ငွေနှင်းမှိုစိုက်ဖို့ ဘယ်က စ ရမလဲ-၂ (မှိုထုပ် ရေလောင်းနည်း)

15/09/2023 11:00 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

ဒီတစ်ပတ်ဆွေးနွေးမှာကတော့ ကျွန်မတို့ခြံမှာ စိုက်ထုပ်ဝယ်သူတွေ အမေးများတဲ့ ရေလောင်းနည်းစနစ်အကြောင်းပဲဖြစ်ပါတယ်။

အရင်တစ်ပတ်မှာတော့ ငွေနှင်းမှိုစိုက်ထုပ်တွေကို ရေလောင်းတဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး အနည်းငယ် အစပျိုးခဲ့ပါတယ်။

 ရေလောင်းနည်းစနစ်က စိုက်ထုတ်ကို ဓားခွဲမှာလား၊ ထိပ်ဖွင့်မှာလား၊ မဖွင့်ဘူးလားဆိုတဲ့ အကြောင်းအရာတွေနဲ့လည်းဆိုင်နေလို့ဖြစ်ပါတယ်။

ငွေနှင်းမှိုစိုက်ထုပ်တွေကို ရေလောင်းတဲ့အကြောင်းပြောကြမယ်ဆိုရင် -

ရေလောင်းခြင်းက လေထုအစိုဓာတ်မြင့်အောင်လုပ်ပေးခြင်းနဲ့  အပူချိန်လျှော့ချခြင်းသာဖြစ်တယ်ဆိုတာကို သိထားရပါမယ်ရှင်။

စိုက်ထုပ်ထဲမှာ မှိုလိုအပ်တဲ့ရေက ပါဝင်ပြီးသားဖြစ်ပါတယ် ။

စိုက်ထုပ်ရဲ့ အတွင်းကို ရေတွေလောင်းထည့်တာမျိုး မလုပ်ရပါဘူးနော်။

တစ်ခါလောက်လုပ်မိတာက အဆင်ပြေနိုင်ပေမယ့် နေ့တိုင်းဒီလိုပုံစံနဲ့ လုပ်မိရင်

**စိုက်ထုပ်အတွင်းထဲက အစာတွေက ရေတွေစိုအိလာတဲ့အခါ အချဉ်ပေါက်တဲ့အနံ့ဖြစ်နိုင်တာမို့ ပိုးတွေလာအောင်စွဲဆောင်သလိုဖြစ်စေတာကို သတိပြုသင့်ပါတယ်။**

ပိုးဆိုလို့ ကြီးကြီးမားမားလို့ မထင်လိုက်ပါနဲ့။ မှိုထုပ်တွေမှာ ကျရောက်လေ့ရှိတဲ့ ပိုးတွေက ခြင်လို အကောင်တွေ၊ သီးထိုးယဉ်လိုအကောင်တွေပဲ ဖြစ်ပါတယ်။ ဒီလိုအကောင်တွေရဲ့ သားလောင်းက မှိုမျှင်ကို စားသုံးကြတာဖြစ်ပါတယ်။( နောက်တစ်ပတ်မှာ ပိုးတွေအကြောင်း သီးသန့်ရေးပေးပါမယ်ရှင်)

ရေလောင်းနည်းစနစ်မမှန်ခြင်းက စိုက်ထုပ်တွေထဲ ရေဝင်ကာ မြန်မြန်သက်တမ်းကုန်စေတာမို့ စစိုက်တော့မယ်ဆိုကတည်းက စီစဉ်သင့်တဲ့ အဓိကအချက်တစ်ချက် ဖြစ်ပါတယ်။

ရေချိုးခန်း/ မီးဖိုမှာ စိုက်ကြသူတွေဆို ပန်းပင်ရေဖျန်းတဲ့ဘူးလေးနဲ့ ရေမှုန်ရေမွှားပေးရုံနဲ့ အဆင်ပြေနိုင်ပါတယ်။

ရေချိုးခန်းကျယ်ကျယ်ရှိလို့ ရေချိုးခန်းထဲမှာထားမယ်၊ ဘေးနားမှာလည်း ရေတွေရှိနေပြီး အေးနေတယ်။ ရေချိုးတိုင်းလည်း ရေလောင်းပေးသလိုဖြစ်နေမယ်ဆိုရင်တော့ ဘာမှ အထွေထူးလုပ်စရာမလိုပါဘူးရှင်။ လူမဝင်တဲ့အချိန် ရေချိုးခန်းတံခါးဖွင့်ထားပေးရုံပါပဲ။ 

