စစ်တောင်းမြစ်မှ ငါးသားလောက်မျိုးစိတ်များအကြောင်း

21/12/2021 10:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

   မွန်ပြည်နယ်အတွင်းသို့ ဖြတ်သန်းစီးဆင်းနေပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်နေသည့် သံလွင်မြစ်၊ စစ်တောင်းမြစ်များသည် နာမည်ကြီး အထင်ကရမြစ်များ ဖြစ်ကြပါသည်။ ရေလုပ်ငန်းလုပ်ကိုင်သူများသည် စစ်တောင်းမြစ်ကို အမှီပြုပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြရခြင်းဖြစ်ပါသည်။  စစ်တောင်းမြစ်ဝသည် ခေါင်းလောင်းပုံစံမျိုး တည်ရှိနေပြီး ရေတက်ရေကျတွင် သောင်နုများ ပေါ်ထွန်းလျှက်ရှိပါသည်။

   စစ်တောင်းမြစ်တလျှောက် ငါးပုတ်သင်၊ ငါးပုဏ္ဏား၊ ကဘီလူး၊ ကကတစ်၊ ငါးခူ၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးသလောက် စသည့်ငါးများ ရမိကြပါသည်။ ထိုငါးများအနက် စစ်တောင်း ငါးသလောက်မှာ ဆူဖြိုးလှပြီး အသားမှာ နူးညံ့ကာ အရသာထူးကဲလှသောကြောင့် “စစ်တောင်း ငါးသလောက်” ဟူ၍ နာမည်တွင်ပါသည်။ စစ်တောင်းငါးသလောက်ကို အရိုးနူးပေါင်းစားခြင်း၊ ကြော်စားခြင်း၊ အစပ်ဟင်းချက်စားခြင်းမှာ အလွန်အရသာ ရှိလှပါသည်။

“အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်” ဟူ၍ အဆိုရှိသကဲ့သို့ 

ငါးတွင်လည်း

“မယားမှာ ဆံတောက်၊ ငါးမှာ ငါးသလောက်” ဟူ၍ စာချိုး ရှိပါသည်။

ယခုလို ဆောင်းတွင်းကာလ အအေးများချိန်၌ ငါးသလောက်ငါးများကို အများဆုံး ဖမ်းဆီးရမိကြပါသည်။ ငါးသလောက်ငါးကို ပေါင်း၍ စားသုံးခြင်းသည် အရသာအကောင်းဆုံးဖြစ်ပြီး ငါးအသားသာမက ငါးပေါင်းရနံ့ကလည်း ဆွဲဆောင်နိုင်စွမ်းရှိလှပါသည်။ ထို့ကြောင့်လည်း “ရာသီကအေး…..ငါးသလောက်ပေါင်းကမွှေး” ဟုဆိုရပေမည်။

Family (မျိုးရင်း) Clupeidae မှ ဆင်းသက်လာသော ငါးသလောက်မျိုးနွယ် (Herring Fish) တွင် မျိုးစု (Genus) (၈၄) နှင့် Species (မျိုးစိတ်ပေါင်း) ၃၆၄ ခု ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ (Herring Fish) များသည် ရေချို/ငန် စပ်ဒေသ၊ ရေငန်ဒေသများတွင် ရေအနက်(၅)မီတာမှ (၂၀၀) မီတာအတွင်းတွင် အများဆုံးတွေ့ရှိရပါသည်။ ငါးသလောက်ငါးများသည် (Plankton) အပင်မျှောလေးများကို သူတို့၏အစာအဖြစ် အများဆုံးစားသုံးကြပါသည်။ ငါးသလောက်၏ပါးစပ် (Mouth)သည် သွယ်လျှလျက်ရှိပြီး ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်သည် အပေါ်ဘက်၌ လုံးဝိုင်းပြီး အောက်ဘက်ပိုင်းသည် ကျုံ့နိုင်ဆံ့နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အမြင့်ဆုံးအလျားသည် (၆၀) စင်တီမီတာအထိရှိပြီး T.ilisha မျိုးစိတ်တွင် တွေ့ရှိရပါသည်။

