ဒိုချက်ကင်နည်း (Dochakin) ကို အသုံးပြု၍ မြေတွင်းရှိ အဏုဇီဝများ ထုတ်လုပ်နည်း

08/12/2017 22:29 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

 ·         ဒိုချက်ကင် ဆိုသည်မှာ ဂျပန် အသုံးအနှုန်းဖြစ်ပြီး မိမိဒေသတွင် ရှိသော အဏုဇီဝပိုး (မှို) ကို မွေးမြူ သုံးစွဲထားသည့် သဘာဝ မြေသြဇာကို ခေါ်ပါသည်။ ဒိုချက်ကင်သည် သဘာဝ သစ်တောမြေ၊ ဝါးရုံတောမြေများတွင် ရှိပါသည်။ ရွက်ကြွေကျပြီး ၁-၂ နှစ်အကြာ သစ်ရွက် သို့မဟုတ် ဝါးရွက်များ ဆွေးမြေ့ရောနှောနေသည့်မြေ ဖြစ်ပါသည်။ သစ်ပင်၊ ဝါးပင် အရွက်များ ဆွေးမြည့်နေသော မြေမျိုးတွင် ဒိုချက်ကင် အဏုဇီဝများ ရှိပါသည်။ တစ်နည်းအားဖြင့် သစ်ပင်အောက်၊ ဝါးရုံအောက် မြေဆွေးများတွင် ဒိုချက်ကင် ရှိပါသည်။ ဒိုချက်ကင် ပြုလုပ်ရာတွင် အဆင့် (၂) ဆင့် ရှိပါသည်။

(က) ဒိုချက်ကင် မွေးမြူခြင်း

(ခ) ဒိုချက်ကင် အသုံးပြုပြီး သဘာဝ မြေသြဇာ ပြုလုပ်ခြင်း တို့ ဖြစ်ပါသည်။

(က) ဒိုချက်ကင် မွေးမြူခြင်း

သဘာဝ သစ်ဝါးတောအောက်ရှိ (၃ပေ ၃ ပေ) ဧရိယာရှိ အပေါ်ယံ မြေဆီလွှာကို စုဆောင်းပါ။ ရလာသော မြေကြီးအား ဖွဲနုနှင့် ရောပါ။ ရောစပ်ရမည့် အချိုးအစားမှာ မြေ (၂) ဆနှင့် ဖွဲနု (၁) ဆ ဖြစ်သည်။ ၎င်းအပေါ်သို့ သကာရည် (သို့) တင်လဲရည် (သို့) သကြားကြမ်း ဖျော်ရည်နှင့် ရေတို့ကို ရော၍ သမအောင် ရောမွှေပါ။ လက်နှင့် ဆုပ်လုံး၍ မရလျှင် နေနည်းပါသည်။ (မိုးတွင်းကာလ ရေစိုနေပါက ရေဖျန်းရန် မလိုအပ်ပါ။ မြေခြောက်လျှင် ရေများများ ထည့်ရပါမည်) အစိုဓာတ် ၆၀ ရာခိုင်နှုန်း( လက်နှင့် ဆုပ်ကြည့်လျှင် လက်ကြားမှ ရေစိမ့်ကျသော အခြေအနေ)သည် အဏုဇီဝများ ပေါက်ဖွားရန် ကောင်းမွန်ပြီး၊ အစိုဓာတ်များလွန်းပါကလည်း ပြဿနာ ဖြစ်နိုင်ကာ၊ ရေနည်းပါကလည်း အဏုဇီဝများ ပေါက်ဖွားရန် အခြေအနေ မပေးပေ။ ၎င်းတို့ကို မိုးရေနှင့် ရေငွေ့ပျံ့မှုတို့မှ ကာကွယ်ရန် ပလပ်စတစ်နှင့် အုပ်၍ (၃) ညအိပ် ထားပါ။ (၄) ရက်မြောက်တွင် အဖြူရောင်ရှိ အဏုဇီဝများ ပေါက်ဖွားလာပြီး ချဉ်၊ စူး၊ ချို၊ အီသည့် သောအနံ့ကို ရပါက ဒိုချက်ကင်ကောင်း ရရှိနေပြီ ဖြစ်ပါသည်။ ထို့နောက် ဒုတိယအဆင့် အနေဖြင့် သဘာဝ မြေသြဇာ ပြုလုပ်ရန် ဖြစ်ပါသည်။

