ပဲတီစိမ်းတွင် မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းဆောင်းရာသီ ရာသီမရွေးစိုက်ပျိုးနိုင်သော မျိုးများထွက်ရှိနေပြီဖြစ်သည်။ ရေ၊ မြေ အခြေအနေကောင်းပါက တစ်ဧက တင်း ၃၀ကျော်ထွက်ရှိနိုင်သည်။ ပဲတီစိမ်း စိုက်ပျိုးရာမှာ ရောဂါကျရောက်မှုကို အထူးဂရုပြုရသလို ဖျက်ပိုးအန္တရာယ်မှလည်း ကြိုတင်ကာကွယ်နှိမ်နင်းမှုများ လုပ်ရပါမည်။
မြေတွင်းအောင်းပိုး၊ ပင်စည်ထိုးယင်တို့ ကျရောက်နိုင်သဖြင့် မြေကြီးကို မြေအောင်းပိုးသတ်ဆေး တစ်ဧက ၃ ကီလိုဂရမ် စိုက်ကြောင်းထဲ၌ ကြိုတင်ထည့်ပြီးမှ စိုက်သင့်သည်။ အပင်ငယ်စဉ်ကာလတွင် ပင်စည်ထိုးယင်၊ ငမြှောင်တောင်၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ခူမွေးရှည်တို့ကျသည်။ ပန်းပွင့်ချိန်တွင် ပွင့်ထွေးပိုး၊ ရွက်ထွေးပိုး၊ လှေးပိုး၊ ပျ နှင့် အသီးသီးချိန်တွင် သီးလုံးဖောက်ပိုးများ ကျရောက်တတ်သည်။
ပင်စည်ထိုးယင်
ပေါင်းမြက်များမှ အဓိက လာရောက်တတ်သည်။ အရွက်ပေါ်ဥပြီး အကောင်ပေါက်လျှင် အရွက်အတွင်းသားထဲဝင်သွားတတ်သည်။ ရွက်ညှာအောက်ခြေမှ ပင်စည်ထဲဝင်ပြီး ပင်စည်မှအပင်အောက်ခြေ၊ မြေနှင့်နီးကပ်သောနေရာထိဆင်းသွားပြီး အပင်ခြေတွင် ဖုဖောင်းရောင်ရမ်းလာလျှင် အထဲ၌ပိုးရှိနေပြီဟု သိရသည်။ စိုက်ခင်းကို အဝေးကကြည့်ပါက အဝါရောင်အကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်ပေါ်နေသည်ကို တွေ့ရမည်။
အသုံးပြုရမည့်ဆေး- အော်ပတီမာ၊ ဗိုက်တာရှီး၊ မာလာနွန်၊ ဂိမ်း၊ ကွန်ဖီးဒင့်၊ ဆလက်ပလပ်၊ အဆက်။
ငမြှောင်တောင်
ပိုးလောက်ကောင်ငယ်သည် အရွက်အစိမ်းသားများကို ခြစ်စားသည်။ အကောင်ကြီးများသည် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်သဖြင့် အပင်ငုတ်တိုများသာ တွေ့ရသည်။ နံနက်စောစောနှင့် ညအချိန်တွင်ဖျက်ဆီးသည်။ နေ့တွင် အပင်ခြေရှိ အမှိုက်သရိုက်နှင့် ပေါင်းများတွင် ခိုအောင်းနေသောကြောင့် ပေါင်း၊ အမှိုက်သရိုက်များကို ရှင်းလင်းဖျက်ဆီးပေးပါ။
အသုံးပြုရမည့်ဆေး- ဗေးလစ်၊ ဗိုက်တာမီသရင်၊ ဗိုက်တာရှီစ်း၊ အော်တီမာ၊ ပရီဆိုက်၊ ဆလက်ပလပ်၊ ကွန်ဖီးဒင့်
ပဲတောင့်ထိုးပိုး/ပင့်ထွေးရွက်ထွေးပိုး
