အာမခံအကာအကွယ်ကို အပေါင်ပစ္စည်းအဖြစ် အသုံးချခြင်း (တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း - ၇)

01/10/2024 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

 

တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအာမခံ နည်းစနစ် အသစ်များကို ဆန်းသစ်တီထွင်နေသကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း အာမခံကို အသုံးချကာ စိုက်ပျိုးမွေးမြူသူ များ၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်လာနိုင်စေရန် ကူညီပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယင်း သို့ ကူညီပေးရာတွင် “ဘဏ်တွင် ငွေချေးရန်အတွက် အာမခံအကာအကွယ်ကို အပေါင်ပစ္စည်း (collateral) အဖြစ် အသုံးချခြင်း” မှာ စိတ်ဝင်စားဖွယ် အလွန်ကောင်းပါသည်။ 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် ဆုံးရှုံးမှုဖြစ်လွယ်ပြီး ဆုံးရှုံးမှု ဖြစ်ပေါ်ပြီးနောက်တွင်လည်း ပြန်လည် စတင်ရန် ခက်ခဲပါသည်။ အဓိက အကြောင်းအရင်းမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ပင် ဖြစ်ပါသည်။ ထို့အတူ နည်းပညာအသစ်များ အသုံးချနိုင်ရေး၊ လုပ်ငန်းချဲ့ထွင်ရေးတို့တွင်လည်း ငွေကြေးရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လိုအပ်လေ့ ရှိပါသည်။ 

လိုအပ်သော ငွေကြေးရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ်ချေးငွေ ရယူရာတွင်လည်း ခက်ခဲမှုများ ထပ်မံ ကြုံတွေ့ ရလေ့ရှိပါသည်။ စွန့်စားရမှု မြင့်မားသည့် လုပ်ငန်းကဏ္ဍ ဖြစ်သည့်အလျောက် ဘဏ်များအနေဖြင့် ချေးငွေအပေါ် ခိုင်မာသည့် အာမခံအပေါင်ပစ္စည်း (collateral) ရရှိရန် လိုအပ်ပါသည်။ စိုက်ပျိုးမွေးမြူသူများအတွက် မြေမှ လွဲ၍ အပေါ်ပစ္စည်းပေးစရာလည်း များများစားစားလေ့မရှိပါ။ သို့ဖြစ်ရာ ဘဏ်မှ ချေးငွေရရှိရေးအတွက် မြေယာအပြင် ဘဏ်များလိုအပ်သည့် အပေါင်ပစ္စည်း ပေးနိုင်ရန် ထပ်မံ လိုအပ်လာပါသည်။ 

တရုတ်နိုင်ငံသည် ယင်းပြဿနာကို စိုက်ပျိုးမွေးမြူရေးအာမခံစနစ်ဖြင့် ကျော်လွှားရန် ကြိုးစားလျက်ရှိပါ သည်။ ဝက်မွေးမြူရေးအတွက် လိုအပ်သည့် ဘဏ်ချေးငွေ ရရှိရေးအတွက် အာမခံအကာအကွယ် ကို အသုံးချပုံ နှင့် စပ်လျဉ်း၍ ကွမ်တုန်းပြည်နယ် (Guangdong) တွင် ဆောင်ရွက်သည့် စနစ်ကို ဥပမာအဖြစ် တင်ပြလိုပါသည်။ 

အာဖရိကဝက်အပြင်းဖျားရောဂါ (African swine fever) ကျရောက်ဖြစ်ပွားခြင်း

၂၀၁၈ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံအတွင်းရှိ ဝက်ခြံများသို့ ပထမဆုံးအကြိမ်အဖြစ် အာဖရိက ဝက် အပြင်းဖျားရောဂါ (African swine fever) ဝင်ရောက်ကူးစက်ကာ ရောဂါဖြစ်ပွားပါသည်။ ရောဂါဒဏ်ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သားထုတ်လုပ်မှု ကျဆင်းခဲ့ရသည်။ ယင်းရောဂါသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကွမ်တုန်း ပြည်နယ်သို့ ရောက်ရှိလာခဲ့ပြီး ပြည်နယ်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ 

အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု

တရုတ်နိုင်ငံအတွင်းသို့ အာဖရိကဝက်အပြင်းဖျားရောဂါ စတင်ဝင်ရောက်ပြီး နောက်တစ်လအကြာ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တရုတ်အစိုးရက ယင်းရောဂါကို ထိန်းချုပ်ရန်အတွက် မဖြစ်မနေ သုတ်သင်ပစ်ရမည့် ဝက်များအတွက် လျော်ကြေးပေးသည့် စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ဝက်တစ်ကောင်ကို သုတ်သင်ရှင်းလင်းပစ် ရတိုင်း တရုတ်ယွမ်ငွေ ၁၂၀၀ ကို ပြန်လည်ထုတ်ယူခွင့် ပြုခဲ့သည်။ ဝက်များကို သုတ်သင်ရှင်းလင်းခံရပြီးနောက် မွေးမြူရေးသမားသည် သတ်မှတ်လျော်ကြေးငွေကို ထုတ်ယူရန် စီရင်စုအဆင့် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဌာနတွင် ပြန်လည်တောင်းခံနိုင်သည်။ ယင်းမှာ ဝက်များကို အာမခံထားခြင်း၊ မထားခြင်းနှင့် မသက်ဆိုင်ဘဲ အစိုးရက လျော်ကြေးသတ်သတ်ပေးခြင်းဖြစ်သည်။ ဝက်များအတွက် အာမခံ မထားသူများလည်း ယင်းလျော်ကြေးငွေကို တောင်းခံနိုင်သည်။ 

