အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း

14/05/2026 13:50 PM တွင် Wah Wah Lwin Wah Wah Lwin မှ ရေးသား ပြီး OWSD-Myanmar OWSD-Myanmar မှ ပေးပို့ထားပါသည်။

အင်္ဂလိပ်အမည် Onion နှင့် သိပ္ပံအမည် Allium cepa ဖြစ်ပြီး Amaryllidaceae မျိုးရင်းဝင် သီးနှံတစ်မျိုး ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝှမ်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဖြစ်ပြီး၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း များစွာစိုက်ပျိုး ထုတ်လုပ်ခဲ့ကြသည်။

ရာသီဥတု

ကြက်သွန်နီသီးနှံသည် အအေးပိုင်း၊ အပူပိုင်းနှင့် အပူသမပိုင်း ရာသီဥတုအခြေအနေများတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းသည်။ အပင်ပိုင်းကြီးထွားရန် အပူချိန် (၁၃ - ၂၄) ဒီဂရီစင်တီဂရိတ်နှင့် ကြက်သွန်ဥ ဖြစ်ပေါ်စေရန် (၁၆ -၂၅) ဒီဂရီစင်တီဂရိတ် လိုအပ်သည်။ အသင့်လျော်ဆုံးအပူချိန်မှာ (၁၅ - ၃၀) ဒီဂရီ စင်တီဂရိတ်အတွင်း ဖြစ်သည်။ အပင်ကောင်းစွာကြီးထွားနိုင်ရန် စိုထိုင်းဆ (၇၀%) ခန့် လိုအပ်သည်။

မြေအမျိုးအစား

သဲဆန်သောသမမြေ၊ ရွှံစေးမြေ၊ နုံးမြေစေး အစရှိသဖြင့် မြေအမျိုးအစားမျိုးစုံလင်စွာ စိုက်ပျိုးနိုင်သည်။ သင့်လျော်သော pH မှာ (၆.၀ - ၇.၅) ဖြစ်ပြီး pH အနည်းငယ်မြင့်သော မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ pH နိမ့်လွန်း၊ မြင့်လွန်းသောမြေ၊ ဆားပေါက်မြေနှင့် ရေဝပ်သောမြေများတွင်မူ စိုက်ပျိုးရန် မသင့်လျော်ချေ။

ပျိုးထောင်ခြင်း

ပျိုးဘောင်ပြုလုပ်ရန် ထယ်ရေးနက်နက် (၂ - ၃) ကြိမ်ခန့်ဖြင့် မြေသားညက်နေအောင် ထွန်မွှေပေးရမည်။ ကြက်သွန်တစ်ဧကစာ ပျိုးခင်းအကျယ်အဝန်းမှာ (၀.၀၅) ဧကရှိရမည်။ (၁၈ပေx၃ပေ) ပျိုးဘောင်အတွက် သဘာဝမြေဩဇာ (၁၂၀) ကီလိုဂရမ်နှင့် တီစူပါ (၁၂၀) ဂရမ် တို့ကို သမအောင် ရောမွှေထည့်သွင်းပါ။ 

မျိုးစေ့များကို တန်းကြားအကွာအဝေး(၆) လက်မနှင့် အနက်(၀.၅) လက်မတွင် အတန်းလိုက်ချပြီးနောက် နွားချေးနှင့်မြေကြီးအရောအနှောဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးပါ။ တစ်ဧကလျင် မျိုးစေ့ (၀.၈ - ၁.၂) ကီလိုဂရမ် (သို့)(၂ - ၄) ပြည်နှုန်း အသုံးပြုရမည်။ မျိုးစေ့ဆောင်နှင့် မြေဆောင်ရောဂါများမှ ကာကွယ်နိုင်ရန် မျိုးစေ့ (၁) ကီလိုလျင် Thiram (သို့) Captan (သို့) Carbendazim ဆေးတစ်မျိုးမျိုးကို (၂ - ၃) ဂရမ်နှုန်းဖြင့် လူးနယ်ပြီးမှ ပျိုးထောင်ပါ။ ပြီးနောက် ပျိုးဘောင်ကို သစ်ရွက်၊ ကောက်ရိုး စသည်ဖြင့် ဖုံးအုပ်ပါ။

