တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်တွင် စိုက်ပျိုးမွေးမြူရေးသမားများ ကျခံရမည့် အာမခံကြေး၏ ရာခိုင်နှုန်းအတော်များများကို အစိုးရက စိုက်ထုတ်ကာ ခွဲဝေကျခံပေးသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ယင်းသို့ စိုက်ထုတ်ပေးခြင်းဖြင့် စိုက်ပျိုးမွေးမြူသူများက အာမခံစနစ်တွင် ပိုမိုပါဝင်လာစေရန်အတွက် စွဲဆောင်စည်းရုံးနိုင်သကဲ့သို့ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘေးအန္တရာယ်ရင်ဆိုင်ကျော်လွှားရေးတို့တွင် အထောက်အကူများစွာ ရရှိစေပါသည်။
တရုတ်အစိုးရက ယင်းသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အာမခံကြေး စိုက်ထုတ်သုံးစွဲမှု ပမာဏနှင့် စိုက်ထုတ်ပေးသည့် လုပ်ငန်းနယ်ပယ်မှာလည်း နှစ်စဉ်မြင့်မားလာသည်ဟုလည်း သိရပါသည်။
ဥပမာအားဖြင့် ၂၀၀၇ ခုနှစ်က စိုက်ပျိုးမွေးမြူရေးအာမခံကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၀.၇၈ ဘီလီယံရှိခဲ့ပြီး ယင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို အစိုးရက စိုက်ထုတ်သုံးစွဲခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် စိုက်ပျိုးမွေးမြူ ရေးအာမခံကြေးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈.၅၉ ဘီလီယံ ရှိခဲ့ပြီး ယင်း၏ ၇၉.၅ ရာခိုင်နှုန်းကို အစိုးရက စိုက်ထုတ်ပေးခဲ့ပါသည်။
အစိုးရအဖွဲ့အစည်း အဆင့်ဆင့်၏ အာမခံကြေး စိုက်ထုတ်ပေးမှု အချိုးအစား
အစိုးရက စိုက်ထုတ်ပေးသည်ဆိုရာတွင် တရုတ်ဗဟိုအစိုးရကသာ စိုက်ထုတ်ပေးခြင်း မဟုတ်ဘဲ ပြည်နယ်အဆင့်၊ စီရင်စုအဆင့်၊ မြူနီစပယ်အဆင့် စသည်ဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်က မတူညီသော အချိုးအစားဖြင့် ထည့်ဝင်ကာ စိုက်ထုတ်ပေးခြင်းဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စာရင်းဇယားများအရ တစ်နိုင်ငံလုံးအတွက် အစိုးရအဖွဲ့အစည်း အဆင့်ဆင့်က နှစ်စဉ် စိုက်ထုတ်သုံးစွဲခဲ့သည့် စိုက်ပျိုးမွေးမြူရေး အာမခံ ကြေးပမာဏ အချိုးအစားများကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက ဗဟိုအစိုးရက ၃၅-၄၂ ရာခိုင်နှုန်း၊ ပြည်နယ်အဆင့်မှ ၂၀-၂၅ ရာခိုင်နှုန်း၊ ပြည်နယ်ခွဲ/စီရင်စု/မြို့ စသည့်အဆင့်များမှ ၁၂-၁၅ ရာခိုင်နှုန်း စိုက်ထုတ်သုံးစွဲခဲ့သည်ကို တွေ့ရှိရပါ သည်။ အခြားသော အရင်းအမြစ်များ (ဥပမာ စီးပွားရေးလုပ်ငန်းကြီးများက တောင်သူလယ်သမားများအတွက် စိုက် ထုတ်ပေးမှုများ)မှလည်း ၁-၂ ရာခိုင်နှုန်းအထိ စိုက်ထုတ်ပေးခဲ့သည်ကို တွေ့ရှိရပါသည်။
