ငွေနှင်းမှိုစိုက်ဖို့ ဘယ်က 'စ' ရမလဲ (၁)

12/09/2023 11:00 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

ငွေနှင်းမှိုစိုက်ဖို့ လိုအပ်ချက်တွေက ရိုးရှင်းပါတယ်။ ရိုးရှင်းတဲ့အပြင် ကုန်ကျစရိတ် သိပ်မများတဲ့ ပစ္စည်းတွေနဲ့ လုပ်နိုင်ပါတယ်။ ထွက်လာမယ့် မှိုကလည်း အာဟာရတန်ဖိုးမြင့်ပါတယ်။

လူတိုင်းနီးပါး စိုက်ပျိုးနိုင်ပြီး လက်တကမ်းမှာရနိုင်တဲ့ အစားအစာအရင်းအမြစ်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ 

ချဲ့ရင်ချဲ့သလို နည်းပညာတွေသုံးနိုင်ပြီး ကျုံ့ရင်ကျုံ့သလို ကုန်ကျစရိတ် အနည်းဆုံးနဲ့ စိုက်လို့ရနေတာကလည်း ငွေနှင်းမှိုရဲ့ စိတ်ဝင်စားစရာအချက်ပါပဲ။

စိုက်ဖို့ တွေးနေပြီဆိုရင်တော့ ငွေနှင်းမှို စ စိုက်ဖို့ ကျွန်မတို့ ဒါလေးတွေ အတူလေ့လာကြည့်ရအောင်နော်။

အစိမ်းရောင်လမ်းက မိတ်ဆွေတို့ စစိုက်မယ်လို့ တွေးတာနဲ့ သိချင်လာမယ့် မေးခွန်းတွေကို စာရေးသူရဲ့ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်တဲ့ ၁ နှစ်တာ အတွေ့အကြုံပေါ် မူတည်ပြီး ဆွေးနွေးချင်ပါတယ်။

မှိုစိုက်တယ်လို့ပြောကြပေမယ့် တကယ်တော့ မှိုက မွေးရတာပဲဖြစ်ပါတယ်။ 

ငွေနှင်းမှိုကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ စိုက်ပျိုးဖို့ဆို ဂရုစိုက်မှုက အလိုအပ်ဆုံးပါပဲ။

(ကုန်ကျစရိတ်တတ်နိုင်တယ်ဆိုရင်တော့ ခေတ်မီနည်းပညာတွေနဲ့ ဂရုစိုက်မှုသိပ်မလိုပဲ ပြုလုပ်နိုင်ပါတယ်။)

ဒီဆောင်းပါးကတော့  မှိုစိုက်တောင်သူ၊ မှိုစိုက်ထုပ်ပြုလုပ်သူ တစ်ယောက်အနေနဲ့ ကုန်ကျစရိတ်သက်သက်သာသာနဲ့ စိုက်ပျိုးရာမှာ ကြုံတွေ့ရတာတွေကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။

ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ အမေးများတဲ့ မေးခွန်းတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။

၁) စိုက်ထုပ်တွေက အိမ်ရောက်လာရင် ဘာလုပ်ပေးဖို့လိုသလဲ။

၂) ကော်လံ ဖြုတ်ရမှာလား၊ ဓားခွဲရမှာလား။

၃) မှိုထုပ်ထဲ ရေလောင်းလို့ရသလား။

၄) မှို ဘယ်လိုခူးရမှာလဲ။

၅) တစ်ခိုင်ထပ်ထွက်ဖို့ ဘယ်လောက်စောင့်ရမလဲ။

စတဲ့ မေးခွန်းတွေအပေါ် စိုက်ဖူးသူ တစ်ယောက်အနေနဲ့ ဆွေးနွေးသွားမယ်ရှင့်။

၁) စိုက်ထုပ်တွေက အိမ်ရောက်လာရင် ဘာလုပ်ပေးဖို့လိုသလဲ။

မှိုတွေဟာ သဘာဝအားဖြင့် မြေကြီးထဲမှာနေတဲ့ အရာတွေမို့ လှုပ်တာ နေပူတာတွေကို မကြိုက်ကြပါဘူး။

ကျွန်မတို့ ခရီးဝေးကားစီးလာရတဲ့အခါ ပင်ပန်းသလို သူတို့လည်း အနည်းငယ်တော့ ပင်ပန်းကြတာမို့ သက်တောင့်သက်သာနားစရာလေး ကြိုတင်ဖန်တီးထားပါ။

အိတ်တွေထဲကနေထုတ်ပြီး အေးတဲ့နေရာမှာ ထားရင်ရပါပြီ။ 

ရေတန်းလောင်းစရာလည်း မလိုသေးပါဘူး။

နောက်ရက်မှ ကိုယ်ထားမယ့်နေရာကို သေချာသန့်ရှင်းပြီး ထားနိုင်ပါတယ်။

စင်ပေါ်တင်တဲ့အခါလည်း ညင်ညင်သာာသာပဲ ပြုလုပ်ပါ။

စိုက်ထုပ်က အဖြူရောင်တွေဖြစ်ပါတယ်။

ဝါဖန့်ဖန့်အရောင်တွေမြင်ရရင်တော့ ဒါဟာ အပူလောင်တဲ့ လက္ခဏာလို့ သိနိုင်ပါတယ်။

ဒီလို လက္ခဏာတွေမြင်ရရင် မှိုထွက်ဖို့ကိုတော့ ပုံမှန်ရက်ထက် အနည်းငယ်ပိုစောင့်ရပါလိမ့်မယ်နော့် ။