ရေစိုဝတ်လေး အနားထားပေးရုံနဲ့ အဆင်ပြေပါတယ်။

 အေးတဲ့ဒေသတွေမှာဆို ရေချိုးခန်းထဲထားရုံနဲ့ သူ့အလိုလိုပွင့်နိုင်ကြသူတွေပါ။

ပူတဲ့ဒေသတွေဆိုရင်တော့ ရေချိုးခန်းက လေဝင်လေထွက်မကောင်းတာ ရှိနိုင်လို့ သတိပြုပါနော်။

အထုပ်ရေ ၃၀-၅၀ နဲ့အထက် စိုက်တဲ့သူတွေအတွက်ကတော့ ပုံမှန် ဂရုစိုက်မှုလေးလိုအပ်ပါတယ်။

ထားစရာနေရာပြင်ပြီး ရေလောင်းတဲ့အခါ ပူတဲ့ရာသီဆို နံရံတွေကိုပါ ရေလောင်းပေးရပါလိမ့်မယ်။

ရေမှုန်ရေမွှားခဏခဏပေးတာကို ကြိုက်ကြပြီး ကိုယ်က လူအင်အားမနိုင်ရင်တော့ စက်ပစ္စည်းအကူအညီကိုသုံးနိုင်ပါတယ်။ 

အရင်းအနှီးနည်းနည်းနဲ့ အဆင်ပြေချင်ရင်တော့ 

  • သစ်ပင်ကြီးကြီးတစ်ပင်ရဲ့ အရိပ်အောက်မှာ မှိုရုံဆောက်ထားတာ၊
  •  လေထုစိုထိုင်းစများအောင် ရေအိုးရေခွက်တွေ အနားရွှေ့ထားပေးတာ၊ 
  • ရေစိုဝတ်တစ်ခုခုကို အနားမှာ လှန်းထားပေးတာမျိုးတွေ လုပ်လို့ရပါတယ်။

ကျွန်မတို့လည်း ဒီလိုနည်းကို သုံးတာ အဆင်ပြေပါတယ်။

ထိပ်ဖွင့်ထားတဲ့အထုပ်တွေဆိုရင်တော့ ရေမှုန်ရေမွှားပေးတာကသာ အဆင်ပြေဆုံးဖြစ်ပြီး ထိပ်မဖွင့်ထားရင်တော့ လက်နဲ့ ရေခွက်နဲ့လောင်းလည်း အဆင်ပြေပါလိမ့်မယ်။ ဒီနည်းမှာတော့ ရေတွေ အိုင်ဖြစ်မသွားအောင် စိုက်ခန်းရဲ့ကြမ်းပြင်ကို ဂရုစိုက်ရပါလိမ့်မယ်ရှင်။

ရေလောင်းစနစ်ကို ခေတ်မီနည်းပညာ (IOT- Internet of things) တွေနဲ့ ရေမှုန်ရေမွှားစနစ်တပ်တာမျိုးတွေအထိ ငွေနှင်းမှိုစိုက်ပျိုးရေးမှာပြုလုပ်နိုင်ပါတယ်။

တစ်ဖက်မှာလည်း ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ဖို့ ရေဂျိုင့်၊ ရေပုံး၊ ရေခွက်နဲ့သုံးပြီး လက်နဲ့လောင်းရုံဖြင့်လည်း ငွေနှင်းမှိုကို အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ပါတယ်။

လေထုစိုထိုင်းစမြှင့်ပေးတဲ့နည်းတွေ၊ အပူချိန်လျှော့ချပေးတဲ့နည်းတွေက ကိုယ့်ဒေသနဲ့ အကိုက်ညီဆုံး ကိုယ့်ဒေသမှာ ပေါပေါများများရတဲ့အရာတွေကိုသုံးပြီး တီထွင်ကြံဆတာက အကောင်းဆုံးပါ။

ခေတ်မီနည်းပညာတွေ ဖွံ့ဖြိုးနေပေမယ့် ဒေသအသိကြွယ်ဝမှုတွေက ငွေနှင်းမှိုစိုက်ပျိုးရေးမှာ များစွာအထောက်အကူပြုပါတယ်။ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ရေရှည်အတွက်လည်း အဆင်ပြေဆုံးဖြစ်မယ့် ရေလောင်းစနစ်ကို အသုံးပြုနိုင်ကြပါစေရှင်။

ဒါဆိုရင်တော့ စိုက်ပျိုးဖို့ စိတ်ဝင်စားသူတွေ ဘယ်ကစ စီစဉ်ရမလဲဆိုတာ  ချိန်ဆနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှာတော့ တစ်ပွင့်ပွင့်ပြီး နောက်ထပ်တစ်ပွင့်မြန်မြန်ပွင့်ဖို့ ဘယ်လိုပြုစုရမလဲ၊ ဘယ်လိုခူးရမလဲဆိုတာ ဆွေးနွေးရအောင်နော်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်