အဖူးအပွင့်ဝင်ချိန်မှ အသီးသီးချိန်ထိ ကျရောက်တတ်သည်။ အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပါးစပ်မှထွက်သော ချည်မျှင်ဖြင့် လုံးထွေးရစ်ပတ်စားသောက်ဖျက်ဆီးသည်။
အသုံးပြုရမည့်ဆေး- အော်ပတီမာ၊ စတား၊ ဗိုက်တာရှီစ်း၊ ကွန်ဖီးဒင့်၊ ဆလက်ပလပ်၊ ပရီဆိုက်။
လှေးပိုး
လှေးပိုးမှာ စုပ်စားပိုးဖြစ်၍ ပန်းပွင့်စ၊ အဖူးဝင်စ၊ အဖူးပန်းပွင့်ထဲဝင်ရာမှ ပိုးကျသည်။ ရွက်နုကို စစ်ဆေးရသည်။ အရွက်၊ အညွှန့်၊ အဖူး၊ အပွင့်များမှ သစ်ရည်ကိုစုပ်စားသဖြင့် အရွက်နှင့် အညွှန့်များမှာ တွန့်လိမ်ပြီး အညိုရောင်ပြောင်းသွားသည်။ အပွင့်တွင်ကျပါက အပွင့်ကန်းခြင်းနှင့် အသီးတင်နည်းခြင်းကို ဖြစ်ပေါ်စေသည်။ သီးနုတွင် အဝါကွက်ငယ်များဖြစ်ပြီး အသီးတွင် အမာရွတ်ငယ်များတွေ့ရတတ်သည်။
အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ ဂိမ်း၊ အော်ပတီမာ၊ ကွန်ဖီးဒင့်။
ပျ
အရွက်အောက်မျက်နှာပြင်မှနေ၍ ပင်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ တွန့်ကုတ်နေတတ်သည်။ အချိုရည်စစ်ထုတ်သဖြင့် ပုရွက်ဆိတ်များကို တွေ့ရမည်။ ပျပိုးများက အပင်ရောဂါပိုးများကို သယ်ဆောင်လာတတ်သည်။ အရွက်အောက်မျက်နှာပြင်ရှိ ပျပိုးများကိုဆေးနှင့်ထိတွေ့အောင် နှံ့စပ်စွာဆေးဖျန်းပါ။
အသုံးပြုရမည့်ဆေး- ဂိမ်း၊ ဗိုက်တိုအိတ်၊ အော်ပတီမာ။
သီးလုံးဖောက်ပိုး
အရွက်များနှင့် အသီးများအပေါက်ဖြစ်အောင် ကိုက်ဖြတ်ပြီး အစောပိုင်းအဆင့်တွင် အရွက်များကြွေသည်။ အရွက်နု အသီးကင်းများစတင်ချိန် အသီးထဲထိုးဖောက်ဝင်ရောက်သည်။ လောက်ကောင်၏ဉီးခေါင်းသာ ပဲသီးတောင့်အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ထွက်နေသည်။
အသုံးပြုရမည့်ဆေး- အဆီဖိတ်၊ ကာဘိုဖျူရမ်
ဖျက်ပိုးများအားလုံးအတွက် ပဲသီးတောင့်များတွင် ပိုးများ ၁၀% ကျရောက်ဖျက်ဆီးခံရပါက ပိုးသတ်ဆေးများ စတင်အသုံးပြုပေးပါ။ အခင်းထဲရှိ ပင်ကြွင်းပင်ကျန် အမှိုက်သရိုက်များကိုလည်း ရှင်းလင်းဖယ်ရှားပေးပြီး ကြိုတင်ကာကွယ် ထောက်လှမ်းနိုင်ပါသည်။
ကျော့နန္ဒာစိုး
ကိုးကား- The farmer Journal၊ Farm Link