"သရက်ဓားထစ် ပိန္နဲခဲပစ်"

19/12/2018 03:00 AM တွင် HanPhyoAung HanPhyoAung မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“သရက်ဓားထစ် ပိန္နဲခဲပစ်”၊ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ ဆိုရိုးစကားလို့ ပြောလို့ရမယ် ထင်ပါတယ်။ တချို့က “သရက်ဓားထစ်၊ ပိန္နဲခဲပစ်၊ မရမ်း တုတ်ပစ်” လို့လည်း ပြောကြတယ်။ အမှတ်မထင် လုပ်မိရာကနေ အကျိုးရှိတာကို သတိထားမိပြီး အစဉ်အဆက် ဆောင်ရွက်ကြရင်း လက်ဆင့် ကမ်းလာခဲ့တဲ့ စကားဖြစ်မယ်လို့ ယူဆရပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက လုပ်ကိုင် ကျင့်သုံးဆောင်ရွက်ခဲ့ကြတဲ့ နည်းတွေလည်း ဖြစ်ပါတယ်။

“သရက်ပင်ကိုပဲ ဓားထစ်ထစ် ပိန္နဲပင်ကိုပဲ ခဲနဲ့ပစ်ပစ်”၊ အဓိကကတော့ အပင်ကို ပန်းပွင့် အသီးသီးလာစေဖို့ဆောင်ရွက်တဲ့ နည်းလမ်းတစ်ခုပါပဲ။ စိုက်ပျိုးရေးသိပ္ပံရှုထောင့်ကနေ ဘယ်လိုသဘောတရားတွေကြောင့် သရက်ဓားထစ်ခြင်း၊ ပိန္နဲခဲပစ်ခြင်းဟာ အသီးတင်နှုန်း အထွက်နှုန်းကို ကောင်းလာစေတာလဲ ဆိုတာကို လက်လှမ်းမိသလောက်သုံးသပ်ကြည့်ပါမယ်။

ဘယ်အချိန်မှာ လုပ်ကြသလဲ

ဓားထစ်ခြင်း၊ ခဲပစ်ခြင်းကို အချိန်မရွေးဆောင်ရွက်ရသည်တော့ မဟုတ်ပါဘူး၊ အချိန် ရာသီမရွေး ဆောင်ရွက်လို့လည်း အကျိုးမရှိနိုင်ပါဘူး။ အများစုကတော့ တန်ဆောင်မုန်းလ အတွင်း ဆောင်ရွက်ကြပါတယ်။ တန်ဆောင်မုန်းလမှာတောင်မှ လပြည့်နေ့မှာ အထူး အလေးထား ဆောင်ရွက်ကြတာကို တွေ့ရပါတယ်။ သရက်အတွက်ဆို ပန်းမပွင့်ခင် ၁-၂ လလောက် အလိုမှာ ဓားထစ်ခြင်း ဆောင်ရွက်လေ့ရှိပါတယ်။ တချို့ကလည်း ပန်းမပွင့်ခင် ၄ လလောက်ကတည်းက ဓားထစ်ပေးဖို့လိုတယ်လို့ ပြောကြပြန်ပါတယ်။ ဒီမှာ မေးစရာတွေ ရှိလာပါတယ်။ ဒါဆို ပန်းမပွင့်ခင် ၁ လအလိုမှာ ဓားထစ်ရမှာလား၊ ၂ လအလိုမှာ ဓားထစ်ရမှာလား၊ ၃ လအလိုမှာ ဓားထစ်ရမှာလား၊ ဒါမှမဟုတ် ၄ လလောက် အလိုကတည်းက ဓားထစ်ပေးဖို့ လိုတာလား..။ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်သလို မျိုးနဲ့ အပင်ရဲ့ သက်တမ်း၊ အပင်ရဲ့ အခြေအနေ (ဓားထစ်မယ့်အချိန်မှာ အရွက်တွေရင့်နေဖို့ လိုပါတယ်) ပေါ်လည်း မူတည်ပါလိမ့်မယ်။  ဒီအတွက်လည်း သုတေသနတွေလုပ်ကြည့်ဖို့ ကောင်းပါတယ်။ 

