တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအာမခံစနစ် လည်ပတ်ပုံ (တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း - ၃)

19/09/2024 15:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

 တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်ကို စမ်းသပ်စတင်ရာတွင် အာမခံစနစ်ကို မည်သို့ လည်ပတ်မည်ဆိုသည့် အသင့်သုံးလုပ်ငန်းလည်ပတ်ပုံစနစ် (ready to use operational model) မရှိခဲ့ပါ။ ထို့ကြောင့် စနစ်တစ်ခုကို ဖန်တီးယူကာ စမ်းသပ်ကျင့်သုံးကြည့်ပြီး နှစ်ပေါင်းများစွာ ရရှိလာသည့် အတွေ့အကြုံများကို အခြေခံ၍ အဆင့်မြင့်တင်ယူရန် လိုအပ်မည် ဖြစ်ပါသည်။ 

ယေဘုယျအားဖြင့် တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်တွင် ပါဝင်ပတ်သက်သူ ၃ ဦးရှိသည်ဟု နားလည်နိုင်ပါသည်။ 

စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ (agricultural producers) များသည် အာမခံအကာအကွယ်ရယူသူ တနည်းအားဖြင့် အာမခံအကာအကွယ်ဝယ်ယူပိုင်ဆိုင်ထားသူ(policy holder) များ ဖြစ်သည်။ 

အာမခံအာမခံအကာ အကွယ်များကို အာမခံကုမ္ပဏီ (insurance companies/insurer) များက ရောင်းချပေးကြပါသည်။ တနည်းအားဖြင့် စိုက်ပျိုးမွေးမြူသူများက အာမခံအာမခံအကာအကွယ် ဝယ်ယူရန် ပေးသွင်းသည့် အာမခံကြေး (premium) များကို ကောက်ခံခြင်း၊ စိုက်ပျိုး မွေးမြူသူများ၏ အာမခံထားရှိသော လုပ်ငန်းများတွင် ဆုံးရှုံးမှုများဖြစ်ပေါ်သည့်အခါ အာမခံလျော်ကြေး (indemnity) များ ပေးလျော်ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်သည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပါသည်။ 

စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအနေဖြင့် အာမခံကြေးများကို အပြည့်အဝ မပေးသွင်းနိုင်သည့် အခြေအနေတွင် အာမခံကြေး၏ ရာခိုင်နှုန်းအချိုးအစားတစ်ခုကို အစိုးရ (government) က စိုက်ပျိုးမွေးမြူသူများ၏ ကိုယ်စားစိုက်ထည့်ပေးခြင်း (subsidize) လုပ်ဆောင်ပေးပါသည်။လက်ရှိ တရုတ်နိုင်ငံတွင် ကျင့်သုံးနေသည့် စိုက်ပျိုးမွေးမြူရေးအာမခံစနစ်ကို လည်ပတ်ရာတွင် အထက်ဖော်ပြပါ အဓိကပါဝင်ပတ်သက်သူ ၃ ဦးက အဓိက လုပ်ငန်းအစိတ်အပိုင်းကြီး ၂ ခု ဖြစ်သော “အာမခံ အကာအကွယ်များရောင်းချခြင်း/အာမခံထားရှိခြင်း (underwriting procedures)” နှင့် “အာမခံကြေးပေးလျော်မှု (loss-adjustment procedures)” တို့ကို တာဝန်ခွဲဝေယူကာ ဆောင်ရွက်လျက်ရှိပါသည်။ 

ယင်းအစိတ်အပိုင်းများကို ရိုးရှင်းလွယ်ကူစွာနားလည်နိုင်ရန်အတွက် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ပြည်နယ် တစ်ခုဖြစ်သော ဟူနန်ပြည်နယ် (Hunan province) တွင် လက်တွေ့ဆောင်ရွက်သည့် အာမခံစနစ် လည်ပတ်ပုံကို  ဥပမာပေး၍ တင်ပြလိုပါသည်။

(၁) စိုက်ပျိုးမွေးမြူရေးအာမခံထားရှိရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ (underwriting procedures)

ဘဏ္ဍာနှစ်(fiscal/insurance year) တစ်ခု၏ အစတွင် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပြည်နယ် အဆင့် ဘဏ္ဍာရေးဌာန (Department of Finance – DOF) က ယင်းဘဏ္ဍာနှစ်အတွင်း ပြည်နယ်အတွင်း၌ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရန် အာမခံကုမ္ပဏီများကို ရွေးချယ်ပါသည်။ ယေဘုယျအားဖြင့် အနည်းဆုံး ကုမ္ပဏီ ၂ ခုကို ရွေးချယ်လေ့ရှိပါသည်။ 