နေ့စဉ် ရေမှန်မှန်လောင်းတာမျိုး၊ မှိုကြိုက်တဲ့ အနေအထားတွေ ပုံမှန်လုပ်ပေးလိုက်ရင် ပြန်ဖြူလာကြပါလိမ့်မယ်ရှင်။ 

၂) ကော်လံ ဖြုတ်ရမှာလား၊ ဓားခွဲရမှာလား။

ဒါကတော့ စိတ်ကြိုက်ပါ။ သဘောတရားကတော့ မှိုက လေရှူလို့ရတဲ့နေရာကို တိုးထွက်လာမှာဖြစ်ပါတယ်။ စက္ကူက လေဝင်နိုင်တာဖြစ်လို့ စက္ကူအုပ်ထားတာကို မချွတ်လည်းရပါတယ်။ မှိုက တိုးထွက်လာမှာဖြစ်ပါတယ်။ စက္ကူစအုပ်ထားတာမို့ အခြားမလိုလားအပ်တဲ့ ပိုးဝင်ရောက်ခြင်းကို သက်သာစေပါတယ်။ 

ဒီနေရာမှာ သတိပြုရမှာကတော့ 

ဓားခွဲ ဒါမှမဟုတ် ကော်လံ ချွတ်ပြီဆို ရေလောင်းတဲ့အခါ ရေမှုန်ရေမွှားသာပေးပါ။ အကြောင်းကရော စိုက်ထုပ်ထဲကိုရေတွေဝင်တာများတဲ့အခါ စိုက်ထုတ်ထဲက ဖြည့်စွက်စာတွေက အချဉ်ပေါက်ပြီး ပိုးတွေလာစေတတ်လို့ပဲဖြစ်ပါတယ်။

သူ့နည်းနဲ့သူ အားသာချက် အားနည်းချက်တွေရှိကြပါတယ်။

ထိပ်ဖွင့်စိုက်မယ်ဆိုရင်တော့ ရေလောင်းနည်းစနစ်က ရေမှုန်ရေမွှားဖြစ်ရမှာပါ။ ရုံသန့်ရှင်းရေးအတွက် စိုက်ခန်းအတွင်းအပြင် သန့်ရှင်းရေးကိုတော့ မစိုက်ခင်ကတည်းက စီစဉ်ရမှာဖြစ်ပါတယ်။ 

ကော်လံမချွတ်ဘဲစိုက်မယ်ဆိုရင်တော့ ရေကို ရေမှုတ်၊ ရေခွက်တို့နဲ့ လောင်းနိုင်ပါတယ်။

ဖြေးဖြေးနဲ့မှန်မှန်ပဲ မှိုက တစ်နေရာတည်းက ထွက်ပြီး အပွင့်ချောချောလှလှရရှိနိုင်ပါတယ်။ အားနည်းချက်ကတော့ အချိန်ယူတဲ့  စိုက်နည်းဖြစ်တာကြောင့် ရေတိုမှာ စိတ်ရှည်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အထွက်နှုန်းအတွက် စိုက်ထုတ်အရေအတွက် စီမံခန့်ခွဲတာ၊ ဘယ်အချိန်ထပ်ယူမယ် စသည်ဖြင့် ကြိုတင်ပြင်ဆင်ဖို့တော့ လိုလာပါလိမ့်မယ်။ ဒီလိုနည်းနဲ့စိုက်မယ်ဆို စိုက်ထုပ်တွေက အနည်းဆုံး ၆ လကျော်တဲ့ အထိ မှိုပွင့်ယူနိုင်မှာဖြစ်ပါတယ်။

ဒါကတော့ အပိုဝင်ငွေရဖို့ စိူက်ပျိုးကြသူတွေအတွက်ပါရှင်။ ရေတိုနည်းနဲ့ ရေရှည်နည်း ဆိုပါတော့ ။

ကိုယ့်ဒေသရဲ့ အပူချိန် အပေါ် မူတည်ပြီး အဆင်ပြေဆုံးဖြစ်မယ့်နည်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ပူအိုက်စွတ်စိုဒေသတွေမှာတော့ ရေမှုန်ပေးမယ်ဆို အကြိမ်‌ရေမကြာခဏလိုအပ်တာကိုလည်း သတိတရနဲ့ ကြိုတင်ပြင်ဆင်ရပါမယ်။

ပူအိုက်စွတ်စိုဒေသတွေမှာ ပိုးတွေ ဇီဝမျိုးစိတ်တွေ ပေါတာမို့ ရေတိုက်ရိုက်လောင်းမယ်ဆို အေးမြနေတဲ့နေရာမို့ အခြားသက်ရှိတွေလည်း ကြိုက်တယ်ဆိုတာကို သတိပြုရဦးမှာဖြစ်ပါတယ်။

ရေချိုးခန်း၊ မီးဖိုခန်း ၊ အိမ်ရဲ့ တစ်နေရာရာမှာ အနည်းငယ်စိုက်ကြသူတွေအတွက်ကိုတော့ နောက်အပိုင်းမှာ ပြောပြပေးသွားပါဦးမယ် ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်