 

(ခ) ဒိုချက်ကင် အသုံးပြု သဘာဝ မြေသြဇာ ပြုလုပ်နည်း

ဒိုချက်ကင် အသုံးပြု၍ သဘာဝ မြေသြဇာ ပြုလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ

(၁) နွားချေး သို့ ဝက်ချေး

(၂) ကောက်ရိုး သို့ ပြောင်းဖူးရိုး

(၃) စပါးခြံ႔

ပြုလုပ်ပုံ အဆင့်ဆင်

·         စပါးခွံ့များကို ၆ လက်မ ပေပတ်လည်ခန့်နှင့် (၆) လက်မ အမြင့်ရှိအောင် မြေပေါ် ဖြန့်ခင်းပါ။

·         ရေဖျန်းပေးပါ။

·         နွားချေး၊ တိရစ္ဆာန်ချေးများကို (၆) လက်မထုခန့် ဖြန်းခင်းပေးပါ။

·         ဒိုချက်ကင် (အဖြူရောင် အဏုဇီဝများ) ကို နွားချေးပေါ်တွင် ပါးပါးဖြူးပေးပါ။

·         ရေဖျန်းပေးပါ။

·         ကောက်ရိုးများကို ဖြန့်ခင်းပေးပါ။

·         လူးဖြင့် နင်းပေးပါ။

·         ရေဖျန်းပေးပါ။ ယင်း (၃) လွှာကို (၁) ထပ်ဟုခေါ်လေ့ရှိပါသည်။

·         ဤသို့ (၄-၅) ထပ် အမြင့် ( ၅ ပေခွဲ၊ ၆ ပေ) ရောက်အောင် တစ်ထပ်စီတွင် ရေဖျန်းပေးရမည်။

·         အထပ် (၄-၅ ) ထပ်ရှိ မြေသြဇာ တစ်ပုံပြီးသည်အထိ ရေ (၃) ပီပါခန့် လိုသည်။ (သုံးသော ပစ္စည်း၏ အစို၊ အခြောက်ပေါ် မူတည်၍ ရေအနည်းအများ လိုအပ်ပါသည်)

·         အပေါ်ဆုံးကို စပါးခွံ့နှင့် ဖုံး၍ ရေဖြန်းပေးရမည်။

·         ထို့နောက် ပလပ်စတစ် (သို့) ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ပေးရမည်။

·         ၃-၄ ရက်ခန့် ကြာလျှင် ဖုံးအုပ်ထားသော မြေသြဇာပုံအတွင်းသို့ နှိုက်ကြည့်ပါက အလွန်ပူနေသည် တွေ့ရပါမည်။

·         ဤကဲ့သို့ ပူနေခြင်းသည် တဖြည်းဖြည်း လျော့ကျလာပြီး ၃-၄ ပတ်ကြာလျှင် မပူတော့ပါ။ ထိုအချိန်တွင် အထက်အောက် လှန်ပေးရန်နှင့် တခြားတစ်နေရာတွင် အပုံပြောင်းပေးရန် လိုအပ်သည်။

·         (၆-၈) ပတ်ခန့် ကြာသည့်အခါ ဒိုချက်ကင် သဘာဝ မြေသြဇာကို ရရှိပြီ ဖြစ်ပါသည်။ ဒိုချက်ကင် သဘာဝ မြေသြဇာ ရရှိသောအခါ အပူချိန် မရှိတော့ပါ။ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများသည်လည်း အနံ့လုံးဝ မရှိတော့ပါ။

