ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဆိုတာ ဘာလဲ

Photo - Dr Aye Aye Mar

မြန်မာနိုင်ငံဟာ စိုက်ပျိုးစီးပွားကို အဓိက အခြေခံတဲ့နိုင်ငံ ဖြစ်ပေမယ့် ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်တွေရဲ့ အရည်သွေးမြင့်ဖို့ လိုအပ်နေပါတယ်။ မြန်မာ့ စိုက်ပျိုးရေး ထွက်ကုန်တွေ အထွက်နှုန်းတိုးပြီး အရည်အသွေး ပြည့်ဝပါမှ ပြည်ပကို တင်ပို့နိုင်ပြီး တောင်သူတွေရဲ့ စားဝတ်နေရေးနဲ့ လူနေမှုဘဝတွေ တိုးတက်လာမှာပါ။
မြန်မာ့စိုက်ပျိုး သီးနှံတွေ အရည်အသွေး ပြည့်မီလာဖို့နဲ့ မြေဆီနဲ့ ပိုးမွှား၊ ရောဂါ ကာကွယ်ဆေး စရိတ်ကို တဖြည်းဖြည်း လျှော့ချလာနိုင်မယ့် ဘက်စုံ သီးနှံ ကာကွယ်ရေးစနစ်နဲ့ ပတ်သက်လို့ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံ ကာကွယ်ရေး ဌာနခွဲမှ အငြိမ်းစား ဒုညွှန်ကြားရေးမှူး ဒေါ်အေးအေးမာကို ဒီဗွီဘီ သတင်းထောက် ရူပါအောင်ဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

(က) ဆရာမအနေနဲ့ ဘက်စုံ သီးနှံ ကာကွယ်ရေး စနစ်ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်ပါသလဲ။

“ဘက်စုံ သီးနှံ ကာကွယ်ရေးစနစ် ဆိုတာ ပိုးသတ်ဆေးချည်းပဲ သုံးတာလည်း မဟုတ်ဘူး။ သဘာဝ နည်းပညာချည်းပဲလည်း မဟုတ်ဘူး၊ ပိုးသတ်ဆေးလည်း ပါချင်ပါမယ်၊ သဘာဝ နည်းပညာလည်း ပါမယ်။ စိုက်ပျိုးနည်း စနစ်တွေလည်း ပါမယ်။ နောက် မျိုးအပြောင်းအလဲ သုံးခြင်းအားဖြင့်လည်း ပါမယ်။ ကြိုတင် ကာကွယ် တားဆီးခြင်း အဲဒီနည်းလမ်း ငါးမျိုးစလုံး ဖြစ်ချင်ဖြစ်မယ်၊ နှစ်မျိုးတည်း ဖြစ်ချင်ဖြစ်မယ်၊ အဲလိုပေါင်းစပ်ပြီး ကာကွယ် နှိမ်နင်းတာ ဘက်စုံကာကွယ်ရေး စနစ်လို့ ခေါ်ပါတယ်။ အဲဒီလို နှိမ်နင်းမှလည်း ရေရှည် တည်တံ့တဲ့ ဘက်စုံကာကွယ်ရေးစနစ် ဖြစ်တယ်။”

(ခ) ဘက်စုံ သီးနှံကာကွယ်ရေး စနစ်ရဲ့ အဓိက ရည်ရွယ်ချက်က ဘာပါလဲ။

“အခုဖြစ်လာတာက တို့စိုက်ပျိုးရေးလောကမှာ ရာသီဥတုတွေ ပြောင်းတယ်၊ ဖောက်ပြန်တယ်၊ အဲဒီခါကျ ပုံမှန် ကျနေကျ ပိုးမွှားတွေ မဟုတ်ဘဲနဲ့၊ out break တွေ ဖြစ်လာတယ်။ အဲတော့ ကျလာတဲ့ ကိုယ်စိုက်ပျိုးထားတဲ့ သီးနှံကို ဖျက်ဆီးတဲ့ ပိုးမွှားရောဂါတွေကို ကာကွယ်တဲ့နေရာမှာ အထိရောက်ဆုံး ဖြစ်အောင်လို့ လူတွေလည်း အထိခိုက် အနည်းဆုံးဖြစ်အောင် ပိုးသတ်ဆေးကို လုံးဝ အားထားတာ မဟုတ်ဘဲ၊ ကျန်တဲ့ အချက်အလက်တွေ၊ စိုက်ပျိုးနည်း စနစ်တွေ၊ ကိုယ့်ရဲ့မျိုးကို အပြောင်းအလဲ လုပ်မယ်၊ တခြား ကိုယ့်ဆီမှာရှိတဲ့ နည်းလမ်းလေးတွေနဲ့ တွဲဖက်ပြီးတော့ သုံးနိုင်ရင် ကုန်ကျစရိတ် အနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်တဲ့ ကာကွယ် နှိမ်နင်းနည်းဖြစ်ဖို့ ရည်ရွယ်တာ။”

