တရုတ်နိုင်ငံ၏စိုက်ပျိုးမွေးမြူရေး အာမခံစနစ်ပြောင်းလဲမှုအဆင့်များ (တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း - ၂)

18/09/2024 15:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

 

တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ

ကမ္ဘာ့ဘဏ် (World Bank) ၏ ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး ကဏ္ဍအနေဖြင့် တစ်နိုင်ငံလုံးထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ - Gross Domestic Production - GDP) ၏ ၇.၁ ရာခိုင်နှုန်း ကို ထုတ်လုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။ စက်မှုကဏ္ဍက ဂျီဒီပီ၏ ၃၈.၃ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍက ဂျီဒီပီ ၏ ၅၄.၆ ရာခိုင်နှုန်း အသီသီး ထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ 

တရုတ်နိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး မကြာသေးခင်ကမှ အိန္ဒိယနိုင်ငံ၏ လူဦးရေသည်တရုတ်နိုင်ငံကို ကျော်တက်သွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကမ္ဘာ့ဒုတိယ လူဦးရေ အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး ၂၀၂၂ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၄.၁၁ ဘီလီယံ ရှိသည်ဟု သိရှိရပါသည်။ တနည်းအားဖြင့် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၂၁ ရာခိုင်နှုန်း (ငါးပုံတစ်ပုံကျော်) မှာ တရုတ်နိုင်ငံတွင်နေထိုင်နေကြခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ စားအိုးကြီးသည့်နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာထုတ်လုပ်ရေးကို တာဝန်ယူရသည့်  စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ တိုင်းပြည်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကအကျဆုံး ကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ 

အခြားတစ်ဖက်တွင်မူ ကမ္ဘာ့လူဦးရေ၏ ၂၁ ရာခိုင်နှုန်း မှီတင်းနေထိုင်နေသည့် တရုတ်နိုင်ငံ၏ စိုက်ပျိုးနိုင် သောမြေဧရိယာအကျယ်အဝန်းမှာ တစ်ကမ္ဘာလုံးရှိ စိုက်ပျိုးနိုင်သောမြေဧရိယာစုစုပေါင်း၏ ၉ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရပါသည်။ ရေချိုအရင်းအမြစ်တွင်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာ၏ ၆ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါသည်။ FAO ၏ ကိန်းဂဏန်းများအရ ၂၀၀၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးတွက်ချက်မှုအရ လူတစ်ဦးလျှင် ပျမ်းမျှ တစ်နှစ်စာ ရေချိုရရှိနိုင်မှု ၆၂၂၅ ကုဗမီတာ ရှိသော်လည်း တရုတ်နိုင်ငံသားတစ်ဦးချင်း၏ တစ်နှစ်စာ ရေချိုရရှိနိုင်မှု မှာ ၂၀၇၉ ကုဗမီတာသာ ရှိသည်ဟု သိရှိရပါသည်။ 

တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပမာဏကို တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် နှိုင်းယှဉ်လေ့လာကြည့်ပါက တစ်ကမ္ဘာလုံး ကောက်ပဲသီးနှံထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းကိုလည်းကောင်း၊ အသားထုတ်လုပ်မှု၏ ၂၉ ရာခိုင်နှုန်းကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ တရုတ်နိုင်ငံက ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ အကြမ်းဖျဉ်းအားဖြင့် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံက ထုတ်လုပ်ပေးနေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ် ပြောင်းလဲမှုအဆင့်များ 

တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက အဓိကအဆင့် ၃ ဆင့်ဖြင့် ဖွံ့ဖြိုးပြောင်းလဲလာသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ ယင်းအဆင့်များကို အကျဉ်းချုပ်၍ တင်ပြလိုပါသည်။ 

(၁) အစိုးရကဦးဆောင်သော အာမခံစနစ် (Initial phase government led mode) 

တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်၏ ကနဦးအဆင့်တွင် အာမခံလုပ်ငန်းကဏ္ဍကို အစိုးရက တိုက်ရိုက်ဦးဆောင်ပါသည်။ ယင်းစနစ်ကို ၁၉၈၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်အထိ ဆယ်နှစ်ကြာ ကျင့်သုံးခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းအပါအဝင် အာမခံလုပ်ငန်းများအားလုံးကို နိုင်ငံတော်ပိုင်လုပ်ငန်း (state owned enterprise) တစ်ခုဖြစ်သည့် တရုတ်နိုင်ငံတော် ပြည်သူ့အာမခံကုမ္ပဏီ (People’s Insurance Company of China – PICC) တစ်ခုတည်းက လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် စွန့်စားရလွန်းပြီး ပျက်စီးဆုံးရှုံးလွယ်သည့် လုပ်ငန်းကဏ္ဍတစ်ရပ်ဖြစ်ရာ PICC သည် စိုက်ပျိုးမွေးမြူရေးအာမခံ လုပ်ငန်းတွင် ဆုံးရှုံးမှုများ အကြီးအကျယ်ရင်ဆိုင်ခဲ့ရပါသည်။ သို့ရာတွင် အစိုးရက PICC ၏ ဆုံးရှုံးမှုများအပေါ် ငွေကြေးစိုက်ထုတ်သုံးစွဲကာကာကွယ်ပေးခဲ့သဖြင့် PICC သည် ယင်းကာလတွင် စိုက်ပျိုးမွေးမြူရေး အာမခံစနစ်ကို ဆက်လက်ကျင့်သုံးကာ ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ 

(၂) ဈေးကွက်ကို ဦးဆောင်ခွင့်ပေးသော အာမခံစနစ် (Market led mode) 

တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကို ဖော်ဆောင်လာသည်နှင့်အမျှ အစိုးရက တိုက်ရိုက်စီမံခန့်ခွဲသည့် နိုင်ငံတော်ပိုင်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်း (commercial company) များအဖြစ်သို့ အသွင်ပြောင်းလဲလာပါသည်။ ထိုအထဲတွင် PICC သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် PICC သည် နိုင်ငံတော် ပိုင်ဖြစ်သော်လည်း ပုဂ္ဂလိက အာမခံကုမ္ပဏီများကဲ့သို့ လွတ်လပ်စွာ လည်ပတ်ဆောင်ရွက်ရသည့် စီးပွားရေးလုပ် ငန်း (commercial insurance company) အဖြစ်သို့ ပြောင်းလဲလာခဲ့ပါသည်။ 

အစိုးရရုံးဌာန တစ်ခုအဖြစ်မှ စီးပွားရေးလုပ်ငန်းကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲလာသည့် PICC ၏ ဦးတည်ချက်မှာ “အမြတ်အစွန်းရရှိရေး” ဖြစ်လာပါသည်။ ကုမ္ပဏီတွင် အာမခံလုပ်ငန်းခွဲများစွာ ရှိသည့်အနက် စိုက် ပျိုးမွေးမြူရေးအာမခံလုပ်ငန်းသည်လည်း အခြားဌာနခွဲများနည်းတူ ဌာနခွဲတစ်ခုအဖြစ် ဆက်လက် ရပ်တည်ရပါသည်။ ဌာနခွဲအားလုံးသည် အမြတ်အစွန်းအတွက် ဈေးကွက်ကိုသာ လုံးဝမှီခိုကြရပါသည်။ အစိုးရအနေဖြင့် ယခင် ကကဲ့သို့ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းက ကြုံတွေ့ရသည့် အရှုံးကို စိုက်ထုတ်ဖြေရှင်းပေးခြင်း မပြုလုပ်တော့ပါ။ ယင်းစနစ်ကို ၂၀၀၃ ခုနှစ်အထိ ၁၀ နှစ်ကြာ ကျင့်သုံးခဲ့ပါသည်။ ယင်းကာလအတွင်း စိုက်ပျိုးမွေးမြူရေး အာမခံ

လုပ်ငန်းမှာ သိသိသာသာသေးကျုံ့လာပြီး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအများစုမှာလည်း အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့လာကြရပါသည်။ 

(၃) အစိုးရနှင့် ဈေးကွက် ပူးပေါင်းဆောင်ရွက်သောစနစ် (Government-market cooperation mode)

၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်သည့် တရုတ်ဗဟိုအစိုးရ၏ ထိပ်တန်းလမ်းညွှန်ချက် (No.1 Document) တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မူဝါဒအခြေပြု စိုက်ပျိုးမွေးမြူရေးအာမခံစနစ်ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရန်” ပထမဆုံးအကြိမ် အဆိုပြုလာပါသည်။ 

