နို့စားနွားမများတွင် ဦးချိုရှိနေပါက နွားအချင်းချင်းသော်လည်းကောင်း၊ ပိုင်ရှင်ကို လည်းကောင်း ဝှေ့ရမ်းအန္တရာယ်ပြုနိုင်သည်။ စီမံကိန်းသည် နို့စားနွားမများကို တတ်နိုင်သမျှ ကြိုးမချည်ဘဲ လွှတ်မွေးစနစ်ကိုသာ ကျင့်သုံးရန် အမြဲအကြံပြုလျက်ရှိသည်။ ထိုသို့ လွှတ်မွေးခြင်းကြောင့် နွားမ၏ ကျန်းမာရေးကောင်းမွန်ခြင်း၊ အစာကို အချိန်ပြည့်စားနိုင်ခြင်းတို့အပြင် နွားမများ မြိုင်လာချိန်တွင် မြိုင်လက္ခဏာများ ထင်ရှားစွာတွေ့ရပြီး အချိန်မီ/အချိန်မှန် သားစပ်နိုင်မည်။ ကြိုးမချည်ဘဲ လွှတ်မွေးစနစ်တွင် နွားမအချင်းချင်းဝှေ့ရမ်းခြင်း၊ ခွေ့ခြင်းများ ဖြစ်နိုင်ချေပိုများသောကြောင့် နွားမများကို နွားကလေးအရွယ်တွင် ဦးချိုသတ်ပေးခြင်းသည် ထိုပြဿနာများကိုလျော့ချနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။
စာဖတ်သူများကို ထပ်လောင်းအကြံပြုလိုပါသည်။ ဦးချိုသတ်ပေးခြင်းသည် နို့စားနွားခြံစီမံခန့်ခွဲရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ နွားမအတွက် အလွန်နာကျင်စေပြီး မကျွမ်းကျင်ပါက နွားမကိုထိခိုက်စေသည်။ ကျွမ်းကျင်သော တိရစ္ဆာန်ဆရာဝန် (သို့) အတွေ့အကြုံရှိသော ခြံသမားထံမှ အကြံဉာဏ်/နည်းလမ်းယူသင့်သည်။ စီမံကိန်းမှ ဦးချိုသတ်ခြင်းအတွက် နွားကို ထုံဆေးထိုး၍ဆောင်ရွက်ရန် အကြံပြုပါသည်။
နွားမများသည် အုပ်စုအတွင်းတွင် လွှမ်းမိုးသောနွားနှင့် လွှမ်းမိုးခံနွားဟူ၍ ရှိသည်။ ကြိုးချည်မွေးမြူပါက ၎င်းအချက်ကို အလွယ်တကူမသိရှိနိုင်ပါ။ ကြိုးမချည်ဘဲ လွှတ်မွေးသည့်အခါ နွားမများသည် ပင်ကိုယ်ဗီဇများတွေ့ရမည်။ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကြပြီး အုပ်စုတွင် ဗိုလ်သတ်မှတ်ရွေးချယ်ကြသည်။ လွှတ်မွေးထားသော နွားမများတွင် ခေါင်းဆောင်ကိုသိရှိထားပြီး တစ်ကောင်နှင့်တစ်ကောင် ရန်ပြုခြင်းမရှိကြပေ။ တစ်ခါတရံတွင် ခေါင်းဆောင်နွားမှ အခြားနွားများကိုသိစေရန် ဝှေ့ရမ်းခြင်းသာရှိနိုင်သည်။ နောက်ထပ် ခြံသို့ နွားအသစ်ရောက်လာချိန်တွင် ရက်အနည်းငယ် တိုက်ခိုက်မှုဖြစ်နိုင်ပြီး ခေါင်းဆောင်ရွေးချယ်ခြင်း ထပ်မံပြုလုပ်ကြသည်။
ကြိုးမချည်ဘဲ လွှတ်မွေးသော်လည်း ဦးချိုသတ်ထားခြင်းဖြင့် နွားမအချင်းချင်း ဝှေ့ရမ်းခြင်း၊ ခွေ့ခြင်းများ မရှိသလောက်နည်းပါးမည်။ ထို့အပြင် ဦးချိုသတ်ထားခြင်းဖြင့် မိမိကိုယ်တိုင်၊ မိမိနွားမများနှင့် ခြံသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းလျော့ချနိုင်မည်။ ဦးချို သတ်ခြင်းကို ငယ်ရွယ်စဉ်တွင်ပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်။ သို့မှသာ နာကျင်မှု သက်သာမည်။ ဦးချိုသတ်ရာတွင် ချိုသတ်ဆေးဖြင့်ပြုလုပ်ခြင်း (သို့) သံပူပေးဆောင်ရွက်ခြင်းဖြင့် ပြုလုပ်နိုင်သည်။ ငယ်ရွယ်စဉ်တွင် ဦးချိုသတ်ခြင်းက ပိုကောင်းသော်လည်းနွားကြီးများတွင် ဝါယာကြိုး( သို့) ချိုဖြတ်ကိရိယာအသုံးပြု၍ ဦးချိုသတ်နိုင်သည်။ အသက် (၂) လသားမတိုင်မီတွင် ချိုသတ်ရန် အကောင်းဆုံးဖြစ်သည်။ ၎င်းအရွယ်တွင် ဦးချိုသည် အရာသေးသေးသာရှိနေပြီး အပြင်သို့ထွက်လာခြင်းမရှိသေးပေ။ အောက်ဖော်ပြပါပုံတွင် နွားကလေး၏ ဦးခေါင်းအရေပြားတွင် ဦးချို အရာငယ်ရှိနေပြီး နွားကလေးကြီး လာသည်နှင့်အမျှ ဦးချိုသည် ဦးခေါင်းခွံနှင့် ဆက်သွားသည်။