(ဂ) တောင်သူတွေက ပိုးမွှားနဲ့ ရောဂါပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ကုန်ကျ စရိတ်လည်း သက်သာအောင် ဘက်စုံ သီးနှံ ကာကွယ်ရေး စနစ်ကို အသုံးချနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးပါ။

“အဓိကက IPM (ဘက်စုံ သီးနှံကာကွယ်ရေးစနစ်)နဲ့ ပတ်သက်တဲ့ နည်းပညာတွေကို အစိုးရ ဌာနတွေကပဲ အများဆုံး လုပ်ပေးတာပေါ့၊ ဒါပေမယ့် အခု NGO အဖွဲ့အစည်းတွေကလည်း ဒီဟာနဲ့ပတ်သက်ပြီး လုပ်တာများတယ်။ အော်ဂဲနစ်တို့ GAP (Good Agriculture Practice) တွဲတွဲပြီးတော့ သဘာဝ Organic ပိုးသတ်ဆေးနဲ့ တွဲတွဲပြီးတော့ လုပ်တာ ရှိတယ်။ တောင်သူတွေပိုင်းက Knowledge ကို သိအောင်၊ အသိပညာ တိုးလာအောင် စာဖတ်ဖို့လို တယ်။ ဒီလို နည်းပညာနဲ့ သက်ဆိုင်တဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့လည်း ဆက်သွယ်ဖို့လိုတယ်။ ဆက်သွယ်တယ် ဆိုတာ အစိုးရဌာနမှ မဟုတ်ဘူး၊ သူတို့ဒေသမှာ ရှိနေတဲ့ NGO လုပ်ငန်းမှာ တာဝန်ခံ လုပ်နေတဲ့ ကလေးတွေ အများကြီး ရှိတယ်။ အဲဒီလို သူတို့ကို သွားပြီးမေးတယ်။ ဥပမာ အော်ဂဲနစ် မြေသြဇာ ဘယ်လိုလုပ်မလဲ၊ အော်ဂဲနစ် ပိုးသတ်ဆေး ဘယ်လိုလုပ်မလဲ၊ မေးလို့ရတယ်။ မြေဆွေး ပြုလုပ်နည်းတွေ၊ အဲဒီမြေဆွေးသုံးစွဲနည်းတွေ ဆိုတာ သင်တန်းပြီး ပြီးရော မဟုတ်ဘူး၊ သူတို့တောင်သူတွေက တကယ် လက်တွေ့ လုပ်လိုက်တဲ့အခါမှာ တကယ် အကျိုးအမြတ်ရှိပြီး၊ ပြင်ဦးလွင်က ပန်းစိုက်တဲ့ တောင်သူတွေ ပန်းစိုက်တဲ့အခါမှာ အများကြီး ရလိုက်တဲ့အခါမှာ သူကိုယ်တိုင် မြေဆွေး လုပ်ရတာကို သဘောပေါက်သွားပြီး သူ့ဟာသူပဲ မြေဆွေးလုပ်တော့တယ်။”