၂၀၁၉ ခုနှစ် မေလ ၁ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ဝက်များအတွက် အာမခံထားရှိရာတွင် အစိုးရက စိုက်ထုတ်ပေးသည့် ပမာဏကိုလည်း ယာယီ မြှင့်တင်ပေးခဲ့သည်။ စိုက်ပျိုးမွေးမြူရေး အာမခံထားရှိသည့် ဝက်မွေးမြူရေးသမားများအနေဖြင့်မူ လျော်ကြေး ဝက်တစ်ကောင်လျှင် ယွမ်ငွေ ၁၂၀၀ ရရှိသည့်အပြင် မိမိ အာမခံအကာအကွယ် ဝယ်ယူထားသည့် အာမခံကုမ္ပဏီထံမှ အာမခံလျော်ကြေးကိုလည်း ထုတ်ယူခွင့် ရရှိကြသည်။ 

သို့ဖြစ်ရာ တရုတ်နိုင်ငံသို့ အာဖရိကဝက်အပြင်းဖျား ဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမှာ အလွန်မြင့်မားသော်လည်း မွေးမြူသူများအတွက် သက်ရောက်မှုမှာများစွာ သက်သာခဲ့သည်။ 

သို့သော် ကြီးမားသည့် အခက်အခဲတစ်ခု ကျန်ရှိနေပါသေးသည်။ ဝက်များအတွက် လျော်ကြေးနှင့် အာမခံလျော်ကြေးများ ရရှိသည့်တိုင် လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် ခက်ခဲနေခဲ့ပါသည်။ အကြောင်းမှာ ရရှိလာသည့် လျော်ကြေးငွေဖြင့် ဝက်မွေးမြူရေး ပြန်လည်စတင်လိုသူများအနေဖြင့် မွေးစရာ ဝက်မရှိတော့သည့် အခက်အခဲဖြစ်ပါသည်။ 

ဝက်မွေးမြူရေးလုပ်ငန်း၏ ကျန်ရှိနေသော အခက်အခဲ

ကျောက်ချင်(Zhaoqing) မြို့သည် ကွမ်တုန်းပြည်နယ်၏ ဝက်သားထုတ်လုပ်မှုအတွက် အဓိကဒေသဖြစ် သည်။  ၂၀၁၉ ဩဂုတ်လတွင် ယင်းမြို့တွင် ၂၀၁၇ ခုနှစ်ကရှိခဲ့သည့် ဝက်ကောင်ရေ၏ ၂၀ ရာခိုင်နှုန်းသာ ကျန်ရှိ တော့သည်ဟု ဆိုသည်။ ရောဂါကြောင့် ဝက်များ ဆုံးရှုံးပြီး၊ ယင်းဝက်များနေရာတွင် အစားထိုးကာ ထုတ်လုပ်ရန် အတွက် ဝက်သားပေါက် (piglets) ထုတ်လုပ်မှုမှာလည်း လုံးဝကျဆင်းနေရာ မွေးမြူရေးလုပ်ငန်း ပြန်လည်ထူ ထောင်ရန် ခက်ခဲလာသည်။ ဝက်သားပေါက်တစ်ကောင်၏ တန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂၆၀၀ အထိပင် မြင့်မား လာခဲ့ သည်။ 

ဝက်သားပေါက် ဈေးနှုန်းမြင့်တက်ကာ ဈေးကွက်ဝယ်လိုအား ကြီးမားလာသော်လည်း ဝက်မျိုးခြံများအနေ ဖြင့် သားပေါက်ဝက် ထုတ်လုပ်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ အကြောင်းမှာ မျိုးဝက်များ ပြန်လည်ဖြည့်တင်းဝယ်ယူ ကာ သားပေါက်ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံငွေ မလုံလောက်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဝက်သား ပေါက်ထုတ်လုပ်မှုနှင့်အတူ ဝက်သားထုတ်လုပ်မှုမှာလည်း အလွန်နှေးကွေးနေပြီး၊ မူလအခြေအနေသို့ ပြန်ရောက် ရန် ခက်ခဲနေခဲ့ပါသည်။ 