စိုက်ပျိုးမွေးမြူသူများ အမှန်တကယ် သုံးစွဲရသည့် အာမခံကြေးပမာဏမှာ ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်သာ ရှိသည်ကို တွေ့ရှိရပါသည်။ အနည်းဆုံး ၁၃ ရာခိုင်နှုန်းမှ အများဆုံး ၂၈ ရာခိုင်နှုန်းအထိ ပေးသွင်းခဲ့ရသည်ကို တွေ့ရှိရပါသည်။
၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးမွေးမြူရေး အာမခံပရီမီယံကြေး ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၈၁,၅၀ ဘီလီယံ ရှိခဲ့ပြီး ယင်းအာမခံကြေး ၏ ၇၄ ရာခိုင်နှုန်းဖြစ်သော တရုတ်ယွမ်ငွေ ၆၀.၃ ဘီလီယံကို တရုတ်အစိုးရ အဆင့်ဆင့်က ထည့်ဝင်ကျခံပေးသဖြင့် စိုက်ပျိုးမွေးမြူသူများ ပေးသွင်းရသည့် အာမခံကြေးမှာ ၂၆ ရာခိုင်နှုန်း ဖြစ်သည့် ယွမ်ငွေ ၂၁.၂ ဘီလီယံသာ ဖြစ်သည်ကို တွေ့ရှိရပါသည်။
အစိုးရ အုပ်ချုပ်ရေး အဆင့်ဆင့်၏ အာမခံကြေး စိုက်ထုတ်မှုအချိုးအစားမှာ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအားလုံးအတွက် တသမတ်တည်း မဟုတ်ဘဲ၊ လုပ်ငန်း၏ သဘောသဘာဝ၊ ဒေသတစ်ခုချင်းစီ၏ အခြေအနေ များပေါ် မူတည်၍ ကွဲပြားခြားနားပါသည်။ မည်သို့ ကွဲပြားခြားနားသည်ကို သိရှိနိုင်ရန်အတွက် တရုတ်နိုင်ငံ အရှေ့ ပိုင်းရှိ ကျင်းစုပြည်နယ်(Jinsu)၊ အလယ်ပိုင်းရှိ ဟီနန်ပြည်နယ်(Henan) နှင့် အနောက်ပိုင်းရှိ စီချွမ်ပြည်နယ် (Sichuan) များရှိ အစိုးရအုပ်ချုပ်ရေး အဆင့်ဆင့်၏ အာမခံကြေး စိုက်ထုတ်သုံးစွဲမှု ပုံစံအချို့ကို ဥပမာပေး၍ တင်ပြ လိုပါသည်။
(၁) သီးနှံများအတွက် အာမခံကြေး စိုက်ထည့်သုံးစွဲမှု
ပြည်နယ်သုံးခုလုံးတွင် ရာသီသီးနှံ (crop) များအတွက် အစိုးရ အုပ်ချုပ်ရေးအဆင့်ဆင့်၏ အာမခံကြေး စိုက်ထုတ်သုံးစွဲမှု စုစုပေါင်းမှာ အမှန်တကယ်ကျသင့်သည့် အာမခံကြေးစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းအောက်မလျော့စေရဟု သတ်မှတ်ထားပါသည်။
ကျင်းစုပြည်နယ်တွင် ဗဟိုအစိုးရက ၃၅ ရာခိုင်နှုန်း၊ ပြည်နယ်အစိုးရက ၂၅ ရာခိုင်နှုန်း စိုက်ထုတ်ရာ ၆၀ ရာ ခိုင်နှုန်းရရှိပြီး၊ ကျန်ပမာဏအနက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို မြူနီစပယ်နှင့် စီရင်စုအဆင့်များက အခြေအနေ ပေါ် မူတည်၍ စိုက်ထုတ်သုံးစွဲကြရန် သတ်မှတ်ထားပါသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် အာမခံကြေး အ နည်းဆုံး ၇၀ ရာခိုင်နှုန်းကို သက်သာခွင့် ရရှိကြပါသည်။
