တရုတ်အာလူးကိုမယှဉ်နိုင်လို့ ပြည်တွင်းအာလူးစိုက်ဧကတွေလျော့ကျလာပြီး ဈေးကွက်ဝေစု ၇၀ ရာခိုင်နှုန်းလောက် လက်လွှတ်ရဖွယ်ရှိ

05/01/2021 14:00 PM တွင် ရူပါအောင်ဝင်း ရူပါအောင်ဝင်း မှ ရေးသား

    မြန်မာကုန်သည်တွေက တရားမဝင်တင်သွင်းလာတဲ့ တရုတ်အာလူးတွေကြောင့် ပြည်တွင်းက အာလူးစိုက်တောင်သူတွေမှာ ဈေးနှုန်းကျဆင်းလာတဲ့ အခက်အခဲတွေရှိလာပြီး အာလူးစိုက်ဧကတွေ လျော့နည်းလာတဲ့အတွက် မြန်မာ့အာလူးဈေးကွက်ဝေစု ၇၀ ရာခိုင်နှုန်းလောက် လက်လွှတ်ရဖွယ်ရှိတယ်လို့ တစ်နှစ်ပါတ်လုံး အာလူးစိုက်ပျိုးရာဒေသဖြစ်တဲ့ နောင်တရားဒေသက အာလူးစိုက်တောင်သူ ခွန်ဆန်းဦးက Green Way ကိုပြောပါတယ်။

တရုတ်အာလူးကြောင့် ဒေသတောင်သူတွေ ထိခိုက်ရတာကတော့ သူကတော့ ပုံမှန်ဆိုရင် ကျွန်တော်တို့က အရင်းက တစ်ပိဿာ ၅၀၀ လောက်ရှိတယ်။ တရုတ်အာလူးက ၅၀၀ လောက်နဲ့ လာရောင်းတော့ ကျွန်တော်တို့တောင်သူတွေက အမြတ်အစွန်းတွေမရှိတော့ဘူးပေါ့။ နည်းနည်းအရှုံးနဲ့ ရင်ဆိုင်ရတာပေါ့နော်၊ အခုက အာလူးထွက်တဲ့အချိန်ဆိုတော့ တရုတ်ကလည်း ထွက်တဲ့အချိန်နဲ့ သွားတိုက်နေတယ်လေ။ ကျွန်တော်တို့ဒီဘက်ကတော့ ကိုဗစ်အခက်အခဲကတစ်ဖက်ဆိုတော့ တောင်သူတွေ အထိနာတာပေါ့ခင်ဗျာ။ အခုဒီ ကျွန်တော်တို့စိုက်တဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီစိုက်တာကလည်း သူတို့ မန်စီစိုက်တာနဲ့လည်း သွားတိုက်တယ်လေ။ သူတို့ထွက်တာနဲ့ ကျွန်တော်တို့ထွက်တာနဲ့တူတော့ မြန်မာပြည်စားအာလူးဈေးကွက်ကို သူတို့ကိုပေးရသလိုဖြစ်သွားတယ်။ အဓိက ဈေးပေါတာနဲ့  အဓိက ဈေးပါပဲ။ ဈေးနဲ့ပဲ ဒီဘက်ကအာလူးတောင်သူတွေက မယှဉ်နိုင်တော့ အရှုံးခံပြီးရောင်းရတယ်။ ကြာလာတော့ စိုက်တဲ့သူတွေ ဒီနှစ်ဆိုရင် စိုက်ဧက တစ်ဝက်လောက်ကျတယ်။ ရေကလည်း သိပ်မရတာလည်းပါတယ်။ ဒီနှစ်က မိုးခေါင်တော့ အာလူးက အထွက်နှုန်းကျတာရယ်၊ တစ်ဖက်က တရုတ်အာလူးဝင်တာရယ်ကြောင့်ဆိုတော့ စိုက်တာကတော့ ကျသွားမယ်။ ကျွန်တော်တို့ ပုံမှန်ကတော့ ဧက ၆၀၀၀ လောက်စိုက်တာပေါ့နော်။ ဒီ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ အားလုံး နောင်တရားရော၊ ပင်လောင်းရော၊ တီကျစ်ရော ပေါ့နော်၊ အဲ့ဒါကို ကျွန်တော်တို့ တစ်နယ်လုံး သတ်မှတ်တယ်။ အဲ့ဒါကို ၃၀၀၀ လောက်ပဲကျန်တယ်။  ကျွန်တော်တို့ကတော့ ဒီလိုဖြစ်စေချင်တယ်။ အရမ်းကြီးဈေးကြီးတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဒါ ကိုယ့်ပြည်သူလူထုပဲလေ။ အရမ်းကြီးဈေးပေါလွန်းတော့လည်း စိုက်တဲ့သူကမစိုက်နိုင်တော့ရင် ကျွန်တော်တို့က ဈေးကွက်ဝေစုက လုံးဝတရုတ်ကိုပေးရတော့မှာလေ။ အခုက  ၅၀ ရာခိုင်နှုန်းလောက်က တရုတ်ကိုပေးလိုက်ရပြီ။ ကျွန်တော်တို့ သုံးသပ်တာက ဒီတစ်နှစ်သာ ဒီအတိုင်းဆက်သွားရင် ၇၀ ရာခိုင်နှုန်းလောက်က တရုတ်ကိုပေးရတော့မယ်။ အဲ့လိုဖြစ်သွားပြီ

