ရေချိုငါးမုတ် အသားတိုးမွေးမြူနည်း

06/09/2024 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရေချိုငါးမုတ်ငါးမျိုးများသည် အစုံစားသောငါးမျိုးဖြစ်ပြီး အသားတိုးနှုန်းကောင်းမွန်၍ မြေကန်များနှင့် မွေးမြူနိုင်ပါသည်။ အသားမာပြီး အရသာရှိသောကြောင့် စီးပွားဖြစ်မွေးမြူသင့်သော ငါးမျိုးဖြစ်သည်။ ရေချိုမွေးမြူရေးငါးများတွင် ကြီးထွားနှုန်းအကောင်းဆုံးငါးမျိုး ဖြစ်ပါသည်။ 

မြေနေရာ၊ မြေအမျိုးအစားရွေးချယ်ခြင်း

ရေချိုငါးမုတ်မွေးမြူသော မြေနေရာသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စျေးကွက်နှင့်နီးသောနေရာ ဖြစ်ရမည်။ တစ်နှစ်ပတ်လုံး ရေအလွယ်တကူရရှိနိုင်သောနေရာ ဖြစ်ရမည်။ ရွှံ့စေး(သို့)ရွှံ့နုန်းမြေအမျိုးအစားကို ရွေးချယ်သင့်ပါသည်။ ထုံးဓာတ်များသောရေသည် ပြုပြင်ရန်လိုအပ်သဖြင့် ကုန်ကျစရိတ်များသောကြောင့် မရွေးချယ်သင့်ပေ။

ကန်တူးဖော်ခြင်း

ရေချိုငါးမုတ်မွေးမြူရန် အနည်းဆုံး ရေအနက် ၄ပေ လိုအပ်ရာ မြေသားအနက် ၄ပေတူးဖော်ရန် လိုအပ်ပါသည်။ ရေနက်ကွင်းဒေသများတွင် အလယ်၌ကျောက်ပျဥ်ခံပြီး ဘေးပတ်လည်၌ ပတ်မြောင်းတူးကာ ကန်ဘောင်အမြင့် ၇ ပေ မှ ၈ ပေအထိ ခိုင်ခံ့စွာ ပြုလုပ်မွေးမြူနိုင်ပါသည်။

ရေသွင်းရေထုတ်ပြုလုပ်ရန် ရေတံခါးများစနစ်တကျ ပြုလုပ်ရမည်။ ငါးများပြန်လည်ဖမ်းဆီးရာ၌ လွယ်ကူစေရန် ကန်အောက်ခြေ၌ ရေထုတ်ပေါက်ဖက်သို့ ဆင်ခြေလျှော တူးဖော်ပေးရမည်။

ကန်အရွယ်အစား

ရေချိုငါးမုတ် စီးပွားဖြစ်မွေးမြူရန် ၀.၅၀ ဧကမှ ၂ ဧကရှိသော ကန်များတူးဖော်သင့်ပါသည်။

ကန်ပြင်ဆင်ပုံ အဆင့်ဆင့်

ရေချိုငါးမုတ်မွေးမြူသောကန်သည် ကန်အသစ်ဖြစ်ပါက ဖောက်ထုံး၊ မဖောက်ထုံး၊ ဒိုလိုမိုက်၊ ကယ်လစီယမ်ကာဗွန်နိတ်တို့ကို အသုံးပြုနိုင်သည်။ အသုံးပြုရာတွင် ရေ၏pH ပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာ ၃၀ မှ ၁၀၀ အထိသုံးနိုင်သည်။

ထုံးထည့်ပြီး တစ်ပတ်အကြာတွင် တစ်ဧကလျှင် နွားချေး၊ ဝက်ချေး၊ ကြက်ချေး/သဘာဝမြေသြဇာများကို ပိဿာ ၁၅၀ ခန့် ထည့်ပေးရမည်။ အကယ်၍ သဘာဝမြေသြဇာများ လုံလောက်စွာမရရှိပါက ဓာတ်မြေသြဇာအဖြစ် ယူရီးယား၊ တီစူပါ၊ ပိုတက်ဓာတ်ဆားများကို ၂ : ၃ : ၁ အတိုင်း တစ်ဧကလျှင် ၅ဝ ကီလိုဂရမ်မှ ၂၂၅ ကီလိုဂရမ်အတွင်း ထည့်သွင်းအသုံးပြုနိုင်သည်။

ထို့နောက် ရေ၄ပေခန့်အထိ ထည့်သွင်းပေးရသည်။ တစ်ပတ်မှ ၁၀ ရက်ခန့်အထိအကြာတွင် ကန်ရေမှာ ကြည်စိမ်းလာပါက ​ရေချိုငါးမုတ်သားပေါက်များ ထည့်သွင်းမွေးမြူနိုင်မည် ဖြစ်ပါသည်။

