တရုတ်နိုင်ငံ၏ ဈေးနှုန်းနဲ့ ဝင်ငွေအာမခံ (တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း - ၆)

26/09/2024 14:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ဈေးနှုန်းအာမခံ(price-index insurance)

တရုတ်နိုင်ငံသည် ဈေးကွက်စီးပွားရေး (market economy) ကို ကျင့်သုံးလျက်ရှိသည့်နိုင်ငံဖြစ်ရာ ဈေးနှုန်း (price) ကို ဥပဒေသတ်မှတ်၍ ကန့်သတ်ထိန်းချုပ်ရန် မဖြစ်နိုင်ပါ။ ဈေးနှုန်းကို ဈေးကွက်အတွင်းရှိ ဝယ်လိုအား (demand) နှင့် ရောင်းလိုအား (supply) တို့ကသာ အဓိက ထိန်းချုပ်ပါသည်။ ယေဘုယျအားဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ မျှခြေ (equilibrium) တွင် ရှိနေပါက ဈေးနှုန်းတည်ငြိမ်နေမည် ဖြစ်ပါသည်။ ဝယ်လိုအားများခြင်းနှင့် ရောင်းလိုအား နည်းခြင်းတို့က ဈေးနှုန်းကို မြင့်တက်စေပါသည်။ ‌ဝယ်လိုအားနည်းခြင်းနှင့် ရောင်းလိုအား များ ခြင်းတို့က ဈေးနှုန်းကို ကျဆင်းစေနိုင်ပါသည်။ 

စက်မှုလက်မှုလုပ်ငန်းများအနေဖြင့် ယင်းတို့၏ ထုတ်ကုန်များအတွက် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ကို ချိန်ညှိရန် လွယ်ကူသဖြင့် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ကြပါသည်။ သို့ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများအနေဖြင့်မူ ရာသီဥတုအပေါ် မှီခို၍ ထုတ်လုပ်ရခြင်း၊ သီးနှံအလိုက် စိုက်ပျိုးရာသီ၊ ခူးဆွတ်ရာသီများ ရှိခြင်း၊ ထုတ်ကုန်များမှာ ပျက်စီးလွယ်ခြင်း (perishable)၊ ရောဂါပိုးမွှားများ ကျရောက်တတ်ခြင်း တို့ကြောင့် ရောင်းလိုအား နှင့် ဝယ်လိုအားကို အလွယ်တကူ ချိန်ညှိနိုင်ရန် မလွယ်ကူပါ။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၏ ဈေးနှုန်း မတည်ငြိမ်ခြင်း (price fluctuation) ကို မကြာခဏ ကြုံတွေ့ရတတ်ပါသည်။ 

တရုတ်နိုင်ငံအနေဖြင့် ယင်းအခြေအနေကို ဈေးနှုန်းအာမခံစနစ် (price-index insurance) ဖြင့် ဖြေရှင်းနေသည်ကို တွေ့ရှိရပါသည်။ ဝက်မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသည့် ဈေးနှုန်းအာမခံစနစ် အကြောင်းကို အခြေခံ ၍ ဆွေးနွေးတင်ပြလိုပါသည်။

တရုတ်အမျိုးသား စာရင်းအင်းဗျူရို (National Bureau of Statistics – NBS) သည် တရုတ်နိုင်ငံ၏ ထုတ်ကုန်များအတွက် Producer Price Index (PPI) ခေါ် အညွှန်းကိန်းကို ပုံမှန် ထုတ်ပြန်ပေးရပါသည်။ ထုတ်ကုန်တစ်ခုကို ထုတ်လုပ်ပြီးနောက် ခြံမှရောင်းထုတ်မည့်အချိန်၊ စက်ရုံမှရောင်းထုတ်မည့်အချိန်တွင်ရှိနေသည့် ဈေးနှုန်း (costs of goods at the factory/farm gate) ကို တွက်ချက်၍ PPI အညွှန်းကိန်းအဖြစ် ထုတ်ပြန်ခြင်း ဖြစ်ပါသည်။ 