လို့ ခွန်ဆန်းဦးက ပြောပါတယ်။ 

    မြေပြန့်ဒေသအာလူးစိုက်ရာမှာ ထင်ရှားတဲ့ ဆင်ဖြူကျွန်းဒေသက အာလူးစိုက်တောင်သူ ဦးလှပိုက ဆင်ဖြူကျွန်းကထွက်ရှိတဲ့ အာလူးဈေးကွက်မှာလည်း တရုတ်အာလူးတွေ ဝင်ရောက်လာတဲ့အတွက် ဈေးကျပြီး စိုက်ဧကတွေ လျော့နည်းလာတယ်လို့ ပြောပါတယ်။

တရုတ်အာလူးတွေက အဝင်များနေတော့ ဈေးမကောင်းတာ ၂ နှစ်ရှိသွားပြီ။ တရုတ်ကဝင်တဲ့အခါကျတော့ အာလူးက  တစ်ပိဿာ  ၅၀၀ ဈေးတန်း၊ မနှစ်တုန်းကဆိုရင် ၄၃၀၊ ၄၀၀ တန်းလောက်ကို ကျသွားတာပေါ့။ တရုတ်အာလူးကလည်း အဲ့ဒီအတန်းလောက်ပဲ ဝင်လာတာလေ။ ၄၀၀၊ ၅၀၀ တန်းနဲ့ ဝင်လာတာလေ။ မြန်မာအာလူးတွေမှာ တရုတ်အာလူးကြောင့် ထိခိုက်မှုရှိလာတာက ဥပမာ ရန်ကုန်မှာ တစ်နေ့ကို ကားဆယ်စီးလောက်ဝင်တယ်ဆိုရင် အတိုင်းအတာတစ်ခုထိအောင် ဖြစ်သင့်တဲ့ဈေးလေးတော့ ဖြစ်တာပေါ့။ ဖြစ်သင့်တဲ့ဈေးဆိုတာ တကယ်တမ်းတော့ ၇၅၀ လောက်ရှိသင့်တာလေ။ အရင်းတင် တစ်ပိဿာကို ၅၀၀ လောက်ကျတာလေ။ တရုတ်အာလူးက ဝင်လိုက်တဲ့အခါကျတော့ ဟိုကဝင်ဒီကဝင်ဆိုတော့ အစီး ၃၀ လောက်ဖြစ်သွားတာလေ။ အစီး ၃၀ လောက်ဖြစ်တော့ ဈေးကွက်ကထိုးကျသွားတော့ ဆင်ဖြူကျွန်းကဝယ်ဈေးဆိုရင် ၄၃၀ ကားပေါ်အရောက်ဆိုရင် ၃၀ က ကားခလေ။ ထွေလာဂျီနဲ့ ကားပေါ်တင်ပေးရတာဆိုတော့ ကျန်တာက ၄၀၀ ပဲကျန်တယ်။ အရင်းကိုက ၅၀၀ လောက်ဖြစ်တော့ တောင်သူက တစ်ရာလောက်ရှုံးတာပေါ့။ တောင်သူက ၅၀ နဲ့ ၁၀၀ လောက်ရှုံးသွားတော့ အစိုက်နည်းသွားတာပေါ့။ တကယ်လို့ တရုတ်မဝင်ရင် ၇၅၀ တန်းလောက်မှီတာပေါ့လေ။ အများဆုံးရခဲ့တဲ့ဈေးက အာလူး တစ်ပိဿာ ၁၃၀၀ လောက်ရခဲ့တယ်။ 

    မြန်မာနိုင်ငံ အာလူးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအနေနဲ့ ပြည်ပအာလူးတင်သွင်းလာတာတွေကို စည်းကမ်းတကျဖြစ်အောင် ဆောင်ရွက်ပေးဖို့ အစိုးရကို ပြောဆိုခဲ့တာတွေရှိပေမယ့် မအောင်မြင်ဘူးလို့ အသင်းဥက္ကဌ ဦးချမ်းထွေးက Green Way ကိုပြောပါတယ်။ 