ထိုအချိန်မှစတင်ကာ အာမခံလုပ်ငန်းများက စိုက်ပျိုးမွေးမြူရေးအာမခံစနစ် ဖော်ဆောင်ရန် ဝန်လေးနေမှုများ သိသိသာသာလျော့ကျလာသည်။ ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာအစိုးရများကလည်း စိုက်ပျိုးမွေးမြူသူများ ပေးဆောင်ရမည့် စိုက်ပျိုမွေးမြူရေးအာမခံ ပရီမီယံကြေးများကို အတိုင်းအတာကြီးကြီးမားမား စိုက်ထုတ်ပေးဆောင်လာသည်။ အခြားတစ်ဖက်တွင် ပုဂ္ဂလိက အာမခံလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများဖြစ်ပေါ်ကာ စိုက်ပျိုးမွေးမြူသူများအတွက် အခွင့်အရေးများ ပိုမိုရရှိလာကြသည်။ 

အစိုးရအနေဖြင့် စီမံခန့်ခွဲမှုစရိတ်များ လျှော့ချနိုင်ရန်နှင့် အာမခံလုပ်ငန်းများ မှန်ကန်စွာ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်၊ စိုက်ပျိုးမွေးမြူရေးအာမခံစနစ် ပိုမိုခိုင်မာ အားကောင်းလာစေရန်အတွက် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များကို ပြုစုရေးဆွဲကာ ထုတ်ပြန်လာသည်။ 

၂၀၂၀ ခုနှစ်အရောက်တွင် စိုက်ပျိုးမွေးမြူရေး အာမခံပရီမီယံကြေး ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၈၁,၅၀ ဘီလီယံ အထိ ရောက်ရှိလာသည်။ အိမ်ထောင်စုပေါင်း ၁၈၉ သန်းအတွက် စိုက်ပျိုးမွေးမြူရေး အာမခံ အကာအကွယ် ရယူထားနိုင်ခဲ့ပြီး ယင်းအိမ်ထောင်စုများအတွက် စိုက်ပျိုးမွေးမြူရေး အာမခံအကာအကွယ်ပေးရမည့် ပမာဏ စုစု ပေါင်းမှာ တရုတ်ယွမ်ငွေ ၄.၁၃ ထရီလီယံ ဖြစ်ပါသည်။ လက်တွေ့ အန္တရာယ်ရင်ဆိုင်ခဲ့ရသည့် မိသားစုပေါင်း ၅၁ သန်းအတွက် အာမခံလျော်ကြေးငွေ ၆၁.၆၆ ဘီလီယံ (အမာခံကြေးရငွေ၏ ၇၅.၆၅ ရာခိုင်နှုန်း) ပေးလျော်ခဲ့သည်ဟုလည်း သိရပါသည်။ 

အနှစ်ချုပ် နှိုင်းယှဉ်ချက်

တင်ပြခဲ့သော အဆင့် ၃ ဆင့် (စနစ် ၃ မျိုး) တွင် ဈေးကွက်ကို ဦးဆောင်ခွင့်ပေးသော အာမခံစနစ် (Market led mode) သည် အစိုးရ၏ ပါဝင်ပတ်သက်မှု လုံးဝမရှိဘဲ ပုဂ္ဂလိကအာမခံ လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်စေသည့် စနစ်ဖြစ်ပြီး၊ ယင်းအာမခံလုပ်ငန်းများ၏ အမြတ်အစွန်းရရှိရေးကိုသာ ဦးတည်ထားသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ထို့ကြောင့် အာမခံလုပ်ငန်းကုမ္ပဏီများက အောင်မြင်နိုင်သော်လည်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ လုပ်ငန်းများ အာမခံအကာအကွယ်ရရှိနိုင်မှု လွန်စွာနည်းပါးသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍအတွက် အာမခံစနစ်ကို ဆောင်ရွက်မည်ဆိုပါက ယင်းလုပ်ငန်း၏ ပင်ကိုယ်သဘာဝအရ ပုဂ္ဂလိက အာမခံကုမ္ပဏီများ သီးသန့်ဆောင်ရွက်ရန် မလွယ်ကူသည်ကို သတိပြုနိုင်မည် ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အာမခံစနစ် အကောင်အထည်ဖော် ဆောင်ရွက်လိုပါက အစိုးရ၏ စိုက် ထုတ်သုံးစွဲမှု (Subsidies) မဖြစ်မနေ လိုအပ်မည် ဖြစ်ပါသည်။ 