PPI ကို ထုတ်ပြန်ရာတွင် အခြေခံနှစ် (base year) တစ်နှစ်ရှိ ဈေးနှုန်းကို အညွှန်းကိန်း ၁၀၀ အဖြစ် သတ်မှတ်ပါသည်။ ထို့နောက် PPI ထုတ်ပြန်သည့်နှစ်တွင် ယင်း အခြေခံနှစ်ထက် ပိုများလာသည့်ဈေးနှုန်း သို့မဟုတ် လျော့ကျသွားသည့် ဈေးနှုန်းကို ရာခိုင်နှုန်းဖြင့် ဖော်ပြပေးပါသည်။ ဥပမာ ၂၀၂၄ ခုနှစ် ဒုတိယ လေးလပတ်တွင် ဝက်သား၏ PPI သည် ၁၀၈.၇ ရှိပါသည်။ ဆိုလိုသည်မှာ ယင်းကာလတွင် ဝက်သားဈေးနှုန်းသည် အခြေခံနှစ် ထက် ၈.၇ ရာခိုင်နှုန်း ပိုမြင့်တက်လာခြင်း ဖြစ်ပါသည်။ 

ဝက်မွေးမြူသူများအနေဖြင့် ဝက်သားဈေးနှုန်းကျဆင်းချိန်တွင် အမြတ်အစွန်းမရဘဲ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် ယင်းသို့ ဈေးနှုန်းကျဆင်းချိန်တွင် ဖြစ်ပေါ်မည့် ဆုံးရှုံးမှုအတွက် အာမခံအကာအကွယ်ကို price-index insurance ဝယ်ယူ၍ ကြိုတင်ရယူထားနိုင်ပါသည်။ 

အကယ်၍ ဝက်သားဈေးနှုန်းသည် ကြိုတင်ခန့်မှန်းထားသည့် PPI အောက် လျော့နည်းကျဆင်းပြီး ယင်းသို့ ကျဆင်းမှုမှာ မွေးမြူသူအတွက် ဆုံးရှုံးမှုဖြစ်ပေါ်နေပြီဟု သတ်မှတ်ထားသည့်အနေအထား (threshold level) သို့ ရောက်ရှိပြီ သို့မဟုတ် ယင်းထက်ကျော်လွန်သွားပြီဆိုပါက အာမခံ လျော်ကြေး ရရှိနိုင်မည် ဖြစ်ပါသည်။ 

 ဝင်ငွေအာမခံ (revenue insurance) 

ဝင်ငွေအာမခံ စနစ်မှာ ဈေးနှုန်းအာမခံစနစ်နှင့် ခပ်ဆင်ဆင် တူညီပါသည်။ အဓိက ရည်ရွယ်ချက်မှာ ဈေး နှုန်းအတက်အကျကြောင့် စိုက်ပျိုးမွေးမြူသူများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် အာမခံအကာအကွယ်ပေးခြင်းဖြစ်ပါသည်။ ယင်းစနစ်တွင် စိုက်ပျိုးရေးသမားများ နှင့် အာမခံကုမ္ပဏီ အပြင် သီးနှံရိတ်သိမ်းချိန်တွင် သီးနှံများကို ဝယ်ယူမည့် ကုန်သည် (future broker) များပါ ပါဝင်ပတ်သက်နေပါသည်။ ယင်းစနစ်ကို အန်းဟွေ့ပြည်နယ် (Anhui) မှ ပြောင်းတောင်သူများ၏ အတွေ့အကြုံနှင့် ဥပမာပေး တင်ပြလိုပါသည်။ 

ဖူယန်း (Fuyang) မြို့သည် အန်းဟွေ့ပြည်နယ်တွင် ပြောင်း အဓိက စိုက်ပျိုးထုတ်လုပ်သည့် ဒေသဖြစ်ပါ သည်။ ဖူယန်း၏ ပြောင်းစိုက်ပျိုးသူများအတွက် အဓိက စိန်ခေါ်မှုတစ်ခုမှာ ဈေးနှုန်းမတည်ငြိမ်ခြင်းပင် ဖြစ်ပါသည်။  ယင်းစိန်ခေါ်မှုကို ကျော်လွှားရန်အတွက် ပြည်နယ်အစိုးရသည် Guoyuan Agricultural Insurance Company ဟု ခေါ်သည့် အာမခံကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ၂၀၁၇ ခုနှစ် ပြောင်းစိုက်ရာသီအစ တွင် ဝင်ငွေအာမခံစနစ် (revenue insurance) ကို စမ်းသပ်ကျင့်သုံးခဲ့ပါသည်။ 