ကျွန်တော်တို့ကတော့ တင်ပြပါတယ်။ တရုတ်အာလူးတွေဝင်လာရင် တရားဝင်သွင်းဖို့၊ တရားဝင်ဆိုတာ နိုင်ငံတော်ကို အခွန်ဆောင်ပြီးသွင်းဖို့၊ အခွန်ဆောင်ပြီးသွင်းတဲ့အခါကျရင် တိတိကျကျသွင်းဖို့ပါ။ အဲ့လိုမျိုးတော့ ပြောတယ်။ အခွန်လေးနဲ့သွင်းတယ်ဆိုရင် တောင်သူက နည်းနည်းရှင်သန်နိုင်မှာပေါ့၊ ဒါမယ့် ကျွန်တော်တို့တင်ပြလည်း သိပ်တော့မထိရောက်ပါဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း နောက်ပိုင်းမတင်ပြတော့ပါဘူး။ 

    မြန်မာနိုင်ငံမှာ အာလူးစိုက်ပျိုးမြေက  ဟက်တာပေါင်း ၃၃၀၀၀ လောက်ရှိပါတယ်။ အဲ့ဒီကနေထွက်ရှိလာတဲ့ အာလူးတန်ချိန်ပမာဏက မက်ထရစ်တန်ချိန် ၅ သိန်းကျော်ရှိပြီး ပြည်တွင်းစားသုံးမှုက တန်ချိန်သုံးသိန်းကျော်လို့ ခန့်မှန်းထားတဲ့အတွက် ပိုလျှံအောင်ထုတ်လုပ်နိုင်တာကို တွေ့ရပါတယ်။ 

    စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ပအာလူးကို အမြဲတမ်း တင်သွင်းခွင့်မပြုထားပေမယ့် ပြည်တွင်းအာလူးဈေးတက်လာတဲ့အခါမျိုးမှာတော့ တင်သွင်းခွင့်ယာယီပေးထားပြီး တရားမဝင်ဝင်ရောက်နေတာတွေက ဆိုးဆိုးရွားရွားရှိနေတယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို က  Green Way ကိုပြောပါတယ်။ 

အာလူးက တရားဝင်ခွင့်ပြုထားတာမရှိပါဘူး။ ဒါပေမယ့် ဒီမှာ အာလူးမထွက်တဲ့ရာသီတွေဆိုရင်တော့ ပေးသွင်းတယ်။ တက်တယ်၊ ဈေးနှုန်းတွေ အရမ်းကြီးနေတဲ့အချိန်တွေဆိုရင်တော့ ပေးသွင်းတယ်။ ပုံမှန်အချိန်တွေမှာတော့ ပေးမသွင်းပါဘူး။ တရားမဝင်ကုန်သွယ်မှုက တော်တော်ကို ဆိုးရွားတဲ့အခြေအနေရှိပါတယ်။ အဲ့ကျတော့ တရားဝင်ကိုတော့ ထိန်းနိုင်တယ်။ ဒါပေမယ့် တရားမဝင်တွေကျတော့ နည်းနည်းဝင်နေတယ်။ ဒါပေမယ့် အဲ့ဒါတွေကိုလည်း ဒီဘက်ကတော့ ဘုရင့်နောင်ကုန်စည်ဒိုင်တို့ ဘာတို့ကို တို့ဌာနကတော့ အမြဲတမ်းစောင့်ကြည့်နေတယ်။ စောင့်ကြည့်ပြီးတော့ တောင်သူနစ်နာနိုင်တဲ့ဈေးနှုန်းလောက် ရောက်ပြီဆိုရင် နည်းနည်း ဒေသအစိုးရတွေနဲ့ညှိပြီး ကြပ်မတ်တာတွေလုပ်တယ်။ ပြည်တွင်းအာလူးစိုက်တောင်သူ ထိခိုက်နစ်နာနိုင်တဲ့အခြေနေ ပေါ်လာမယ်ဆိုရင် ဒီတို့ဌာနကနေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ ဒါတွေကို ကြပ်မတ်ပြီးတော့တားတယ်။ တစ်ခါတစ်လေကျတော့လည်း တစ်ဖက်ကသိပ်တားပြီးတော့ စားသုံးသူထိခိုက်မှာလည်းရှိသေးတယ်။ အဲ့တော့ နှစ်ဖက်ကိုတော့ ချိန်ညှိပြီးတော့ လုပ်နေပါတယ်။ တောင်သူတွေ တွက်ချေကိုက်ဖို့က မားကတ်နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မှ တောင်သူလည်း ပိုပြီးဈေးရမယ်။ သေချာတာကတော့ သူများနိုင်ငံက မိုင်ထောင်နဲ့ချီသယ်လာပြီးဈေးလျော့ရောင်းနိုင်တယ်ဆိုရင် ကိုယ်ဘာမှားနေလဲဆိုတာ သုံးသပ်ရတော့မှာပါ