“အဲဒီလိုပဲ IPM အနေနဲ့ သွားမယ်ဆိုရင် IPM ဆိုတာက ဘက်စုံလေ၊ ပိုးသတ်ဆေးချည်းပဲ သွားလို့မရဘူး၊ Natural ကြီးပဲလည်း သွားလို့မရဘူး၊ အဲဒီနှစ်ခုကို တွဲသုံးရတာ၊ အဲဒီနှစ်ခု၊ သို့မဟုတ် သုံး၊ လေးခု တွဲသုံးပြီး အဆင်ပြေတဲ့ ကိုယ့်ဒေသတွင်းမှာ ကုန်ကျစရိတ်လည်း သက်သာရမယ်၊ သုံးလို့လည်း အဆင်ပြေရမယ့် ထိရောက်ရမယ့် နည်းလမ်းကို ရွေးရမယ်။ ရွေးနည်းရွေးပုံက သက်ဆိုင်ရာ မြို့နယ်ဦးစီး ဆိုတာက သူတို့မှာ လုပ်ထုံးလုပ်နည်းလေးတွေက ရှိပြီးသား၊ အဲဒါကို တောင်းပြီးတော့၊ NGO က လူကိုပဲ တောင်းပြီးတော့ ဖြစ်ဖြစ် အဲဒီအလုပ်လေးက လုပ်ကို လုပ်သင့်တယ်။ ပိုးနဲ့ ရောဂါ မကွဲဘူးဆိုတဲ့ ပြဿနာကိုက တော်တော်ကို ဆိုးတာ။ အဲဒီပိုးနဲ့ ရောဂါက လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ဆရာမတို့ ရှင်းပြပေးတာ မကွဲသေးဘူးဆိုရင်တော့ မဟုတ်တော့ဘူး။”

“တောင်သူတွေဘက်က ဘာသိဖို့လိုလဲ ဆိုတော့ ပိုးကျတာလား၊ ရောဂါကျတာလား အခြေခံလောက်ကို ကိုယ့်ဟာကိုယ် သိကိုသိရမယ်။ လာစားနေတဲ့ လောက်ကောင်တွေ မြင်မယ်၊ ဂျပိုးတွေ မြင်မယ်ဆိုရင် ဒါဆိုရင် ပိုးပဲလေ၊ သူ့ဥလေးတွေ မြင်မယ်၊ အကောင်လေးတွေကနေ စွန့်ထုတ်ထားတဲ့ အညစ်အကြေးလေးတွေ မြင်မယ်ဆိုရင် ဒါ ပိုးကောင် သေချာတယ်။ တခါတလေမှာ ပိုးကောင်က တိုက်ရိုက်စားပြီး ဖျက်ဆီးတာရှိသလို၊ ပိုးကောင်ကြောင့်ရတဲ့ ရောဂါက ဝင်လာတာ ရှိသေးတယ် ဆိုတော့ ရောဂါဆိုတာက အကောင်အထည် မဖော်ဘူး။
သူက အရွက်မှာ၊ အပင်မှာ အစက်တွေ၊ အပြောက်တွေ၊ အဲဒီလက္ခဏာက ရောဂါပဲ၊ ဒါပေမယ့် တခါတလေ အဲ့ဒီရောဂါကလည်း ပိုးကြောင့်ဖြစ်တဲ့ ရောဂါလည်း ဖြစ်တယ်။ အဲဒီတော့ ဘယ်ဟာက ရောဂါနဲ့ ပိုးနဲ့ ကွဲရင်ကိုပဲ ဒီဟာက ပိုးသတ်ဆေး သုံးရမယ်၊ ပိုးသတ်ဆေးက အများကြီး သုံးစရာ လိုလား၊ မလိုသေးဘူး ဆိုရင်လည်း မသုံးရဘူး။ မလိုအပ်ဘဲ သုံးရင် ပုစဉ်းတွေ၊ သဘာဝ သားရဲကောင်တွေ ရှိတယ်၊ အဲဒီ သားရဲကောင်တွေ မသေသွားအောင်လို့ ချက်ချင်း ပိုးသတ်ဆေးကို မသုံးနဲ့၊ မိတ်ဆွေပိုးတွေပေါ့၊ မိတ်ဆွေပိုးတွေ မသေအောင် မွေးရမယ်။ မိတ်ဆွေပိုးနဲ့ မနိုင်လောက်ဘူး အနေအထားတခုမှာ ဆိုရင်တော့ ကိုယ့်စိုက်ခင်းလည်း မပျက်စီးခင် သုံးလိုက်ရမယ်။ အဲလိုတော့ လုပ်ရမယ်။ အဲဒီလိုတွေ လုပ်ဖို့က ဒီဘက်က အစိုးရဘက်ကလည်း မနိုင်နိုင်ဘူး၊ NGO တွေဘက်ကလည်း မနိုင်နိုင်ဘူး၊ အဲတော့ သူတို့ဘက်ကလည်း ပါဝင်မှ ရမယ်။ Call Centre တွေ ဖွင့်ပြီ။ Call Centre တွေကို ဖုန်းဆက်ပြီး မေးရမယ်။ ဒီလိုပြဿနာ ဖြစ်နေပါတယ်၊ ဘာလေးတွေတော့ လက္ခဏာလေးတွေ၊ ကိုယ်ကလည်း ကိုယ့်ကွင်းထဲကို ဆင်းပြီးတော့ စိတ်ပါဝင်စားစွာနဲ့ ကြည့်၊ ကိုယ့်ကွင်းက ပုံစံပြောင်းနေ တယ်။ အရင်ဟာနဲ့ မတူဘူး။ အဲဒါဆို ပိုးလား၊ ရောဂါလား ခွဲပေးရမယ်။ အဲဒီလို လုပ်ပေးရမယ်။”