ဖူယန်းဒေသတွင် ပြောင်းအထွက်နှုန်းကို ၁ မူ လျှင် ၉၀၀ ကီလိုဂရမ်နှုန်းအဖြစ် သတ်မှတ်ပါသည်။ အာမခံ ကုမ္ပဏီသည် ပြောင်းစိုက်တောင်သူ ၂၀၀ တို့ ပိုင်ဆိုင်သည့် မူ ၁၀၀,၀၀၀ မှ ထွက်ရှိမည့် ပြောင်းတန်ချိန် ၄၅၀,၀၀၀ အတွက် ဈေးနှုန်းတစ်ခု သတ်မှတ်၍ အာမခံအကာအကွယ်များ ရောင်းချပါသည်။ ပြောင်းများ ရိတ်သိမ်းပြီးနောက် ပြောင်းဆံထွက်လာချိန်တွင် ဈေးကွက်ပေါက်ဈေးမှာ အာမခံထားသည့် သတ်မှတ်ဈေးနှုန်းအောက် လျော့နည်းပါက ပြောင်းစိုက်တောင်သူများအနေဖြင့် အာမခံလျော်ကြေး ရရှိကြမည် ဖြစ်ပါသည်။ ယင်းမှာ ရိုးရှင်းသည့် အာမခံလုပ် ငန်းစဉ် တစ်ရပ်ဖြစ်ပါသည်။ 

သို့သော် ပြောင်းဈေးနှုန်းမှာ အတက်လည်းဖြစ်နိုင်သလို၊ အကျလည်း ဖြစ်နိုင်ပါသည်။ ဈေးကွက်တွင် ဖြစ် ပေါ်လာသည့် ပြောင်းဈေးနှုန်းမှာ သတ်မှတ်ဈေးနှုန်းထက် မြင့်မားပါက အာမခံရောင်းချထားသည့် Guoyuan Agricultural Insurance Company အနေဖြင့် အာမခံလျော်ကြေး ပေးလျော်စရာ မလိုဘဲ အမြတ်အစွန်း များများရရှိမည် ဖြစ်ပါသည်။ သို့ရာတွင် ပြောင်းဈေးနှုန်းကျဆင်းသွားပါက အာမခံကုမ္ပဏီအနေဖြင့် အာမခံလျော်ကြေး ပေး လျော်ရသည့် ပမာဏ များစွာမြင့်မားကာ အရှုံးပေါ်နိုင်ပါသည်။ 

ဥပမာ တောင်သူများကို ဈေးနှုန်းအာမခံရောင်းချရာတွင် ပြောင်းတစ်တန်အတွက် အနိမ့်ဆုံးဈေးနှုန်း ယွမ် ၁၀၀ ဟု သတ်မှတ်ထားသည် ဆိုပါစို့။ အာမခံကြေးကို တစ်တန်လျှင် ၁ ယွမ် သတ်မှတ်၍ အာမခံအကာအကွယ် ရောင်းချပါက ပြောင်းတန်ချိန် ၄၅၀,၀၀၀ အတွက် အာမခံကုမ္ပဏီသည် အာမခံကြေး ၄၅၀,၀၀၀ ရရှိမည် ဖြစ်ပါ သည်။ 

အကယ်၍ ပြောင်းဈေးနှုန်းမှာ တစ်တန်လျှင် ယွမ် ၁၀၀ ကျော်ပါက တောင်သူများက ယင်းတို့စိတ်ကြိုက် ရောင်းချနိုင်မည် ဖြစ်ပါသည်။ အာမခံကုမ္ပဏီသည် ရရှိထားသည့် အာမခံကြေး ၄၅၀,၀၀၀ ကို ရရှိနိုင်မည် ဖြစ်သည်။ 

အကယ်၍ ဈေးနှုန်းမှာ ပြောင်း ၁ တန်လျှင် ယွမ် ၁၀၀ အောက် လျော့နည်းပြီး ယွမ် ၈၀ သာ ဈေးပေါက် ပါက တစ်တန်လျှင် ယွမ် ၂၀ နှုန်းဖြင့် တန်ချိန် ၄၅၀,၀၀၀ အတွက် အာမခံလျော်ကြေး ယွမ် ၉,၀၀၀,၀၀၀ (သိန်းကိုးဆယ်) ပေးလျော်ရမည် ဖြစ်ပါသည်။

ပြောင်းတောင်သူများအတွက် ပြောင်းတစ်တန်လျှင် ၁ ယွမ်နှုန်းဖြင့် အာမခံကြေး ပေးသွင်းထားလိုက်ရုံဖြင့် ပြောင်းပေါ်ချိန်တွင် တစ်တန်လျှင် ယွမ် ၁၀၀ နှင့် ရောင်းချနိုင်ရန် သေချာသဖြင့် အရှုံးမရှိနိုင်သည့် အာမခံစနစ်ဖြစ် ပါသည်။ သို့ရာတွင် အာမခံကုမ္ပဏီဖြစ်သော Guoyuan Agricultural Insurance Company အတွက်မူ လောင်းကြေးကြီးကြီးဖြင့် စွန့်စားရလွန်းသည့် အခြေအနေ ဖြစ်ပါသည်။ ထို့ကြောင့် စွန့်စားရမှု (risk) ကို ကြိုတင်ကာကွယ် ထားရန်လိုအပ်ပါသည်။ 