ရွေးချယ်ခံရသည့်ကုမ္ပဏီတစ်ခုချင်းစီသည် ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွင်းမှ မည်သည့်လုပ်ငန်းအမျိုးအစား(business line) တွင် အာရုံစိုက်၍ အာမခံလုပ်ငန်း ဆောင်ရွက်ရမည်ကို ရွေးချယ်သတ်မှတ်ပေးပါသည်။ ဥပမာ မည်သည့်သီးနှံအမျိုးအစားအတွက် အာမခံလုပ်ငန်းဆောင်ရွက်မည်၊ မည်သည့်မွေးမြူရေးတိရစ္ဆာန် အတွက် အာမခံလုပ်ငန်းဆောင်ရွက်မည်စသည်ဖြင့် ရွေးချယ်ကြရခြင်းဖြစ်ပါသည်။ ထို့ပြင် ပြည်နယ်၏ မည်သည့်အစိတ်အပိုင်း (region) တွင် လုပ်ငန်းဆောင်ရွက်ရမည်ကိုပါ သတ်မှတ်ပေးပါသည်။ ထို့ကြောင့် ယင်းကုမ္ပဏီများကို ဒေသဆိုင်ရာအာမခံကုမ္ပဏီ (local insurer) များဟုလည်းခေါ်ဆိုကြပါသည်။ များသောအားဖြင့် ယင်းကုမ္ပဏီများ သည် စီရင်စုအဆင့် (county level) တွင် ရုံးများဖွင့်လှစ်ကာ အာမခံလုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ 

ယင်းကုမ္ပဏီများသည် သတ်မှတ်ဒေသအတွင်း သတ်မှတ်လုပ်ငန်းအမျိုးအစားအတွက် အာမခံစာချုပ်များ ပြင်ဆင်ကာ၊ အာမခံအကာအကွယ်များကို စိုက်ပျိုး မွေးမြူသူများထံ ရောင်းချရမည် ဖြစ်ပါသည်။ 

စိုက်ပျိုးမွေးမြူသူများက အာမခံအကာအကွယ်များ ဝယ်ယူမည် သို့မဟုတ် မဝယ်ယူဟူသော ဆုံးဖြတ် ချက်မှာ စိုက်ပျိုးမွေးမြူသူများ၏ ဆန္ဒ (voluntary basis) သာဖြစ်ပြီး၊ အာမခံ မဖြစ်မနေထားရှိရမည် ဟူ၍ ဥပဒေ၊ စည်းကမ်း သတ်မှတ်ပြဌာန်းထားခြင်း မရှိပါ။ 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် ကျေးလက်ဒေသတွင်သာရှိပြီး၊ စိုက်ပျိုးမွေးမြူသူအများစုမှာလည်း အသေးစားစိုက်ပျိုးမွေးမြူသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် ဒေသဆိုင်ရာအာမခံကုမ္ပဏီအနေဖြင့် စိုက်ပျိုးမွေးမြူသူ တစ်ဦးချင်းစီထံ အာမခံအကာအကွယ် လိုက်လံရောင်းချခြင်း၊ အာမခံလျော်ကြေးပေးအပ်ခြင်းများ လုပ်ဆောင် ရန်မှာ အလွန်ပင် ခက်ခဲပါသည်။ ထို့ကြောင့် အသေးစားစိုက်ပျိုးမွေးမြူသူများ စုပေါင်းထားသည့် အစုအဖွဲ့ငယ်များ ဖြင့် စုပေါင်း၍ အာမခံထားရှိသည့်စနစ်ကို ကျင့်သုံးကြပါသည်။ များသောအားဖြင့် ကျေးရွာအဆင့် အစုအဖွဲ့များက အာမခံအကာအကွယ်များ စုပေါင်းဝယ်ယူသည့် စနစ်ကို ကျင့်သုံးပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် စီမံခန့်ခွဲမှု ကုန်ကျစရိတ်နှင့် အချိန် ကိုများစွာ လျော့နည်းသက်သာစေမည် ဖြစ်ပါသည်။ 