ပျိုးထောင်ပြီး(၅ - ၈) ရက်မှ မျိုးညှောင့်ပေါက်ချိန်အထိ ရေပါးပါးပုံမှန်လောင်းပေးပါ။ ပျိုးသက် (၁) လတွင် (၁၈ပေ x ၃ပေ) ပျိုးဘောင်တစ်ဘောင်လျင် ယူရီးယား နို့ဆီဘူး (၂) ဘူးထည့်သွင်းပါ။ ရေမှုန်ရေမွှားစနစ်၊ ရေပန်းစနစ်တို့ဖြင့် ရေပေးသွင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

မြေပြင်ခြင်း

ပေါင်းမြက်၊ အမှိုက်သရိုက်စသည် ဖယ်ရှားရန်နှင့် ထယ်စာခဲများချေဖျက်နိုင်စေရန် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ဆောင်ရွက်ရပါမည်။ စိုက်ဘောင်အကျယ်မှာ အလျား (၁၃ - ၁၈) ပေ နှင့် အနံ (၃ - ၆) ပေဖြစ်ပြီး စိုက်ဘောင်နှစ်ခုကြား အကွာအဝေးအနည်းငယ် ချန်လှပ်ထားရှိရမည် ဖြစ်သည်။ 

ရွှေ့ပြောင်းစိုက်ပျိုးခြင်း

ကြက်သွန်နီမျိုးကွဲ၊ စိုက်ပျိုးချိန်တို့အပေါ်မူတည်ပြီး ပျိုးသက် (၃၀ - ၅၅) ရက်၊ ပျိုးပင်အရွက် (၃ - ၅) ရွက် နှင့် ပင်စည်အရွယ်အစား ခဲတံလုံးခန့်ရှိချိန်တွင် ပြောင်းရွှေ့စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် အမြစ်ထိခိုက်မှုမရှိဘဲ ပျိုးနှုတ်ရလွယ်ကူစေရန် မရွှေ့ပြောင်းမီ (၃ - ၄) ရက်တွင် ရေပါးပါးသွင်းပေးရမည်။ မှိုရောဂါကျရောက်မှုမှကာကွယ်ရန် ပျိုးပင်အမြစ်များကို Carbendazim (1gm) နှင့် Carbosulphan (2ml) ‌ရောစပ်ထားသော ရေတစ်လီတာတွင်စိမ်၍ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ အပင်အကွာအဝေး (၁၅ x ၁၀) စင်တီမီတာ၊ မျိုးစေ့အတိမ်အနက် (၁) လက်မတွင် တစ်ဧကအပင်ဦးရေ (၅ - ၇) သိန်းကျော် ဝင်ဆံ့အောင် စိုက်ပျိုးရမည်။ 

သွင်းအားစု ထည့်သွင်းခြင်း

ကြက်သွန်နီသည် အာဟာရလိုအပ်ချက်များသော သီးနှံဖြစ်သဖြင့် တစ်ဧကလျှင် သဘာဝမြေဆွေး (၆) တန် (သို့) နွားချေး / တီကျစ်မြေဩဇာ (၃) တန် (သို့) ယူရီးယား (၁၀၀) ကီလို၊ တီစူပါ (၁၀၀) ကီလိုနှင့် ပိုတက်ရှ် (၅၀) ကီလိုနှုန်း ထည့်သွင်းရမည်။ မြေခံအနေဖြင့် ယူရီးယားစုစုပေါင်း၏ (၁/၃) ၊ တီစူပါ နှင့် ပိုတက်ရှ်အားလုံး ထည့်သွင်းကာ ကျန်ယူရီးယား (၂/၃) ကို စိုက်ပျိုးပြီး (၃၀) ရက်နှင့် (၄၅) ရက်တွင် အညီအမျှခွဲဝေအသုံးပြုရပါမည်။ တစ်ဧကလျှင် ဆာလဖာမြေဩဇာ (၁၂) ကီလိုဂရမ်ခန့် လိုအပ်သည်။