လို့ ဦးမြင့်ချိုက ပြောပါတယ်။ 

    တန်ချိန် သုံးသိန်းကျော်လောက် ပြည်တွင်းစားသုံးမှုရှိတဲ့အာလူးကို အရည်အသွေးကောင်းမွန်ဖို့အတွက် နယ်သာလန်အာလူးမျိုးတွေကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ပုဂ္ဂလိကပိုင်းက တင်သွင်းခဲ့ပြီး အအေးခန်းအဆောက်အဦတွေ တည်ဆောက်ကာ စနစ်တကျနဲ့ မျိုးပြောင်းလဲသုံးစွဲခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် အရည်အသွေးနဲ့ အထွက်နှုန်းကောင်းမွန်တဲ့ တရုတ်အာလူးမျိုးတွေကို တင်သွင်းစိုက်ပျိုးနေပေမယ့် ဝယ်ယူသုံးစွဲရတဲ့ စိုက်ပျိုးရေးသွင်းအားစု ဈေးနှုန်းကြီးမြင့်တာတွေရှိတဲ့အတွက် တစ်ဧကကုန်ကျစရိတ်ကိုလျှော့ချပြီး တရုတ်နိုင်ငံကဝင်လာတဲ့ စားအာလူးတွေကိုယှဉ်ပြိုင်ရောင်းချနိုင်ဖို့က မြန်မာအာလူးစိုက်တောင်သူတွေအတွက် အခက်အခဲတွေရှိနေတာဖြစ်တယ်လို့ နောင်တရားမြို့နယ်က ခွန်ဆန်းဦးက ဖြည့်စွက်ပြောပါတယ်။

သူတို့အာလူးက အထွက်နှုန်းကောင်းတယ်။ နောက်ပြီးတော့ အစိုးရပံ့ပိုးမှုကလည်း အရမ်းကောင်းတယ်။ သွင်းအားစု၊ မြေသြဇာကလည်း ပြည်တွင်းထုတ်၊ မျိုးကလည်း ပြည်တွင်းထုတ်၊ သွင်းအားစုကလည်း ပြည်တွင်းမှာ ပေါပေါရတယ်။ အစိုးရကလည်း ပံ့ပိုးမှုက ချေးငွေ၊ စက်ပစ္စည်းတွေဆိုလည်း အစိုးရက ၃၀ ရာနှုန်းလောက်စိုက်ပေးတယ်။ ပံ့ပိုးမှုကောင်းတယ်။ နိုင်ငံကလည်း တိုးတက်တယ်၊ စက်မှုနိုင်ငံလည်းဖြစ်တယ်။ စိုက်ပျိုးရေးကိုလည်း အားပေးထားတယ်။ စက်မှုအပြင် စိုက်ပျိုးရေးမှာလည်း လွှမ်းမိုးချင်တော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တော့ ဒီဘက်က စားဝတ်နေရေးအတွက် အလုပ်လုပ်တယ်ဆိုတော့ ခေတ်ကလည်းမမီ၊ သွင်းအားစုတွေကလည်းမရှိတော့ အဆင်မပြေဘူးဖြစ်သွားတာ။      

    ၂၀၁၈ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ တရုတ်နိုင်ငံက အာလူးတန်ချိန် ၉၈ သန်းကျော်ကို ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့အာလူးထုတ်လုပ်မှုရဲ့ ၂၇ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာလူးကဏ္ဍဖွံ့ဖြိုးဖို့ ခေတ်အဆက်ဆက်က စိုက်ပျိုးရေးသုတေသနလုပ်ငန်းတွေမှာ မထင်မရှားသာရှိနေခဲ့ပြီး မြန်မာ့စိုက်ပျိုးရေးသမိုင်းမှာလည်း အာလူးကဏ္ဍက တခုတ်တရ ပါဝင်ခဲ့တာ မရှိခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ အထိ အကောင်ထည်ဖော်ဆောင်ရွက်သွားမယ့် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ နိုင်ငံတော်အစိုးရရဲ့ ပဓာနကျတဲ့ တာဝန်တစ်ရပ်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည့်အတွက် အာလူးစိုက်တောင်သူတွေရှိနေပေမယ့် ပျောက်ကွယ်လုဆဲ မြန်မာ့လက်ဖက် အချိုခြောက်လုပ်ငန်းလို မြန်မာ့အာလူးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်း ပျောက်ကွယ်မသွားရအောင် ဖွံ့ဖြိုးရေးအစီအမံတွေ အရေးတကြီးလိုအပ်နေပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။