စိုက်ပျိုးမွေးမြူသူများသည် သီးနှံ သို့မဟုတ် တိရစ္ဆာန်များအတွက် အာမခံထားရှိလိုပါက သက်ဆိုင်ရာ ကုမ္ပဏီများက ရောင်းချသည့် အာမခံအကာအကွယ်များကို ဝယ်ယူရမည်ဖြစ်ပါသည်။ ထို့အတွက် အာမခံကြေးကို ယင်းကုမ္ပဏီများထံ ပေးဆောင်ရမည် ဖြစ်ပါသည်။ ထိုသို့ ပေးဆောင်ရာတွင် အစိုးရက စိုက်ထုတ်ပေးမည့် ပမာဏ ကို ချန်လှပ်၍သာ ပေးသွင်းရမည် ဖြစ်ပါသည်။ ဥပမာ နွားတစ်ကောင်အတွက် အာမခံအာမခံအကာ အကွယ် ဝယ် ယူရာတွင် အာမခံကြေး ယွမ်၂၅၀ ကျသင့်ပြီး၊ အစိုးရက ၆၀ ရာခိုင်နှုန်း စိုက်ထုတ်ပေးမည် ဆိုပါစို့။ နွားမွေးမြူ သူအနေဖြင့် နွားတစ်ကောင်အတွက် အာမခံကြေး ပေးသွင်းရာတွင် ယွမ် ၂၅၀ ၏ ၆၀ ရာခိုင်နှုန်းဖြစ်သော ယွမ် ၁၅၀ ကို နှုတ်ပယ်ကာ ကျန်ရှိသည့် ယွမ် ၁၀၀ ကိုသာ အာမခံကုမ္ပဏီထံ ပေးဆောင်ရန် လိုအပ်မည် ဖြစ်ပါသည်။ 

စိုက်ပျိုးမွေးမြူသူများ ကျေးရွာအဆင့် အစုအဖွဲ့အလိုက် ပေးသွင်းသည့် အာမခံကြေးများကို သက်ဆိုင်ကာ အာမခံကုမ္ပဏီ၏ စီရင်စုအဆင့်က ကောက်ခံမည်ဖြစ်ပါသည်။ သို့သော် ကျေးရွာများ၏ အရေအတွက် များပြားလွန်း သဖြင့် စီရင်စုအဆင့် ရုံးခွဲများက ကျေးရွာအဆင့်ကိုယ်စားလှယ် (local assistant agent) များကို အချိန်ပိုင်း ငှားရမ်း ခန့်အပ်ကာ လုပ်ငန်းများ ဆောင်ရွက်လေ့ ရှိပါသည်။ များသောအားဖြင့် ကျေးရွာခေါင်းဆောင်များကို ငှားရမ်းလေ့ ရှိပါသည်။ 

အာမခံထားရှိသည့် စိုက်ပျိုးမွေးမြူသူများနှင့် အာမခံကုမ္ပဏီအကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားသည့် အာမခံစာချုပ်များနှင့် အာမခံကြေးကောက်ခံထားရှိသည့် အထောက်အထားများကို အာမခံကုမ္ပဏီက ပြည်နယ် ဘဏ္ဍာရေးဌာနသို့ ပေးပို့ရပါသည်။ 

ပြည်နယ်ဘဏ္ဍာရေးဌာနသည် ပေးပို့လာသည့် စာချုပ်များနှင့် အထောက်အထားများ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးမှုများ ဆောင်ရွက်ရပါသည်။ အချက်အလက်များ မှန်ကန်ပါက ပြည်နယ်အဆင့်က စိုက်ထည့်ပေးမည့် အာမခံ ကြေးပမာဏ ကို သက်ဆိုင်ရာ ကုမ္ပဏီထံ ခွဲဝေချထားပေးမည် ဖြစ်ပါသည်။

ပြည်နယ်အစိုးရသည် အာမခံကြေး၏ အစိတ်အပိုင်းတစ်ခုကိုသာ ကျခံပေးခြင်းဖြစ်ပြီး၊ ကျန်ရှိနေသော အစိတ်အပိုင်းကို ဗဟိုအစိုးရက ကျခံပေးမည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်နယ်ဘဏ္ဍာရေးဌာနအနေဖြင့် စိစစ်ပြီး ဖြစ်သော အထောက်အထားများကို ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန (Ministry of Finance – MOF) ထံသို့ ဆက်လက်ပေးပို့ပါသည်။ 

ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်ပြီးနောက် ဗဟိုအစိုးရက စိုက်ထည့်ပေးမည့် အာမခံကြေးကို ပြည်နယ်ဘဏ္ဍာရေးဌာနထံသို့ လွှဲပြောင်းပေးမည် ဖြစ်ပါသည်။ 

ထိုသို့ အာမခံကြေး စိုက်ထည့်ပေးငွေများ စုံလင်စွာ ရရှိပြီဖြစ်ပါက ပြည်နယ်ဘဏ္ဍာရေးဌာနက သက်ဆိုင်ရာကုမ္ပဏီထံသို့ စိုက်ထည့်ပေးငွေများ လွှဲပြောင်းပေးမည် ဖြစ်ပါသည်။ သို့ရာတွင် လွှဲပြောင်းငွေ၏ အစိတ်အပိုင်း တစ်ခုကို သဘာဝဘေး အရေးပေါ်ရံပုံငွေ (catastrophe risk fund) သို့ လွှဲပြောင်းထည့်ဝင်ရပါသည်။ ယင်းရံပုံငွေ သည် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ရန်အတွက် ထူထောင်ထားသည့် ရံပုံငွေ ဖြစ်ပါသည်။ 