ပေါင်းမြက်ရှင်းလင်းခြင်း 

ပေါင်းမြက်ထူထပ်ခြင်းသည် ကြက်သွန်နီအထွက်နှုန်း ကျဆင်းစေနိုင်သဖြင့် အထူးဂရုပြုရပါမည်။ ဈေးကွက်ဝင် အရွယ်အစားများရရှိနိုင်ရန် အပင်ကြီးထွားမှု အစောပိုင်းကာလဖြစ်သော ပြောင်းရွှေ့စိုက်ပြီး (၄၀ - ၆၀) ရက်အတွင်း လက်ပေါင်းလိုက်ခြင်း ဆောင်ရွက်ရပါမည်။ ပေါင်းမြက်ရှင်းလင်းရာတွင် အပင်အမြစ်ထိခိုက်မှုမရှိစေရန် သတိပြုရပါမည်။ 

ရေသွင်းခြင်း

စိုက်ပျိုးထုတ်လုပ်မှု ကာလတစ်လျှောက် မကြာခဏရေပေးသွင်းရပါမည်။ ရွှေ့ပြောင်းစိုက်ပျိုးချိန်နှင့် စိုက်ပျိုးပြီး (၃) ရက်မြောက်တွင် အစိုဓါတ်ရရှိရန် အလွန်အရေးကြီးသည်။ မြေအမျိုးအစား၊ ရာသီဥတုနှင့် မြေအစိုဓါတ်အပေါ်မူတည်၍ တစ်ပတ်လျှင်တစ်ကြိမ် ရေပေးသွင်းရမည်။ အပင်ကြီးထွားမှုအဆင့်အလိုက် ရေလိုအပ်ချက်မှာလည်း မြင့်တက်လာလေ့ရှိသည်။ ရေငတ်ဒဏ်ခံရသောအပင်များတွင် အရွက်များ မှိုင်းပြာပြီး နွမ်းခြောက်သွားသည်။ မရိတ်သိမ်းမီ (၁၀ - ၁၅) ရက်အလိုတွင် ရေပေးသွင်းမှုရပ်တန့်ရပါမည်။ ရေမှုန်ရေမွှားစနစ်၊ ရေပန်းစနစ်တို့ဖြင့် ရေပေးသွင်းခြင်း နည်းလမ်းများသည် သင့်လျော်ကောင်းမွန်သည်။

ရိတ်သိမ်းခြင်း

ကြက်သွန်နီမျိုးကွဲအလိုက် အပင်သက်တမ်း (၉၀ - ၁၅၀) ရက်အတွင်း ရိတ်သိမ်းလေ့ရှိသည်။ အချို့ စပ်မျိုးများသည် သက်တမ်း (၉၀) ရက်ထက်စောလျင်စွာ ရိတ်သိမ်းနိုင်သည်။ ကြက်သွန်နီအရွက်၏ (၇၅%) ခန့် အရွက်ထိပ်အရောင်ပြောင်းလဲကာ ခြောက်သွေ့လဲကျနေပါက ရိတ်သိမ်းရန်သင့်လျော်သော အချိန်ဖြစ်သည်။ ရိတ်သိမ်းပြီး ကြက်သွန်နီအပင်များကို စိုက်ခင်းအတွင်း (၃ - ၅) ရက်ခန့်ထားရှိကာ လေသလပ်အခြောက်ခံရပါမည်။  ထို့နောက် အမြစ်နှင့်အရွက်များကို ကြက်သွန်ဥမှ (၁) လက်မခန့်အကွာ လှီးဖြတ်ပါ။ အတန်းအစားခွဲခြားပြီးနောက် ဈေးကွက်အရည်အသွေးပြည့်မီသော ကြက်သွန်နီဥများကို    (၂ - ၄) ပေအမြင့်ခန့်စုပုံ၍ (၁၀ - ၁၂) ရက်ကြာထားခြင်းဖြင့် သိုလှောင်သက်တမ်းရှည်ကြာစေနိုင်သည်။ 

မှော်ဘီသူ (စိုက်ပျိုးရေး)

OWSD-Myanmar

ကျမ်းကိုးအညွှန်း_

https://dogr.icar.gov.in/images/ebook/ebookdogr.pdf

https://www.jica.go.jp/project/english/kenya/015/materials/c8h0vm0000f7o8cj-att/materials_20.pdf

ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

OWSD-Myanmarမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်