မှတ်ချက်။ ဒိုချက်ကင် ပြုလုပ်သည့်အခါ နွေရာသီတွင် သစ်ပင်ရိပ်အောက်၌ ပြုလုပ်ပေးရမည်။ နေပူမိလျှင် ဒိုချက်ကင် မပြန့်ပွားနိုင်ပါ။ မိုးရာသီဆိုလျှင် မိုးရေမဝင်အောင် ဖုံးအုပ်ထားရန် သို့မဟုတ် အမိုးအောက်တွင် လုပ်ရန် လိုပါသည်။

အသံုး၀င္ပံု

ယခင်ဖြူးထားသော ဒိုချက်ကင် မှိုများသည် မြေသြဇာတစ်ပုံလုံး ပြန့်သွားပြီး စိုက်ခင်းများတွင် ဒိုချက်ကင် မြေသြဇာကို စိုက်ခင်းတွင် ထည့်သုံးခြင်းအားဖြင့် မြေအတွင်း လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ပေးပါသည်။ သစ်တောမြေများတွင် မြေဆီသြဇာ ထက်သန်နေခြင်းသည် ဒိုချက်ကင် အဏုဇီဝများ ကြွယ်ဝစွာ ပေါက်ပွားနေသောကြောင့် ဖြစ်သည်။ ဒိုချက်ကင် မြေသြဇာကို စိုက်ပျိုးရေးတွင် သာမက မွေးမြူရေးတွင်လည်း အသုံးပြုနိုင်ပါသည်။

၀က်မွေးမြူရေးအတွက်ဒိုချက်ကင် မြေသြဇာ ၅၀ ရာခိုင်နှုန်းနှင့် လွှစာမှုန့် ၅၀ ရာခိုင်နှုန်းရောပြီး ၁ပေခွဲမှ ၃ ပေ အနက်တူးထားသည့် မြေကျင်းထဲတွင် ဝက်မွေးမြူမည်ဆိုပါက အနံ့ဆိုး လုံးဝမထွက်ပါ။ ရောဂါဒဏ်လည်း ခံနိုင်ပြီး အစာကျွေးနှုန်းလဲ သက်သာစေပါတယ်။

ကြက်မွေးမြူရေးအတွက်၁ပေခွဲခန့် အောက်မှ ခင်းပေးလျှင် လုံလောက်ပါသည်။ ဒိုချက်ကင်မှိုသည် ဒေသတွင်းရှိ အပေါ်ယံမြေဆွေးကို ယူ၍ မွေးမြူခြင်းဖြစ်သောကြောင့် မိမိ ရာသီဥတုနှင့် ကိုက်ညီပြီး ဒေသနှင့် လိုက်လျောညီထွေ နေနိုင်ပါသည်။ မိမိ ယာမြေ၊ စိုက်ခင်းမြေအတွင်းတွင် အလွယ်တကူ နေထိုင်ပြန့်ပွားနေနိုင်ပါသည်။ ဥပမာအားဖြင့် ရှမ်းပြည်အတွက် ရှမ်းပြည်မှ သစ်တောမြေဆွေး၊ အပူပိုင်းဒေသအတွက် အပူပိုင်းဒေသမှ သစ်တောမြေဆွေးကို သုံး၍ မွေးမြူုနိုင်ပါသည်။ ဒိုချက်ကင် မွေးမြူပြီး မြေသြဇာပြုလုပ်ရာတွင်လည်း မိမိဒေသထွက် လယ်ယာစွန့်ပစ်ပစ္စည်းများနှင့် စရိတ်စက အကုန်အကျ သက်သာစွာဖြင့် လုပ်ဆောင်နိုင်ပါသည်။

Ahtun

Source: စိုက်ပျိုးရေး ဦးစီးဌာန


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်