ဒေသထွက်ကုန်အဖြစ် ငါးသလောက်မျိုးစိတ် (Herring Fish) (၂)မျိုးကို တွေ့ရှိရပါသည်။ ၎င်းတို့မှာ-

(၁) Tenualosa ilisha (သို့) Hlisa shad (သို့) ilisha shad

(၂) Tenualosa toil (သို့) Toli shad ဟူ၍ ဖြစ်ပါသည်။ ငါးသလောက်မျိုးစိတ် (၂)မျိုးနှင့် ပတ်သက်၍ အောက်ပါအတိုင်းလေ့လာသိရှိရပါသည်။

Phylum (မျိုးပေါင်းစု)                        ------- Chordata

Sub-Phylum (တဆင့်ခံ မျိုးပေါင်းစု)    ------- Vertebrate

Class (အမျိုးအစား)                          ------- Pisces

Sub-Class (တဆင့်ခံ အမျိုးအစား)      ------- Teleostomi

Oder (မျိုးစဉ်)                                  ------- Clupeiformes

Sub-order (တဆင့်ခံမျိုးစဉ်)              ------- Clupeoidei

Family (မျိုးရင်း)                              -------- Clupeidae

Genus (မျိုးစု)                                  ------- Tenualosa (fowler,1934)

Species (မျိုးစိတ်-၁)                         ------- (1) Tenualosa ilisha (Hamilton – Bunchana 1882)

FAO; English Name                        ------- Hilsa Shad (or) ilisha Shad

Myanmar Name                             ------- Nga-Tha-lauk (ငါးသလောက်) 

Local Name                                   ------- Ar-ni (အာနီ)

Species (မျိုးစိတ်-၂)                        ------- (2) Tenualosa toil (valenciennes,1847)

FAO;English Name                         -------- Toil shad

Myanmar Name                             ------- Nga-Tha-lauk-Yauk-Pa  (ငါးသလောက်ယောက်ဖ)

Local Name                                   ------- Ar- gyan (အာကြမ်း)

   Hilsa Shad(သို့) ilisha Shad(သို့) Ar-ni (အာနီ) ငါးတွင် ကျောဘက်ပိုင်း၌ ဆူးများမရှိကြဘဲပျော့ပျောင်းသော အရေးအကြောင်း (၁၈-၂၁) ထိရှိကြပါသည်။ အာနီငါးများသည် ဆလင်ဒါပုံ သွယ်လျလျက် ရှိကြပြီး အရွယ်အစားမှာ အမြင့်ဆုံး (၆၀) စင်တီမီတာရှိပြီး အများအားဖြင့် (၃၀-၃၆) စင်တီမီတာရှိကြောင်း တိုင်းတာမှုလေ့လာမှုအရ သိရှိရပါသည်။

   အာနီငါးသလောက်ငါးသည် ငွေမှင်ရောင်ရှိပြီး ရွှေရောင်နှင့် ခရမ်းရောင်တို့လည်း အနည်းငယ်စပ်ဟပ်ရှိကြပါသည်။ သားလောင်းများအရွယ်ရောက်ချိန်တွင် သေးငယ်သော အမဲရောင်အစက် အပျောက်များ အစီအရီ ထူးခြားစွာ ပေါ်ပေါက်လာသည်ကို တွေ့ရပါသည်။ အမြီးပိုင်းမှာ ဦးခေါင်းပိုင်းကဲ့သို့ ရှည်လျားသွယ်လျကြပါသည်။

   အာနီငါးသလောက်ထုတ်လုပ်မှုသည် ၂၀၀၂ခုနှစ်တွင် (၁၂၀၀၀) တန်ထိ အမြင့်ဆုံး ထွက်ရှိပါသည်။ အာနီငါးသလောက်မျိုးစိတ်ကို ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ တရုတ်နှင့် မြန်မာနိုင်ငံများတွင် အများဆုံးတွေ့ရှိရကြောင်းကို မှတ်တမ်းများအရ သိရှိရပါသည်။