မွေးမြူရေးသမားများကို ကူညီရန် အာမခံစနစ် နည်းလမ်းသစ်ဖြင့် ချဉ်းကပ်ခြင်း

၂၀၁၉ စက်တင်ဘာလတွင် တရုတ်အစိုးရထံမှ ဝက်မွေးမြူထုတ်လုပ်ရေးနှင့် ဈေးကွက်တည်ငြိမ်ရေး ဆိုင် ရာ အသိပေးကြေငြာချက် တစ်စောင် ထွက်ပေါ်လာခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်က ကွမ်တုန်းပြည်နယ် အပါ အဝင် ပြည်နယ် ၄ ခုတွင် ဝက်မွေးမြူရေး ပြန်လည်ထူထောင်နိုင်ရန်အတွက် ချေးငွေရရှိရေး ဆောင်ရွက်ရာတွင် အာ မခံအကာအကွယ်ကို အပေါင်ပစ္စည်းအဖြစ် အသုံးပြု၍ တင်ပြနိုင်မည့် စမ်းသပ်စီမံကိန်းကို စမ်းသပ်ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျောက်ချင် တွင် ဆောင်ရွက်မည့် ယင်းစီမံကိန်း၏ လုပ်ငန်းများကို ကျောက်ချင် ဘဏ်နှင့် အာမခံလုပ်ငန်း ကြီးကြပ်မှုဗျူရို (Zhaoqing Banking and Insurance Regulatory Bureau) က အခြား သော အစိုးရဌာနများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ဘဏ်လုပ်ငန်း အနေ ဖြင့် Postal Savings Bank of China ၏ ကျောက်ချင်မြို့ ဘဏ်ခွဲက ပါဝင်ဆောင်ရွက်ခဲ့သည်။ 

အဆိုပါစီမံကိန်းအရ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် အာမခံကုမ္ပဏီများသည် လုပ်ငန်း ၃ ခုကို အတူပူးပေါင်းဆောင်ရွက်ခဲ့သည်။ ပထမလုပ်ငန်းမှာ အာမခံထားရှိမည့် ဝက်များ၏ ကျန်းမာရေးအခြေအ နေကို စစ်ဆေးပြီး၊ ဝက်တစ်ကောင်ချင်းစီအလိုက် နံပါတ်ပါသော နားရွက်အမှတ်အသား (ear tag) တပ်ဆင်ခြင်း လုပ်ငန်း ဖြစ်သည်။ ဒုတိယလုပ်ငန်းမှာ ဝက်ခြံများ၏ မျိုးပွားလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများအပါ အဝင် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ စနစ်ကျစေရေး နည်းပညာပံ့ပိုးကူညီမှုနှင့် ပူးပေါင်းကြီးကြပ်မှု ပေးခြင်း ဖြစ်သည်။ တတိယလုပ်ငန်းမှာ ဝက်ခြံများတွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အစိုးရ၊ ဘဏ်နှင့် မွေးမြူရေး လုပ်ငန်းများအကြား အချိန်နှင့်တပြေးညီ ချိတ်ဆက်အသိပေးသည့် လုပ်ငန်းဖြစ်ပါသည်။ 

အာမခံကုမ္ပဏီအနေဖြင့် ကျန်းမာရေးကောင်းမွန်နေသည့် ဝက်အရှင်များအတွက် အာမခံအကာအကွယ် များ ရောင်းချပေးပြီး၊ အာမခံစာချုပ်ကို အပေါင်ပစ္စည်းအဖြစ် တင်ပြ၍ ဘဏ်တွင် ငွေချေးယူနိုင်ကြပါသည်။ ဘဏ် များက ခိုင်မာသည့်အပေါင်ပစ္စည်း ပမာဏ မြင့်မြင့်မားမား တောင်းဆိုရခြင်း၏ အကြောင်းအရင်းမှာ ဝက်မွေးမြူရေး သည် ရောဂါကျလွယ်ပြီး၊ အရှုံးနှင့် ရင်ဆိုင်နိုင်ရချေ များပြီး၊ ယင်းတို့ထုတ်ပေးထားသည့် ချေးငွေများကို မွေးမြူရေး သမားများက ပြန်မဆပ်နိုင်သည့် အခြေအနေမျိုး ကြုံတွေ့နိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ဝက်များအတွက် အာမခံ အ ကာအကွယ် ဝယ်ယူထားသော စာချုပ်များကို အပေါင်ပစ္စည်းအဖြစ် ဘဏ်က ရယူထားခြင်းဖြင့်၊ ရောဂါထပ်မံကျ ရောက်ကာ ဝက်များ သေဆုံးကုန်သည့်တိုင်၊ အာမခံလျော်ကြေးကို ဘဏ်က ပြန်လည်ရယူနိုင်မည် ဖြစ်ပါသည်။ ထို့ ကြောင့် ဘဏ် အနေဖြင့် ချေးငွေကို စိတ်ချလက်ချ ထုတ်ချေးပေးနိုင်လာပါသည်။ 

ယင်း သို့ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ကျစရိတ်ကို လျော့ချနိုင်ကာ ဝက်မွေးမြူသူများအတွက် ချေးငွေများ ပိုမိုလွယ်ကူစွာ ရရှိနိုင်သည့်အပြင်၊ ချေးငွေပမာဏလည်း ပိုမိုရရှိလာကြပါသည်။ ယင်းစနစ်ကို “live pig mortgage model” ဟု ခေါ်ပါသည်။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်