(ဃ) ဘက်စုံ သီးနှံ ကာကွယ်ရေး စနစ်ကို တောင်သူတွေ သိဖို့၊ လိုက်နာ ကျင့်သုံးလာနိုင်ဖို့ ဘယ်လို အသိပညာပေး လုပ်ငန်းတွေ လိုအပ်တယ်လို့ မြင်ပါသလဲ။

“အဲဒါကတော့ သူတို့ကိုယ်တိုင် စာဖတ်ဖို့လည်း လိုတယ်။ တီဗွီတွေ၊ ဗွီဒီယိုတွေက လာရင် လာနားထောင်ဖို့ လိုတယ်။ အဓိက မရှင်းရင် မေးမြန်းဖို့၊ အဓိကပညာရှင်၊ စိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ ပညာရှင်၊ အစိုးရဝန်ထမ်းပဲ ဖြစ်ဖြစ်၊ အပြင်မှာ ပညာရှင်တွေ အများကြီးရှိပါတယ်။ ကြီးသည် ငယ်သည် မဟုတ်ဘူး၊ အခုကလေးတွေက အများကြီးပဲ လက်တွေ့လုပ်နေကြတယ်။ ကျွမ်းကျင်ကြတယ်။ မေးဖို့တော့ လိုမယ်။ မေးဖို့မလွယ်ဘူး ဆိုရင် လက်ကမ်းစာစောင်လေးတွေ၊ တချို့နည်းပညာတွေကို facebook ကနေလည်း ဖတ်လို့ရတယ်။ နည်းပညာလေးတွေ။”

(င) အစိုးရဘက်ကလည်း ဘာတွေ ဆောင်ရွက်ပေးဖို့ လိုအပ်နေပါလဲ။

“သူတို့ အခုလုပ်နေတဲ့ လုပ်ငန်းကို အားပေးရမှာပေါ့။ အားပေးမယ်ဆိုတာ ငွေရေးကြေးရေး အရရော၊ ကျွမ်းကျင် ဝန်ထမ်းလေးတွေကို ပညာပေးပြီးတော့ ခေါ်ပြီး တောင်သူပညာပေး လုပ်ငန်းတွေကို ချဲ့မှာပေါ့။ ဘာလို့လဲဆို တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ပိုးမွှားရောဂါနဲ့ ဆက်စပ်တဲ့ ဆေးခန်းလေး ဖွင့်ထားတယ်။ အဲဒီမှာလည်း သွားပြီး လေ့လာလို့ရတယ်။ အဲဒီကလုပ်တဲ့ သင်တန်းတွေမှာလည်း သူတို့ ပါဝင်လို့ရတယ်။ များသောအားဖြင့် တောင်သူတွေရဲ့သဘာဝက အစိုးရနဲ့ ဆက်စပ်ဖို့ ကြောက်တယ်။ မကြောက်ပါနဲ့၊ မေးပါ၊ ပြောပါ။ အဲဒီအပေါ်မှာ ကိုယ့်ကို ဝန်ထမ်းက ပြေပြေလည်လည် မဆက်ဆံဘူးဆိုရင် ပြောလို့ရတယ်လေ၊ ဝန်ထမ်း အကြီးအကဲကို တိုင်လို့ရတယ်။ ကိုယ့်ဒေသမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ပြောလို့ရတယ်။ သူတို့ စိတ်ဝင်စားဖို့ လိုတယ်။ သူတို့ ဘာလုပ်ရမယ်ဆိုတာ သူတို့ ကိုယ်တိုင်သိဖို့ လိုတယ်။”

