္ဆာန်အမျိုးအစား ပိုမိုစုံလင်စွာ အာမခံထားရှိလာနိုင်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ် စာရင်းဇယားများအရ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍမှ ထုတ်ကုန်အမျိုးအစားပေါင်း ၂၇၀ ကို အာမခံထားရှိနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။ ယင်းထုတ်ကုန်များအနက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ၁၆ မျိုးကို ဗဟိုအစိုးရက အာမခံကြေးစိုက်ထုတ်ပေးမည့် ထုတ်ကုန် များအဖြစ် သတ်မှတ်ကြေငြာခဲ့ပါသည်။ 

အာမခံအကာအကွယ်ရယူနိုင်သည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်များကို ချဲ့ထွင်ရာတွင် အချက် ၃ ချက်ပေါ် မူတည်၍ ချဲ့ထွင်ဆောင်ရွက်လာကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။ 

ပထမတစ်ခုမှာ အာမခံလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်းများကို ဖွဲ့စည်းတည်ထောင်၍ သုတေသနများ ပြုလုပ်ခြင်းနှင့် သုတေသနတွေ့ရှိချက်များကို စမ်းသပ်ခြင်း၊ အသုံးချခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် 

၂၀၀၈ ခုနှစ်တွင် Tsinghua တက္ကသိုလ် စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာကျောင်း (School of Economic and Management) က China Research Center for Insurance and Risk Management ကို စတင်ထူထောင်ခဲ့ပါသည်။ 

ထို့အတူ ယင်း နှစ်တွင်ပင် UIBE တက္ကသိုလ်ခေါ် University of International Business and Economics ကလည်း China Risk Management and Insurance (Data) Research Center ကို တည်ထောင်ခဲ့ပြီး ယခုလက်ရှိတွင် China Research Institute for Risk Management and Insurance အဖြစ် ဆက်လက်ရပ်တည်နေပါသည်။ 

၂၀၁၃ ခုနှစ် တွင် Fudan တက္ကသိုလ်က China Insurance and Social Security Research Center ကို ထူထောင်ခဲ့ပါသည်။ 

အာမခံလုပ်ငန်းဆိုင်ရာ သုတေသနတွေ့ရှိချက်များကို ဖတ်ကြားဆွေးနွေးသည့် China International Conference on Insurance and Risk Management - CICIRM ခေါ် အာမခံလုပ်ငန်းဆိုင်ရာ နိုင်ငံတကာသုတေသနညီလာခံကိုလည်း နှစ်စဉ်ကျင်းပပြုလုပ်ကာ တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ သုတေသီများ၏ တွေ့ရှိချက်များကို ဆွေးနွေးလျက်ရှိသည်ဟု သိရပါသည်။ 

ဒုတိယတစ်ခုမှာ အစိုးရ၏ နိုင်ငံပိုင်အာမခံလုပ်ငန်းများ၊ နိုင်ငံတကာအာမခံကုမ္ပဏီများ၊ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီများ စုပေါင်း၍ စိုက်ပျိုး မွေးမြူရေးသမားများ အကျိုးဖြစ်ထွန်းသကဲ့သို့ အာမခံလုပ်ငန်းကိုလည်း ဖွံ့ဖြိုးတိုးတက်စေမည့် အာမခံစနစ်များ တီထွင်ဆန်းသစ်ဖော်ထုတ်ခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆွစ်ဇာလန်နိုင်ငံမှ အာမခံကုမ္ပဏီတစ်ခုဖြစ်သော Swiss Re သည် ၂၀၁၆ ခုနှစ်မှ စတင်ကာ ဟေလုံကျန်း(Heilongjiang) ပြည်နယ်အစိုးရ နှင့် တရုတ်ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့်  Sunlight Agricultural Mutual Insurance တို့နှင့် ပူးပေါင်းကာ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန် လုပ်ငန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။  

တတိယအချက်မှာ အစိုးရက ဦးဆောင်သည့် risk pricing ဖြစ်သည်ဟု ဆိုပါသည်။ Risk pricing ဆိုသည်မှာ မည်သည့်လုပ်ငန်းတွင် မည်သို့သော ဆုံးရှုံးမှုအန္တရာယ်မျိုး ကျရောက်နိုင်ပြီး မည်မျှ ဆုံးရှုံးနိုင်ချေရှိသည်။ အာမ ခံလျော်ကြေးငွေမည်မျှ ရရှိမှ အမှန်တကယ် အာမခံအကာအကွယ် ရရှိနိုင်မည်။ ထိုသို့ အာမခံအကာအကွယ် ရရှိနိုင်ရန်အတွက် အာမခံကြေး မည်မျှပေးဆောင်ထားမှသာ အာမခံကုမ္ပဏီက အမှန်တကယ် အကာအကွယ်ပေးနိုင်မည် စသည်တို့ကို တွက်ချက်သည့် လုပ်ငန်းပင် ဖြစ်ပါသည်။ ယင်းလုပ်ငန်းကို တရုတ်အစိုးရက စနစ်တကျ ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးသမားများအတွက် အာမခံအကာအကွယ်ကို ထိရောက်စွာ ရရှိနိုင်သကဲ့သို့ အာမခံ ကုမ္ပဏီများကလည်း ကောင်းစွာလုပ်ငန်းလည်ပတ်နိုင်မည် ဖြစ်ပါသည်။ 