ဟီနန်ပြည်နယ်တွင်မူ ဗဟိုအစိုးရက အာမခံကြေးကျသင့်ငွေ၏ ၄၀ ရာခိုင်နှုန်း၊ ပြည်နယ်အစိုးရက ၂၅ ရာ ခိုင်နှုန်း၊ မြူနီစပယ်အဆင့်က ၅ ရာခိုင်နှုန်းနှင့် စီရင်စုအဆင့်က ၁၀ ရာခိုင်နှုန်း စိုက်ထုတ်ပေးသဖြင့် တောင်သူများ က ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကိုသာ ပေးသွင်းရန် လိုအပ်ပါသည်။
စီချွမ်ပြည်နယ်တွင်မူ ဗဟိုအစိုးရက အာမခံကြေးကျသင့်ငွေ၏ ၄၀ ရာခိုင်နှုန်း၊ ပြည်နယ်အစိုးရက ၂၅ ရာ ခိုင်နှုန်း စိုက်ထုတ်သုံးစွဲပြီး မြူနီစပယ်နှင့် စီရင်စု နှစ်ခုပေါင်းက ၁၅ ရာခိုင်နှုန်းကို သင့်လျော်သလို အချိုးချ၍ ထည့်ဝင် ပေးကြရပါသည်။ ထို့ကြောင့် တောင်သူများက ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကိုသာ ပေးသွင်းရန် လိုအပ်ပါသည်။
(၂) ရေလုပ်ငန်းကဏ္ဍအတွက် အာမခံကြေး စိုက်ထုတ်သုံးစွဲမှု
ပြည်နယ်သုံးခုလုံးတွင် ငါး၊ ပုစွန်မွေးမြူရေး/ရေလုပ်ငန်း (Aquaculture) အတွက် အစိုးရအုပ်ချုပ်ရေး အဆင့်ဆင့်၏ အာမခံကြေး စိုက်ထုတ်သုံးစွဲမှု စုစုပေါင်းမှာ အမှန်တကယ်ကျသင့်သည့် အာမခံကြေးစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းအောက်မလျော့နည်းစေရ ဟု သတ်မှတ်ထားပါသည်။
ကျင်းစုပြည်နယ်တွင် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအတွက် အာမခံကြေးကျသင့်ငွေ၏ ၄၀ ရာခိုင်နှုန်း ကို ဗဟိုအစိုးရက စိုက်ထုတ်ပေးပါသည်။ ပြည်နယ်အဆင့်ကမူ ကျင်းစုပြည်နယ်၏ နေရာဒေသကိုလိုက်၍ စိုက် ထုတ်သည့် ပမာဏ ကွဲပြားပါသည်။ ပြည်နယ်အစိုးရအနေဖြင့် တောင်ပိုင်းဒေသများတွင် အာမခံကြေးကျသင့်ငွေ၏ ၁၀ ရာခိုင်နှုန်း၊ အလယ်ပိုင်းဒေသများတွင် ၂၀ ရာခိုင်နှုန်း နှင့် မြောက်ပိုင်းဒေသများတွင် ၃၀ ရာခိုင်နှုန်း ကျခံသုံး စွဲပေးပါသည်။ စိုက်ထုတ်ပေးရန်ကျန်ရှိသည့် အစိတ်အပိုင်းကို မြူနီစပယ်များနှင့် စီရင်စုများက စိုက်ထုတ်သုံးစွဲ ပေးရပါသည်။ ဥပမာ ကျင်းစုပြည်နယ် တောင်ပိုင်းတွင် ဗဟိုအစိုးရက ၄၀ ရာခိုင်နှုန်းနှင့် ပြည်နယ်အစိုးရက ၁၀ ရာ ခိုင်နှုန်း ကျခံထားသဖြင့် ၈၀ ရာခိုင်နှုန်းပြည့်ရန် ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို မြူနီစပယ်နှင့် စီရင်စု တို့က ကျခံ ရမည် ဖြစ်ပါသည်။ ကျင်းစုပြည်နယ် မြောက်ပိုင်းတွင်မူ ဗဟိုအစိုးရက ၄၀ ရာခိုင်နှုန်းနှင့် ပြည်နယ်အစိုးရက ၃၀ ရာခိုင်နှုန်း ကျခံထားသဖြင့် ၈၀ ရာခိုင်နှုန်းပြည့်ရန် ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းကိုသာ မြူနီစပယ်နှင့် စီရင်စုတို့က ကျခံရမည် ဖြစ်ပါသည်။