ဘယ်လို ဆောင်ရွက်သလဲ

သရက်ပင်ကို ဓားထစ်ခြင်းဟာ အပင်၏ အောက်ခြေပိုင်း ပင်စည်အခေါက်ကိုသာ ဓားထစ် ပေးခြင်းဖြစ်ပါတယ်။ အကိုင်းအခက်အလက်များကို ဆောင်ရွက်ခြင်းမဟုတ်ပါဘူး။ ဓားထစ်တဲ့ အခါမှာ ဓားချက်တွေကို တစ်ချက်နဲ့တစ်ချက် ထပ်မနေစေဘဲ ဘေးတိုက် အထက်အောက် လွဲ၍ ထစ်ပေးရပါတယ်။ ဓားဒဏ်ရာကို အပင်အတွင်းသားပိုင်း (wood/xylem) အထိ မရောက်ဖို့ ဂရုစိုက်ရသလို အခေါက် (bark/phloem) ကိုလည်း ပြတ်အောင် ဓားထစ်ဖို့တော့ လိုပါတယ်။ များသောအားဖြင့် ပင်စည်၏ အမြင့် ၄-၅ ပေလောက် လူတစ်ရပ်လောက် ပတ်ဝန်းကျင်ခန့်ကို ဓားထစ်ပေးခြင်း လုပ်လေ့ရှိပါတယ်။ 

ပိန္နဲခဲပစ်ဟာလည်း သရက်ဓားထစ်နဲ့ သဘောတရားအတူတူပါပဲ။ ပိန္နဲပင်ကို သရက်ပင်လို ဓားနဲ့ ထစ်မယ့်အစား ကျောက်ခဲများနဲ့ ပင်စည်ပတ်ပတ်လည်လည် အခေါက်ကို ဒဏ်ရာတွေနဲ့ ဗလပွဖြစ်နေသည်အထိ ခဲနဲ့ ထုပစ်ပေးရခြင်းဖြစ်ပါတယ်။

တကယ်အကျိုးရှိစေတာလား

သရက်ပင်ဓားထစ်ခြင်းနဲ့ ပတ်သက်လို့ သရက်စိုက်ပျိုးတဲ့ တောင်သူအချို့ကို မေးကြည့် ဖူးပါတယ်။ ပန်းစောပွင့်တယ်၊ အသီးတင်တာကောင်းတယ် ပြောကြပါတယ်။ အလားတူပဲ ပိန္နဲကို ခဲပစ်တဲ့အလေ့ဆောင်ရွက်တဲ့ အိမ်ကို မေးကြည့်တာ ပန်းပွင့်အသီးတင်ဖို့ သေချာ ကြောင်းပြောတာပါပဲ။ သိပ္ပံဆိုင်ရာ သုတေသနတွေ့ရှိချက်တွေအရလည်း သရက်ပင်ကို ဓားထစ်ပေးခြင်းဟာ နှစ်ခြားသီးပွင့်မှုအလေ့အထရှိတဲ့အပင်တွေမှာတောင် အသီးတင်မှု နည်းပါးတဲ့နှစ်တွေမှာ ပန်းပွင့်နှုန်းအသီးတင်နှုန်းကောင်းတယ်ဆိုတာ လက်ခံထားကြပါတယ်။ 

သီအိုရီသဘောနဲ့ ချိန်ဆပြီးပြောရရင် သရက်ဓားထစ်ခြင်း၊ ပိန္နဲခဲပစ်ခြင်းက ပန်းပွင့်ဖို့ သေချာမှာလားဆိုတော့ မသေချာပါဘူး၊ အထူးသဖြင့် သရက်ပန်းပွင့်ဖို့ဆိုတာ အခြား အကြောင်းအရာများစွာ (ဥပမာ - အညွန့်ရဲ့ သက်တမ်း၊ အပူချိန်) ကလည်း လွှမ်းမိုးထား ပါသေးတယ်။ မသေချာဘူးလို့ပဲ ပြောတာပါ၊ မလုပ်သင့်တာတော့ မဟုတ်ဘူးလို့ ဆိုရပါမယ်။ ဒီအတွက်လည်း မြန်မာပြည်မှာရှိတဲ့ စီးပွားဖြစ်စိုက်နေတဲ့ သရက်မျိုးတွေကို အပင်သက်တမ်း အလိုက် နေရာဒေသအလိုက် သရက်ဓားထစ်ခြင်းသုတေသနကို ဆောင်ရွက်ကြည့်ဖို့ ကောင်းပါတယ်။ ပတ်ဝန်းကျင်လည်း မထိခိုက်၊ ကုန်ကျစရိတ်လည်း သိပ်ရှိမှာမဟုတ်တဲ့ အတွက် သရက်ဓားထစ် ပိန္နဲခဲပစ်ဟာ လုပ်လိုက လုပ်သင့်တဲ့အဆင်အလာလေးတစ်ခု ဖြစ်မယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။  ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

18-12-2018 (Tuesday) 4:00 PM 

ကိုးကား

၁။ The Mango (Botany, Production and Uses)

၂။ Regulating Horticultural Crops by Cultural and Chemical Methods (Bardhan and Sharma, 2018) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်