   Toil shad (သို့) Ar- gyan (အာကြမ်း) (သို့) ငါးသလောက်ယောက်ဖမျိုးစိတ်၏ ကျောဘက်ပိုင်းနှင့် စအိုဘက်ပိုင်းတွင် ဆူးချွန်များ မရှိကြပါ။ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ဆလင်ဒါ ပုံသွယ်လျလျရှိပြီး အမြီးပိုင်း သည် ဦးခေါင်းပိုင်းထက် ပိုရှည်လျားသည်ကို တွေ့ရှိရပါသည်။ ငါးဟပ်နောက်ဘက်ပိုင်းတွင် အမည်းရောင် အမှတ်အသားများကိုတွေ့ရပြီး အစက်အပြောက်များကိုမူမတွေ့ရှိရပါ။ အာကြမ်းငါးများသည် ငွေမှင်ရောင်ရှိပြီး အခြားအစိတ်အပိုင်း အနည်းငယ်တွင် အပြာ၊ အစိမ်းနှင့်အမည်းရောင်များ အနည်းငယ်စီ စပ်ဟပ်လျှက် ရှိသည်ကို တွေ့ရှိကြရပါသည်။

   အမြင့်ဆုံးခန္ဓာကိုယ်အလျားသည် (၅၀) စင်တီမီတာရှိပြီး အများအားဖြင့် (၃၀-၄၀) စင်တီမီတာ အထိရှိကြပါသည်။ အာကြမ်းငါးသလောက်မျိုးစိတ်ကို အိန္ဒိယ၊ သြစတြေးလျ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် အများဆုံးတွေ့ရှိရပါသည်။ ငါးသလောက်မျိုးစိတ် အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားနေသော အလေ့အထရှိပြီး နေရာဒေသ မရွေး အချိန်အခါမရွေးတွင်သားပေါက်ဖွားလေ့ရှိပါသည်။

   Herring Fish (ငါးသလောက်နွယ်ဝင်ငါး) သည် တစ်နှစ်ပတ်လုံး နှစ်ရာသီ သားပေါက်ကြပြီး ရှည်လျားမိုးတွင်းကာလ (မိုးရာသီ) တွင် တစ်ကြိမ်၊ တိုတောင်းသောဆောင်းရာသီအကုန်ပိုင်းတွင် တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ် သားပေါက်ကြပါသည်။

   ငါးသလောက်အမများသည် ဥပေါင်း (၃)သိန်းမှ (၁)သန်းအထိ ဥ ဥနိုင်ကြပါသည်။ ဥ ဥချပြီး နောက် သားလောင်းလေးများသည် မြစ်ကြောင်းမှ တစ်ဆင့်ပင်လယ်ပြင်သို့ ဆင်းသက်သွားကြပြီး မွေးရပ်မြေမှဝေးသောနေရာများတွင် ကြီးပြင်းကြပါသည်။ သားလောင်းလေးများသည် ပင်လယ်ပြင်သို့ ရောက်ရှိပြီးနောက် ဝေးသောဒေသများသို့ သွားလာခြင်း မပြုလုပ်ကြတော့ပါ။ သို့သော်လည်း ရေတိမ်သောင်ခုံနှင့် ကမ်းခြေဝန်းကျင်တစ်လျှောက် သွားလာ လှုပ်ရှားတတ်ကြပါသည်။

   Hilsa Shad(သို့) Ar-ni (အာနီ) ငါးသလောက်နှင့် Toil shad (သို့) Ar- gyan (အာကြမ်း) ငါးသလောက်ကို စက်တင်ဘာလမှ မတ်လအတွင်း အများဆုံး ဖမ်းဆီးရမိကြပြီး အမြင့်ဆုံးကိုမူ နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာဆောင်းတွင်းကာလ၌ ဖမ်းဆီးရမိကြပါသည်။