ဟီနန်ပြည်နယ်တွင်မူ ဗဟိုအစိုးရက ၅၀ ရာခိုင်နှုန်း၊ ပြည်နယ်အစိုးရက ၁၅ ရာခိုင်နှုန်း၊ မြူနီစပယ်အဆင့် မှ ၅ ရာခိုင်နှုန်းနှင့် စီရင်စုအဆင့်မှ ၁၀ ရာခိုင်နှုန်း၊ စုစုပေါင်း ၈၀ ရာခိုင်နှုန်း စိုက်ထုတ်သုံးစွဲပါသည်။
စီချွမ်ပြည်နယ်တွင်မူ ဗဟိုအစိုးရက ၅၀ ရာခိုင်နှုန်းနှင့် ပြည်နယ်အစိုးရက ၂၁ ရာခိုင်နှုန်း စိုက်ထုတ်ပေးပါသည်။ ကျန်ရှိသည့် ၉ ရာခိုင်နှုန်းကို မြူနီစပယ်နှင့် စီရင်စုအဆင့်တို့ ညှိနှိုင်း၍ အချိုးကျ ထည့်ဝင်ကြပါသည်။
(၃) ဗဟိုအစိုးရ၏ စိုက်ထုတ်သုံးစွဲမှု မပါဘဲ ဒေသဆိုင်ရာအဆင့်များ၏ သီးခြား စိုက်ထုတ်သုံးစွဲမှုများ
ဗဟိုအစိုးရအနေဖြင့် အာမခံကြေးစိုက်ထုတ်သုံးစွဲရာတွင် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတစ်ရပ်လုံး အကျိုးဖြစ်ထွန်းစေနိုင်ရေးတို့ကို အာရုံစိုက်ကာ အာမခံကြေးစိုက်ထုတ်သုံးစွဲပေးပါသည်။
အချို့သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာ တစ်နိုင်ငံလုံးတွင် ရှိမနေသကဲ့သို့ ကောက်ပဲသီးနှံများ (ဥပ မာ ပြောင်း၊ ဂျုံ စသည်) ကဲ့သို့ စားနပ်ရိက္ခာဖူလုံရေးအတွက် ထိပ်တန်းဦးစားပေး လုပ်ငန်းများမဟုတ်ပါ။ ဥပမာ အားဖြင့် ကျင်းစုပြည်နယ်ရှိ ကြာစွယ်စိုက်ပျိုးရေးလုပ်ငန်းသည် စားနပ်ရိက္ခာဖူလုံးရေးအတွက် ဂျုံ၊ ပြောင်း၊ ဆန် များကဲ့သို့ အရေးမကြီးပါ။ ထို့အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပမာဏကြီးမားသည့် စီးပွားရေး လုပ်ငန်းတစ် ခုလည်း မဟုတ်ပါ။ ထိုကဲ့သို့သော လုပ်ငန်းများကို ဗဟိုအစိုးရက အာမခံကြေးစိုက်ထုတ်သုံးစွဲပေးခြင်း မရှိပါ။
သို့ရာတွင် အဆိုပါလုပ်ငန်းများသည် ဒေသတစ်ခုချင်းစီအလိုက် အရေးကြီးသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်နေပြန်ပါသည်။ ထို့ကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် ယင်းတို့ဒေသအတွက် အရေး ပါသည့် လုပ်ငန်းများကို ဗဟိုအစိုးရ၏ စိုက်ထုတ်ငွေ မပါဘဲ စောင့်ရှောက်ပေးရန် လိုအပ်လာပါသည်။ ထို့အတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးများက ဒေသ၏ ထူးခြားချက်အပေါ် အခြေခံသည့် စိုက်ပျိုးမွေးမြူရေးအာမခံကြေး စိုက်ထုတ်သုံးစွဲမှု (Subsidies with local characteristics) ကို ပြုလုပ်ကြရပါသည်။