ရေချိုငါးမုတ်မွေးမြူရေးကန်သည် ကန်အဟောင်းဖြစ်ပါက ကန်အတွင်းရှိ ရေအားလုံးကို ထုတ်ပစ်၍ ငါးရိုင်းများကုန်စင်အောင် ရှင်းလင်းသုတ်သင် ပေးရသည်။ ရေကိုစစ်၍ သွင်းပေးရမည်။ ရေထည့်ပြီး ၁၀ ရက်ခန့်အကြာ ကန်ရေစိမ်းလာပါက ငါးသားပေါက်များ စတင်ထည့်သွင်းမွေးမြူနိုင်ပါသည်။

ငါးသားပေါက် ထည့်သွင်းနှုန်း

ငါးကန်တစ်ဧကလျှင် ရေချိုငါးမုတ်သားပေါက်ကောင် ရေ ၃၀၀၀ မှ ၅၀၀၀ အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။ မွေးမြူသောငါးများသည် အရွယ်အစားညီမျှရမည်။ အခြားငါးများနှင့် ရောနှောမွေးမြူမည်ဆိုပါက ငါးဖျန်းအရွယ်များကိုသာ ထည့်သွင်းမွေးမြူသင့်ပါသည်။ သီးသန့်မွေးမြူပါက ပိုမို သင့်လျော်ပါသည်။

အစာအမျိုးအစားနှင့် အစာကျွေးနှုန်း

မွေးမြူထားသော ရေချိုငါးမုတ်များကို ဖွဲနု၊ ပဲဖတ်၊နှမ်းဖတ်နှင့် တိရစ္ဆာန်အူများ၊အစာကြွင်း အစာကျန်များနှင့် အသားများကိုလည်း ကျွေးမွေးနိုင်ပါသည်။ အထူးစပ်စာအဖြစ် ဖွဲနု ၅၀ % ၊ ပဲဖတ် ၃၀ % နှင့် ငါးကြေမှုန့် ၂၀ % တို့အား ရေဖြင့်ရောနယ်ပြီး အလုံးများပြုလုပ်၍ ကျွေးမွေးနိုင်ပါသည်။ 

ကန်အတွင်းတွင်ရှိသော ငါးစုစုပေါင်းအလေးချိန်၏ ၅% မှ ၈% အထိ နေ့စဥ်တွက်ချက်ကျွေးမွေးနိုင်ပါသည်။ ရေချိုငါးမုတ်ငါးမျိုးသည် အစုံစားငါးမျိုးဖြစ်သဖြင့်  ကျွေးမွေးသော အစာအကြွင်းအကျန်များကြောင့် ကန်ရေညစ်ညမ်းလျှင် ရေလဲလှယ်ပေးရန် လိုအပ်ပါသည်။

ကြီးထွားနှုန်း

ရေချိုငါးမုတ်များကို အာဟာရပြည့်ဝသောအစာကိုကျွေး၍ စနစ်တကျ မွေးမြူမည်ဆိုပါက တစ်နှစ်တွင် ၁ ပိဿာ မှ ၂ ပိဿာအထိ ကြီးထွားနိုင်ပါသည်။

အဖတ်တင်နှုန်း 

ရေချိုငါးမုတ်  ငါးသားပေါက်များကို ၁.၅-၂ လက်မငါးသန်အရွယ်သားပေါက်များ စတင်ထည့်သွင်းမွေးမြူပါက ၅၀ % နှင့် ၃လက်မ-၄လက်မ ငါးသန်အရွယ်ထည့်သွင်းမွေးမြူပါက ၇၀ % မှ ၈၀ % အဖတ်တင်နှုန်း ရရှိနိုင်ပါသည်။ 

ငါးလုပ်ငန်းဦးစီးဌာန၏ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုများ

ရေချိုငါးမုတ် ငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာန၊ငါးသားဖောက် စခန်းများမှ လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေချိုငါးမုတ်မွေးမြူရေးနှင့် ပတ်သက်သည့် နည်းစနစ်များ၊ ကျွမ်းကျင်မှုဆိုင်ရာအကူအညီများ ပံ့ပိုးပေးလျက် ရှိပါသည်။

ရေချိုငါးမုတ်မွေးမြူရန် သင့်လျော်သည့် မြေများနှင့် ရေ၊ မြေတို့၏ ရူပ၊ ဓာတုဆိုင်ရာ အခြေအနေများအား စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံရေမြေနှင့် ကိုက်ညီသည့် ငါးမျိုးအသစ်များ၏ မွေးမြူနည်း၊ သားဖောက်နည်းများအား သုတေသနပြုလျှက် စီးပွားရေးအရ အကျိုးအမြတ်ရှိနိုင်သည့် ငါးမျိုးသားပေါက်များ ထုတ်လုပ်ပေးခြင်း၊ နည်းစနစ်များ ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်