အရေးအကြီးဆုံး သတိပြုရမည့် အချက်မှာ တရုတ်အစိုးရအနေဖြင့် အာမခံအကာအကွယ်ပေးသည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်ပယ်အသစ်များကို ရွေးချယ်ဆောင်ရွက်ရာတွင်လည်းကောင်း အာမခံထားရှိသည့် နည်းစနစ်အသစ်များကို တီထွင်ဖော်ထုတ်ကာ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ချက်ချင်းတစ်နိုင်ငံလုံးကို ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ သေးငယ်သည့် နေရာဒေသအနည်းငယ်တွင် စမ်းသပ်လုပ်ဆောင်ခြင်း (pilot project) ပြုလုပ်ပြီး အောင်မြင်မှသာလျှင် အခြားနေရာများသို့ ချဲ့ထွင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ 

အာမခံနည်းစနစ်အသစ်များ တီထွင်ဖော်ထုတ်ခြင်း

အာမခံအကာအကွယ်ရယူနိုင်သည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်ပယ်များကို ချဲ့ထွင်လာသကဲ့သို့ အာမခံ အကာအကွယ်ရယူနိုင်သည့် အခြေအနေများကိုလည်း တီထွင်ကြံဆကာ မြှင့်တင်လာခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယင်းသို့ တီထွင်ကြံဆကာ ပေးသည့် အာမခံအကာအကွယ်များအနက် ထူးခြားသည့်  “မိုးလေဝသ အာမခံ(weather-index insurance)” ၊ “ဈေးနှုန်းအာမခံ(price-index insurance)” ၊ “ဝင်ငွေအာမခံ (revenue insurance)” တို့အကြောင်းကို ဥပမာပေး တင်ပြလိုပါသည်။  

မိုးလေဝသအာမခံ(weather-index insurance )

ပုံမှန်အားဖြင့် စိုက်ပျိုးမွေးမြူရေးအာမခံဆိုသည်မှာ သတ်မှတ်အချိန်ကာလတစ်ခု (ဥပမာ စိုက်ပျိုးရာသီတစ်ခု) တွင် ပျက်စီးဆုံးရှုံးသွားသည့် သီးနှံ သို့မဟုတ် တိရစ္ဆာန်များအတွက်သာ အာမခံအကာအကွယ်ရယူနိုင်မည်  ဖြစ်ပါသည်။ သို့ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လုံးဝပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ၊ အထွက်နှုန်း လျော့ကျကာ ဆုံးရှုံးရသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ အထူးသဖြင့် မိုးလေဝသနှင့် ရာသီဥတုအပေါ် မူတည်၍ သီးနှံအထွက်နှုန်း ကျဆင်းကာ စိုက်ပျိုးမွေးမြူသူများ အရှုံးပေါ်ရသည့် အခြေအနေမျိုးကို မကြာခဏ ကြုံ တွေ့ရနိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် ဆုံးရှုံးနစ်နာမှုအတွက် အာမခံလျော်ကြေး တောင်းခံရန် အခက်အခဲရှိနိုင် ပါသည်။

ဥပမာ စိုက်ပျိုးမွေးမြူရေးအာမခံ ထားရှိကာ အကာအကွယ်ယူထားသည့် ပြောင်းစိုက်ခင်း တစ်ခုသည် ရောဂါကျရောက်ခြင်း၊ မီးလောင်သွားခြင်း စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးသွားလျှင် ထင်သာမြင်သာရှိပြီး၊ အာမခံ လျော်ကြေး တောင်းခံရန် လွယ်ကူပါသည်။ သို့ရာတွင် မိုးခေါင်သဖြင့် သီးနှံအထွက်နှုန်းကျဆင်းမည်ဆိုပါက အာမခံ လျော်ကြေး ရရှိရန် ခက်ခဲနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စိုက်ခင်းသည် ပျက်စီးသွားခြင်း မရှိဘဲ၊ အထွက်နှုန်း ကျဆင်းခြင်းသာ ဖြစ်သောကြောင့် အာမခံအကာအကွယ်တွင် အကျုံးမဝင်ခြင်းကြောင့် ဖြစ်ပါသည်။ 

ယင်းအခြေအနေမျိုးကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်အစိုးရအနေဖြင့် “မိုးလေဝသအာမခံ” စနစ်ကို ကျင့် သုံးရပါသည်။ ယင်းသည် “ပြင်းထန်သော မိုးလေဝသနှင့် ရာသီဥတုအခြေအနေများကြောင့် သီးနှံအထွက်နှုန်းကို ထိ ခိုက်စေသည့်အခါ အာမခံလျော်ကြေး ရယူခွင့် ရှိသည့် အာမခံအမျိုးအစား” ဖြစ်ပါသည်။ 

ဒေသတစ်ခုအတွင်းရှိ မိုးလေဝသနှင့် ရာသီဥတု မှတ်တမ်းများအပေါ် မူတည်၍ တွက်ချက်ထားသည့် ပျမ်း မျှအခြေအနေများ (ဥပမာ လအလိုက် ပျမ်းမျှ မိုးရေချိန်ရရှိမှု) နှင့် စိုက်ပျိုးသီးနှံက လိုအပ်သည့် ရာသီဥတုအခြေအ နေ (ဥပမာ ပြောင်းစိုက်ပျိုးရန်အတွက် လိုအပ်သည့် အနည်းဆုံး နှင့် အများဆုံး မိုးရေချိန်များ) တို့ပေါ်မူတည်၍ weather index ခေါ် မိုးလေဝသအညွှန်းကိန်းများကို အစိုးရက ထုတ်ပြန်ပေးထားပါသည်။ 

စိုက်ပျိုးမွေးမြူသူများအနေဖြင့် မိုးလေဝသအာမခံ အကာအကွယ်ကို ရယူလိုပါက ယင်းအတွက် အာမခံ ကြေးပေးသွင်းရမည် ဖြစ်ပါသည်။

စိုက်ပျိုးရာသီအတွင်း အမှန်တကယ် ကြုံတွေ့ရသည့် မိုးလေဝသနှင့် ရာသီဥတု အခြေအနေများသည် တွက်ချက် သတ်မှတ်ထားသည့် မိုးလေဝသအညွှန်းကိန်းများနှင့် ကွာဟပြီး၊ သီးနှံအထွက်နှုန်းကို ထိခိုက်လာပါက စိုက်ပျိုးမွေးမြူသူအနေဖြင့် သီးနှံအထွက်နှုန်းလျော့ကျမှုကြောင့်ဖြစ်ပေါ်သော ယင်း၏ ဆုံးရှုံးမှုအတွက် အာမခံ လျော်ကြေးကို အာမခံကုမ္ပဏီထံမှ တောင်းခံနိုင်မည် ဖြစ်ပါသည်။ 

တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်၏ လုပ်ငန်းလည်ပတ်လုပ်ဆောင်ပုံ မိုးလေဝသအာမခံစနစ် အ ကြောင်း မြင်သာစေရန်အတွက် လျောင်နင်းပြည်နယ် (Liaoning Province) မှ ဖြစ်ရပ်တစ်ခုကို ဥပမာပေး တင်ပြ လိုပါသည်။ 

၂၀၁၉ ခုနှစ် ပြောင်းစိုက်ရာသီတွင် လျောင်နင်းပြည်နယ်၌ မိုးခေါင်ရေရှားသည့်ပြဿနာ ကြုံတွေ့ခဲ့ရပါ သည်။ ယင်းနှစ် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၉ ရက်အတွင်း ပြည်နယ်၏ ပျမ်းမျှမိုးရေချိန်ရရှိမှုမှာ ၉၀ မီလီမီတာ သာရရှိ ခဲ့ပါသည်။ ယင်း မိုးရေချိန်မှာ နှစ်စဉ်ရရှိခဲ့သည့် ပျမ်းမျှမိုးရေချိန်အောက် ၆၀ ရာခိုင်နှုန်း လျော့နည်းပါသည်။ ထို့ပြင် ၁၉၅၁ ခုနှစ် နောက်ပိုင်း အဆိုးဝါးဆုံး မိုးခေါင်သည့် အခြေအနေအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ 

မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ရသည့် စိုက်ပျိုးမြေ ဟက်တာပေါင်း ၁,၉၅၁,၀၀၀ (၁.၉၅၁ သန်း) ရှိခဲ့ပြီး၊ သီးနှံအထွက်နှုန်းအနေဖြင့် တန်ချိန် ၅ သန်းကျော် လျော့နည်းကျဆင်းခဲ့ရသည်ဟု ခန့်မှန်းထားပါသည်။ ယင်းအခြေအနေသည် စိုက်ပျိုးရေးသမားများအတွက် အခြေအနေဆိုး ဖြစ်ပါသည်။ နလံပြန်ထူရန် ခက်ခဲသည့် ဆုံးရှုံးမှုကို ဖြစ် ပေါ်စေခဲ့ခြင်း ဖြစ်ပါသည်။ 

ကံကောင်းသည့်အချက်မှာ မိုးပြတ်သည့်ဒဏ်ခံသော စိုက်ပျိုးမြေ ဟက်တာ ၂ သန်းနီးပါးအနက် ဟက်တာ ပေါင်း  ၁,၂၈၄,၀၀၀ (၁.၂၈၄ သန်း) သည် အာမခံအကာအကွယ် ရယူထားသည့် စိုက်ခင်းများ ဖြစ်နေပါသည်။ သို့ဖြစ်ရာ အာမခံကုမ္ပဏီများနှင့် အစိုးရဌာနများ ပူးပေါင်း၍ မိုးခေါင်ရေရှားသည့် ဒေသများသို့ ကွင်းဆင်းကာ ဆုံးရှုံးနစ်နာမှုကို တိုင်းတာသည့် လုပ်ငန်းများ (lost-adjustment) ကို အလျင်အမြန် ဆောင်ရွက်ခဲ့ကြပါသည်။ နိုဝင်ဘာလ ၁၀ ရက်တွင် ကွင်းဆင်းလုပ်ငန်းများနှင့် အာမခံလျော်ကြေးငွေပေးအပ်မှုများကို အပြီးဆောင်ရွက်ခဲ့ကြသည်။ အာမခံ လျော်ကြေးငွေ စုစုပေါင်း တရုတ်ယွမ် သန်း ၃၈၀ ကို တောင်သူများ၏ ဘဏ်စာရင်းများထဲသို့ ပေးလျော်ခဲ့ကြပါ သည်။ 

လျောင်နင်းပြည်နယ်၊ ရှင်းချန် မြူနီစပယ်လတီ၊ နန်သမြို့နယ်၊ ဟောက်ရှန် ကျေးရွာမှ စိုက်ပျိုးရေးသမား တစ်ဦးဖြစ်သူ မစ္စတာ လျိုချန်အန်း (Mr. Luo Quan’an) မှာ စိုက်ပျိုးမြေ ၂ ဟက်တာ (၅ ဧက နီးပါး) ပိုင်ဆိုင်ပြီး၊ သူ ၏ စိုက်ခင်းအတွက် ရာသီဥတုအာမခံကြေး အဖြစ် တစ်ဟက်တာလျှင် ၇၅ ယွမ် (မြန်မာငွေ ၅၆၂၅၀ ကျပ်) သာပေး သွင်းထားခြင်း ဖြစ်ပါသည်။ မိုးခေါင်ရေရှားမှုကြောင့် သူ၏ သီးနှံ ၂ ဟက်တာစလုံး ဆုံးရှုံးခဲ့ရသဖြင့် အာမခံလျော် ကြေးငွေအဖြစ် ၂ ဟက်တာအတွက် တရုတ်ယွမ်ငွေ ၆၀၀၀ (မြန်မာငွေ ၄,၅၀၀,၀၀၀ = ၄၅ သိန်း) ပြန်လည်ရရှိခဲ့ပါ သည်။ မြန်မာငွေနှင့် ပြန်လည်တွက်ချက်ကြည့်ပါက အာမခံကြေးအဖြစ် တစ်ဧကလျှင် မြန်မာငွေ ၂၂,၇၆၄ ကျပ် ပေး သွင်းခဲ့ပြီး၊ အာမခံလျော်ကြေးငွေအဖြစ် တစ်ဧကလျှင် မြန်မာငွေ ၉၁၀,၅၆၃ ကျပ် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ 

အာမခံလျော်ကြေးပမာဏသည် ဆုံးရှုံးမှုကို ရာနှုန်းပြည့် မကာကွယ်နိုင်သည့်တိုင် ရာခိုင်နှုန်းအတော်များ များကို ကာကွယ်နိုင်သည်ဟု ဆိုရပါမည်။ စိုက်ပျိုးသူများအနေဖြင့် နောက်ထပ်တစ်ရာသီ ပြန်လည်စတင်စိုက်ပျိုး ရန် အရင်းအနှီးကို အလုံအလောက်ရရှိနိုင်ရုံမျှသာမက ယုံကြည်မှုကို ပေးစွမ်းနိုင်သည့်ဟု ဆိုရပါမည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်