အစိုးရကဦးဆောင်သော အာမခံစနစ် (Initial phase government led mode) နှင့် အစိုးရနှင့် ဈေးကွက် ပူးပေါင်းဆောင်ရွက်သော စနစ် (Government-market cooperation mode) တို့သည့် စိုက်ပျိုးမွေးမြူရေးအာမခံစနစ်အတွက် အစိုးရက စိုက်ထုတ်သုံးစွဲပေးသည့် စနစ်များ ဖြစ်ပါသည်။ သို့ရာတွင် စိုက်ထုတ်သုံးစွဲပုံ ကွာခြားသည် ကို တွေ့ရှိရမည် ဖြစ်ပါသည်။ 

အစိုးရကဦးဆောင်သော အာမခံစနစ်တွင် အာမခံကုမ္ပဏီက စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အာမခံဝန်ဆောင်မှုကို ပုဂ္ဂလိကအာမခံကုမ္ပဏီများကဲ့သို့ပင် ဝန်ဆောင်မှုပေးပြီး ဖြစ်ပေါ်လာသည့် အာမခံကုမ္ပဏီ၏ အရှုံးကို အစိုးရက စိုက်ထုတ်ပေးလျော်ကာ ယင်းအာမခံကုမ္ပဏီကို ကယ်တင်ပေးသည့်စနစ် ဖြစ်ပါသည်။ ယင်းစနစ်သည် စိုက်ပျိုးမွေးမြူသူများအတွက် အဆင်ပြေသော်လည်း အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးလာရေးကို အထောက်အကူ မပြုနိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ အစိုးရက လုပ်ငန်းအားလုံးကို ချုပ်ကိုင်ဆောင်ရွက်ပြီး ဈေးကွက် မရှိချိန်တွင် ယင်းစနစ်က အထိုက်အလျောက် အလုပ်ဖြစ်နိုင်သော်လည်း ဈေးကွက်စီးပွားရေးစနစ်တွင် ယင်းနည်းလမ်းကို အသုံးပြုရန် မလွယ်ကူပါ။ 

အစိုးရနှင့် ဈေးကွက် ပူးပေါင်းဆောင်ရွက်သော စနစ်တွင် အာမခံကုမ္ပဏီများအနေဖြင့် ယင်းတို့၏ လုပ်ငန်းကို အခြားအာမခံများအတိုင်း ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ပါသည်။ စိုက်ပျိုးမွေးမြူရေး အာမခံလုပ်ငန်းကို ဆောင်ရွက်သဖြင့် ဆုံးရှုံးစရာလည်း မရှိပါ။ အရေးကြီးသည်မှာ စိုက်ပျိုးမွေးမြူရေးသမားများက အာမခံအကာအကွယ်များ ဝယ်ယူရန်ပင် ဖြစ်ပါသည်။ 

ထိုအခြေအနေတွင် စိုက်ပျိုးမွေးမြူရေးသမားများက အာမခံအကာအကွယ်များ ဝယ်ယူနိုင်ရန်အတွက် အစိုးရက ကြီးကြီးမားမားစိုက်ထုတ်သုံးစွဲပေးလိုက်ခြင်းဖြင့် အာမခံလုပ်ငန်း ဖွံ့ဖြိုးလာသလို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက်လည်း ထိရောက်စွာ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။ လက်ရှိတရုတ်နိုင်ငံ၏ စိုက်ပျိုး မွေးမြူရေးအာမခံစနစ်တွင် အစိုးရနှင့် ဈေးကွက်ပူးပေါင်းဆောင်ရွက်သော စနစ် (Government-market cooperation mode) ကို ကျင့်သုံးလျက်ရှိရာ ယင်းစနစ်အကြောင်းကို ဆက်လက်တင်ပြသွားပါမည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်