(စ) လက်ရှိမှာဆိုရင် စိုက်ပျိုးရေးဦးစီးဌာနက ဒီအတွက် သင်တန်းတွေပေးနေတာလည်း ရှိတယ်။ ဒါပေမယ့် ဝန်ထမ်းအင်အား လိုအပ်ချက်တွေ၊ ဘတ်ဂျက်လိုအပ်တာတွေ ရှိတဲ့အတွက် စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ ဘာတွေထပ်ပြီး ဆောင်ရွက်ပေးဖို့ လိုအပ်မလဲ။

“သူတို့လည်း ထပ်ပြီး ဝန်ထမ်းခန့်ဖို့ရှိတယ်လို့ ကြားတယ်။ နောက်တခုက ဘတ်ဂျက် အနေနဲ့က တခြား ဘတ်ဂျက်တွေကိုတော့ ဖြတ်ချင်ဖြတ်မှာပေါ့လေ၊ ဒီပညာပေး လုပ်ငန်းခေါင်းစဉ်ပေါ်မှာတော့ ဘတ်ဂျက် မဖြတ်ဘူးလို့ ဆရာမ ထင်တယ်။ ဘာပဲပြောပြော တိုင်းဒေသကြီးအလိုက် ရန်ပုံငွေတွေ ရှိတဲ့အခါကျတော့ အစိုးရဌာနတွေကလည်း ပံ့ပိုးပေးဖို့ လိုတယ်။ ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့က စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးတွေ ရှိတယ်လေ။ သူတို့ဆိုရင် အဲ့ဒီဘက်မှာ အားပေးပြီးတော့ လုပ်နေကြတာရှိတယ် ဆိုတော့ အဲဒီလို လုပ်သွားရမှာပဲ။”

(ဆ) လက်ရှိ အစိုးရက လုပ်ပေးနေတဲ့ အတိုင်းအတာပေါ်မှာရော ဆရာမ အနေနဲ့ ဘယ်လို သုံးသပ်ချင်ပါသလဲ။

“အခုထိတော့ အားမရသေးဘူးပေါ့၊ အမှန်အတိုင်း ပြောရရင်၊ တာဝန်ရှိတဲ့သူတွေက လုပ်ပေးဖို့ ကြိုးစားနေတာကိုတော့ မြင်တယ်။ အကောင်အထည် မပေါ်လာသေးတာပဲ ရှိတယ်။”
ဘက်စုံ သီးနှံ ကာကွယ်ရေး စနစ်ကို တောင်သူတွေ ကျင့်သုံးလာနိုင်မယ်။ အစိုးရကလည်း ဒီထက်ပိုပြီး ပံ့ပိုးပေးလာနိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့ စိုက်ပျိုး စီးပွား ကဏ္ဍကို ဘယ်လို အထောက်အပံ့ ပေးလာနိုင်မလဲ။

“ထွက်လာတဲ့ ထွက်ကုန်တွေက အရည်အသွေးမြင့် ဖြစ်လာမှာပဲလေ။ နောက် ရရမယ့် အထွက်နှုန်းကို ပြည့်ပြည့်ဝဝ ရလာမှာပေါ့၊ အခုက ရနိုင်တဲ့ အထွက်နှုန်းရဲ့ တဝက်လောက်ပဲ ဖြစ်နေတယ်။ တို့တွေက၊ အဲဒီတော့ အထွက်နှုန်း ပြည့်ပြည့်ဝဝ ရလာမယ်၊ အရည်အသွေး ကောင်းလာမယ်ဆိုရင် ပထမဆုံး တောင်သူတွေ အဆင်ပြေလာမှာပဲ၊ တောင်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေလာမယ်၊ ပြီးကမှတဆင့် ဒီထက်ပိုပြီး အရည်အသွေး ကောင်းလာမယ် ဆိုရင်၊ နိုင်ငံခြားကို တင်ပို့လာနိုင်မယ်ဆိုရင် တို့ စိုက်ပျိုးရေးကဏ္ဍက အပေါ်မြင့်လာမှာပေါ့၊ ခုက အောက်ဆုံး ရောက်နေတယ်၊ အဲဒီလို ဖြစ်နေတယ်။”

(ဇ) တခြား ဖြည့်စွက်ပြောစရာရှိရင် ပြောပြပေးပါ။

“မရှိတော့ပါဘူး။ ဒီလောက်ဆိုရင် ပြည့်စုံပါပြီ။”

Source- Burmese DVB



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောတစ်နှိုက် အုန်းတစ်မိုက်"