ကျင်းစုပြည်နယ်တွင် ဖန်လုံအိမ်ဖြင့် စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များ၊ ကြာစွယ်စိုက်ပျိုးရေး၊ အသား တိုးကြက်မွေးမြူရေးနှင့် အသားတိုးငန်း မွေးမြူရေးလုပ်ငန်းများအတွက် အာမခံကြေး စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း ကို ပြည်နယ်အစိုးရက ကျခံပြီး၊ စီရင်စုအဆင့်များက ၁၅ ရာခိုင်နှုန်း စိုက်ထုတ်ပေးကြပါသည်။ သို့ဖြစ်ရာ ယင်းသီးနှံ နှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် အာမခံကြေးစုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကိုသာ စိုက်ပျိုးမွေးမြူသူများက ကျခံ ကြရခြင်း ဖြစ်ပါသည်။
ဟီနန်ပြည်နယ်တွင် ဆေးရွက်ကြီးစိုက်ပျိုးထုတ်လုပ်မှု ထွန်းကားပြီး၊ ယင်းအတွက် ဗဟိုအစိုးရနှင့် ပြည် နယ်အစိုးရတို့က အာမခံ ကြေးစိုက်ထုတ်သုံးစွဲခြင်း မပြုပါ။ ဆေးရွက်ကြီးသည် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတစ် ခု ဖြစ်သော်လည်း ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့က တွန်းအားပေးဆောင်ရွက်လိုခြင်း မရှိသည့် လုပ်ငန်းများ ဖြစ်ပါသည်။ စားနပ်ရိက္ခာဖူလုံမှုအတွက်လည်း အကျိုးဖြစ်ထွန်းနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ဗဟို နှင့် ပြည်နယ်အစိုးရ များက အာမခံကြေး စိုက်ထုတ် မပေးခြင်း ဖြစ်ပါသည်။ သို့ရာတွင် သက်ဆိုင်ရာ မြူနီစပယ်နှင့် စီရင်စု အဆင့်များ က အာမခံကြေး၏ ၃၀ ရာခိုင်နှုန်းကို စိုက်ထုတ်ပေးကာ မိမိတို့ဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ကာကွယ်ပေး ကြပါသည်။ အသားတိုးကြက်မွေးမြူရေးကိုမူ မြူနီစပယ်နှင့် စီရင်စုအဆင့်များက အာမခံကြေး၏ ၅၀ ရာခိုင်နှုန်း အ ထိ စိုက်ထုတ်ပေးပါသည်။
စီချွမ်ပြည်နယ်တွင် စားနပ်ရိက္ခာဖူလုံးရေးအတွက် အဓိကမကျသော်လည်း၊ စီးပွားရေးအရ အရေးပါသည့် တန်ဖိုးမြင့် သီးနှံများ (ဥပမာ သစ်ကြားသီး နှင့် ပန်းသီး) များ စိုက်ပျိုးထုတ်လုပ်ကြပါသည်။ ယင်းသီးနှံများအတွက် အာမခံကြေးကို ဗဟိုအစိုးရက စိုက်ထုတ်သုံးစွဲပေးခြင်း မရှိသော်လည်း ပြည်နယ်အဆင့်မှစ၍ အောက်ခြေအဆင့် ဆင့်က အာမခံကြေးများ စိုက်ထုတ်ပေးကြပါသည်။ သစ်ကြားသီးအတွက် ပြည်နယ်အစိုးရက ၆၀ ရာခိုင်နှုန်း၊ မြူနီစပယ်အဆင့်က ၁၀ ရာခိုင်နှုန်းနှင့် စီရင်စုအဆင့်က ၁၀ ရာခိုင်နှုန်းဖြင့်၊ စုစုပေါင်း ၈၀ ရာခိုင်နှုန်းအထိ စိုက်ထည့် ပေးပါသည်။ ပန်းသီး စိုက်ပျိုးရေးအတွက် ပြည်နယ်အဆင့်က ၄၅ ရာခိုင်နှုန်း၊ မြူနီစပယ်နှင့် စီရင်စု အဆင့်များက ၅ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၅၀ ရာခိုင် နှုန်း စိုက်ထုတ်သုံးစွဲပေးခြင်း ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။