ငယ်ရွယ်စဉ်တွင် ဦးချိုအဖုငယ်ကို တိုက်စားလောင်စေပါက ဦးချိုကြီးထွားနှုန်း ရပ်သွားမည်။ နွားကလေးအတွက် နာကျင်စေသောကြောင့် ဂရုတစိုက်ဆောင်ရွက်သင့်သည်။ အသက် (၂) လသားမတိုင်မီ ဦးချိုသက်ရာတွင် နည်းလမ်း (၃) ခုရှိပါသည်။ လောင်စားစေ တတ်သော (ကော့စတစ်)ကို အသုံးပြုနိုင်သည်။ ၎င်းသည် ဦးချိုပတ်လည်ရှိ အရေပြားကို လောင်စားစေသည်။ ဤနည်းလမ်းသည် အလွယ်ကူဆုံးဖြစ်သော်လည်း နွားကလေး၏ မျက်လုံးထဲဝင်ပါက လောင်စားစေနိုင်သည်။ အထူးဂရုပြုဆောင်ရွက်ရန် အရေးကြီးသည်။ အသက်ရွယ်ငယ်လေ ပိုကောင်းလေဖြစ်သည်။
ကော့စတစ်ဖြင့် ဦးချိုသတ်ခြင်း
၁။ ဦးချိုဖုပတ်လည်ရှိ အရေပြားကို ရိတ်ရမည်။
၂။ ကော့စတစ်ကို အနည်းငယ်ယူ၍ ဦးချိုဖုပေါ် သုတ်လိမ်းရမည်။
၃။ မလိုအပ်သောနေရာများသို့ မပျံ့စေရန် သတိထားရမည်။
၄။ အခြားနွားကလေးများ၏ မျက်နှာဖြင့် မပွတ်တိုက်မိစေရန် နွားကလေးကို အခြားနွားကလေးများနှင့် ခွဲထားရမည်။
၅။ ကော့စတစ်အနှစ်များ အရည်ပျော်၍ မျက်နှာပေါ်သို့ စီးမကျလာစေရန် နွားကလေးကို စိုစွတ်ခြင်းမရှိစေရ။ တစ်ကြိမ် အသုံးပြုခြင်းဖြင့် အဆင်ပြေသည်။
သံပူချောင်းဖြင့် ပြုလုပ်ခြင်း
သံချောင်းကိုအပူပေးပြီး ဦးချိုဖုကို လောင်စားစေခြင်းဖြင့် ချိုသတ်ခြင်းဖြစ်သည်။ မွေးမြူသူအများစုသည် ဤသို့ပြုလုပ်ခြင်းကို မနှစ်သက်ကြပေ။ နွားငယ်ကလေးကို သံပူဖြင့် လောင်စားစေသောကြောင့်ဖြစ်သည်။ ကျွမ်းကျင်စွာပြုလုပ်နိုင်ပါက နာကျင်မှုကို အချိန်ကြာကြာမခံစားစေပါ။ သို့သော် နွားငယ်လေးများအတွက်တော့ နာကျင်စေနိုင်သည်။ အောက်တွင် အသုံးပြုသောပစ္စည်းများကို ဖော်ပြထားပါသည်။
မီးသွေးမီးဖို မီးရဲရဲတွင် အပူပေးရမည်။ ၎င်းနောက် သံပူချောင်းကို ဦးချိုပေါ်သို့ဖိရမည်။ အသေးစိတ်ကြည့်ရှုလိုပါက Youtube တွင်ဝင်ရောက် ကြည့်ရှုနိုင်သည်။ အောက်တွင် သံပူချောင်းပုံကိုဖော်ပြထားသည်။ နယူးဇီလန်နိုင်ငံတွင် ဦးချိုသတ်ခြင်းဆောင်ရွက်ရာတွင် ထုံဆေးပေးရမည်ဟု ဥပဒေပြဌာန်းထားပါသည်။
ဦးချိုညှပ်ကိရိယာအသုံးပြုခြင်း
ဦးချိုညှပ်ကိရိယာအသုံးပြု၍ ဦးချိုဖုကို ဖြတ်ခြင်းဖြစ်သည်။ ဤနည်းသည် သွေးထွက်စေပြီး သွေးတိတ်စေရန် အပူပေးရန်လိုအပ်သည်။ နွားကလေးကို ငယ်ရွယ်စဉ်တွင် ဦးချိုမသတ်ထားပါက အရွယ်ရောက်ချိန်မှ ဦးချိုတစ်ခုလုံးကိုဖြတ်ခြင်း မပြုလုပ်သင့်ပါ။ အလွန်နာကျင်စေသောကြောင့်ဖြစ်သည်။ ဦးချိုတစ်ဝက်ဖြတ်၍ တုံးသွားအောင်ပြုလုပ်ပေးနိုင်သည်။ ၎င်းဦးချိုတဝက်သည် အခြားနွားများကို အန္တရာယ်ပြုနိုင်သောကြောင့် ငယ်ရွယ်သောအရွယ်တွင် ဦးချိုသတ်ခြင်းကိုသာ အကြံပြုအပ်ပါသည်။