   ငါးသလောက်ငါးများကို တိုင်းတာလေ့လာချက်အရ အရွယ်အစားအသေးဆုံးမှာ (၂၈) စင်တီမီတာ၊ အလေးချိန်အားဖြင့် (၁၆၀) ဂရမ်ရှိပြီး အရွယ်အစား အကြီးဆုံးမှာ (၄၂) စင်တီမီတာ၊ အလေးချိန်အားဖြင့် (၆၅၀) ဂရမ်ထိ ရှိကြောင်း တိုင်းတာတွေ့ရှိရပါသည်။ အလွန်ကြီးမားသော ငါးသလောက်ငါး ၁၀၀၀ ဂရမ်၊ (၆၀) ကျပ်သားကိုမူ တစ်ခါတစ်ရံမှသာ တွေ့ရတတ်ကြောင်း သိရှိရပါသည်။ ထို့အပြင် အာနီငါးသလောက်မှာ အာကြမ်းငါးသလောက်ငါးထက် ပိုမိုဖမ်းဆီးရမိကြောင်း လေ့လာတွေ့ရှိရပါသည်။ အရွယ်အစား အကြီးဆုံးကိုမူ အာနီငါးသလောက်ငါးတွင် တွေ့ရှိရပါသည်။

   ဒေသခံများသည် ငါးသလောက်ငါးကို ပေါင်းစား၊ ကင်စား၊ ကြော်စား၊ ချက်စား၊ သုပ်စား ကြပါသည်။ အာနီ/အာကြမ်းငါးသလောက်များကို မွန်ကမ်းရိုးတန်းတစ်လျှောက်တွေ့ရှိရပြီး ပြည်တွင်းတွင် ငါးစို၊ ငါးဆားနယ်၊ ငါးခြောက် (၃)မျိုးလုံးကိုတွင် ကျယ်စွာ ရောင်းချနေပါသည်။ 

   ငါးသလောက်ကို ပေါင်းမည်ဆိုပါက ဦးစွာပထမ ဦးခေါင်းထက်ရှိ တက်ကြောကိုဖြတ်ရပါမည်။ သို့မှသာ သွေးတိုးခြင်း၊ သွေးလေးခြင်းကို လျော့နည်းမည်ဖြစ်ပါသည်။ ငါးကို အနေတော်အတုံးပေးပြီး ဆား၊ နနွင်း၊ ရှာလကာရည်၊ ငါးပိ၊ ဂျင်း၊ ကြက်သွန်ဖြူ/နီ၊ စပါးလင်တို့ဖြင့် ရောမွှေပြီး ရေများများဖြင့် အရိုးနူး ပေါင်းစားကြခြင်းဖြစ်ပါသည်။ 

   ငါးသည် အဆီပါဝင်နှုန်းနည်းပြီး အသားဓါတ် (Protein) မြင့်မားစွာပါဝင်ပါသည်။ သို့ရာတွင် ဤငါးသလောက် အနွယ်ဝင် (Herring Fish) များတွင် အဆီပေါများစွာ ပါဝင်ကြသည်ကို သိရှိရပါသည်။ 

   ငါးသလောက်ငါးများသည်  ပြည်ပပို့ကုန်အဖြစ် ဈေးကွက်စီးပွားရေးတွင် အောင်မြင်လျှက်ရှိပါကြောင်း စစ်တောင်းမြစ်မှ ငါးသလောက်မျိုးစိတ်များအကြောင်းကို လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။

REF;

(1) AL-Dubakel, A.Y.2011, Commerical fishing and marketing of Hilsa shade 

Tenualos ilisha (Hamilton- Buchanon,1822) in Basrah-Southern IRAQ.Emir 

.J.Food Agric.23(2);178-186

(2) Jafei,S.I.H.1988.Biology and fishery of River Shade (palla)-A Revier.Pakistan 

J.Agric.Res>9(2)252.263.

(3) Qureshi,M.R1968b.Hilsa fishery in East Pakistan.Pakistan J.Sci.Ind.Res.11;95-103

မွန်ပြည်နယ်တွင် တွေ့ရှိရသော အာနီငါးသလောက်( Hilsa shad)

 

မွန်ပြည်နယ်တွင် တွေ့ရှိရသော ငါးသလောက်ယောက်ဖ (ခေါ်) အာကြမ်း( Toli Shad)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်