(၂) အာမခံကြေးပေးလျော်မှု လုပ်ငန်းစဉ်များ (loss-adjustment procedures)

အာမခံအကာအကွယ်ဝယ်ယူထားသည့် စိုက်ပျိုးမွေးမြူရေးသမားသည် အာမခံအကာအကွယ်ရယူထားသည့် မိမိ၏ သီးနှံ၊ သို့မဟုတ် တိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပေါ်သည့်အခါ ဒေသဆိုင်ရာ အာမခံကုမ္ပဏီရုံးသို့ ဆက်သွယ် သတင်းပို့ရမည် ဖြစ်သည်။ 

သတင်းရရှိသည်နှင့် တပြိုင်နက် စိုက်ပျိုးမွေးမြူရေးပညာရှင်များက ကွင်းဆင်းကာ အမှန်တကယ် ပျက်စီး ဆုံးရှုံးခြင်း ဟုတ်/မဟုတ်၊ ပျက်စီးဆုံးရှုံးမှု ရှိပါကလည်း အာမခံအကာအကွယ်ယူထားသည့် လုပ်ငန်း/ထုတ်ကုန်များ ဟုတ်/မဟုတ်ကို စစ်ဆေး၊ အာမခံအကာအကွယ်ယူထားပါက အမှန်ကတယ်ပျက်စီးဆုံးရှုံးသည့် ပမာဏနှင့် ပေးလျော်ရမည့် အာမခံလျော်ကြေး ပမာဏတို့ကို အကဲဖြတ် သုံးသပ်ပါသည်။ ယင်းစိုက်ပျိုးမွေးမြူရေးပညာရှင်မှာ တ ရုတ်အစိုးရလက်အောက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs – MARA) မှ ကျွမ်းကျင်ဝန်ထမ်း ဖြစ်ရပါသည်။ 

ထိုသို့ ကွင်းဆင်းစစ်ဆေးကာ အကဲဖြတ်မှု ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အာမခံကုမ္ပဏီက ခန့်အပ်တာ ဝန်ပေးထားသည့် ကိုယ်စားလှယ်များ၊ အစိုးရကိုယ်စား တာဝန်ယူဆောင်ရွက်ရသည့် ကိုယ်စားလှယ်များ (ဥပမာ ကျေးရွာခေါင်းဆောင်နှင့် ဘဏ္ဍာရေးဌာနမှ ဝန်ထမ်း) နှင့် အာမခံအကာအကွယ် ဝယ်ယူထားသည့် စိုက်ပျိုးမွေးမြူ ရေးသမားတို့က မျက်မြင်သက်သေအဖြစ် လိုက်ပါဆောင်ရွက်ကြရပါသည်။

စစ်ဆေးတွေ့ရှိချက်အရ ပျက်စီးဆုံးရှုံးမှုပမာဏကို ကွင်းဆင်းစစ်ဆေးသူအားလုံးက သဘောတူညီသည်အထိ သုံးသပ်ဆွေးနွေးကြပြီးနောက်၊ ဆုံးဖြတ်ချက်ကို အားလုံးကလက်မှတ်ရေးထိုးကာ အာမခံလျော်ကြေး သတ်မှတ် ချက်မှတ်တမ်း (loss-adjustment record) အဖြစ် ထိန်းသိမ်းထားကြရပါသည်။ 

အာမခံကုမ္ပဏီသည် အာမခံလျော်ကြေးသတ်မျတ်ချက်မှတ်တမ်း လက်ခံရရှိပြီး ၁၀ ရက်အတွင်း သက်ဆိုင်ရာ အာမခံအကာအကွယ်ရရှိသူ စိုက်ပျိုးမွေးမြူရေးသမားထံသို့ အာမခံလျော်ကြေးကို ဘဏ်မှတဆင့် လွှဲပြောင်း ပေးရမည် ဖြစ်ပါသည်။ 

စိုက်ပျိုးရေးရာသီကုန်သည့်အခါ သို့မဟုတ် လုပ်ငန်းအလိုက်သတ်မှတ်ထားသည့် အာမခံရာသီ ကုန်ဆုံးသည့်အခါ အာမခံလျော်ကြေးမှတ်တမ်းများ စာရင်းနှင့် အာမခံလျော်ကြေး ပေးလျော်ထားမှု စာရင်းဇယားများကို သက်ဆိုင်ရာကုမ္ပဏီက ထုတ်ပြန်ပြီး ကျေးရွာရုံးခန်းရှိ ဆိုင်းဘုတ်တွင် အများပြည်သူ ပွင့်လင်းမြင်သာစွာ ကြည့်ရှုစစ်ဆေးနိုင်ရန် ကြေငြာပေးရပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်