ထို့ကြောင့် Guoyuan Agricultural Insurance Company သည် သတ်မှတ်ထားသည့် ပြောင်းတန်ချိန် ၄၅၀,၀၀၀ အတွက် အာမခံကြေးများ ရရှိပြီးသည့်အခါ ဒေသအတွင်းရှိ လက္ကားပြောင်းကုန်သည် (future broker) ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Guoyuan Futures နှင့် put option စာချုပ်ချုပ်ဆိုပါသည်။ 

အဆိုပါ put option စာချုပ်အရ ၂၀၁၇ ခုနှစ် ပြောင်းထွက်ရာသီဖြစ်သော ဩဂုတ်လ ၇ ရက်မှ ဒီဇင်ဘာ ၇ ရက်အတွင်း လိုအပ်ပါက ပြောင်းတန်ချိန် ၄၅၀,၀၀၀ ကို နှစ်ဖက်သဘောတူညီထားသည့် သတ်မှတ်ဈေးနှုန်းဖြင့် ပြောင်းကုန်သည်ဖြစ်သော Guoyuan Futures က ဝယ်ယူပေးပါမည် ဟူသော ကတိကို ပေးထားရပါသည်။ ယင်းကတိ(put option) အတွက် အဖိုးအခအနေဖြင့် အာမခံကုမ္ပဏီက ကုန်သည်ကို ငွေကြေးပမာဏတစ်ခု သတ်မှတ်၍ ပေးချေထားရပါသည်။ 

ဥပမာ အာမခံကုမ္ပဏီသည် ရရှိထားသည့် အာမခံကြေး ယွမ် ၄၅၀,၀၀၀ ထဲမှ ၁၀၀,၀၀၀ ကို put option အတွက် ကုန်သည်ကို ပေးချေရခြင်း ဖြစ်ပါသည်။

အကယ်၍ ပြောင်းဈေးနှုန်းသည် သတ်မှတ်ဈေးနှုန်း တစ်တန်လျှင် ယွမ် ၁၀၀ အထက် မြင့်နေလျှင် တောင်သူများက ရရှိသည့် ဈေးနှုန်းနှင့် ရောင်းချနိုင်သလို၊ အာမခံကုမ္ပဏီက အာမခံကြေးထဲမှ put option ဝယ်ယူပြီးကျန် ရှိသည့် ယွမ် ၃၅၀,၀၀၀ ကို ရရှိမည် ဖြစ်ပါသည်။ ထို့အတူ ကုန်သည်ကလည်း put option ရောင်းချခြင်းအတွက် ယွမ် ၁၀၀,၀၀၀ ကို ရရှိမည် ဖြစ်ပါသည်။ 

အကယ်၍ ပြောင်းဈေးနှုန်းသည် သတ်မှတ်ဈေးနှုန်း ယွမ် ၁၀၀ အောက် လျော့ကျနေပါက အာမခံ ကုမ္ပဏီ အနေဖြင့် တောင်သူများထံမှ ပြောင်းကို သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူကာ ကုန်သည်ကို လက်လွှဲရောင်းချပေးရုံ လိုက်ရုံဖြင့် ပမာဏ အာမခံကြေး အမြောက်အများ ပေးလျော်ရမည့် အခြေအနေကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။  

တနည်းအားဖြင့် ယင်းစနစ်သည် အာမခံ ၂ ဆင့်ထားသည့် စနစ်ဟု ဆိုနိုင်ပါသည်။ တောင်သူများအတွက် အာမခံအကာအကွယ်ကို ရရှိစေသည့်အပြင်၊ အခြားတစ်ဖက်တွင် ဈေးနှုန်းတည်ငြိမ်မှုကိုလည်း ထိန်းကျောင်းပေးရာ ရောက်ပါသည်။ ကုန်သည်များအနေဖြင့် ဈေးအလွန်အမင်း လျော့ချ၍ မရအောင် ကာကွယ်ထားနိုင်သည့်အကျိုး ကျေးဇူးလည်း ရရှိနိုင်ပါသည်။ ယင်းစနစ်ကို Insurance plus future စနစ်ဟုလည်း ခေါ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်