သိထားသင့်တဲ့ ပိုးသတ်ဆေးဥပဒေတွေ

14/06/2024 16:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

တောင်သူတွေလည်း စိုက်ပျိုးရေးသာ လုပ်ကြရတာ သွင်းအားစုတွေ ဝယ်ရတာနဲ့တင် အရင်းက များလှပါတယ်။ သွင်းအားစု ဈေးတွေကလည်း ကြီးလာကြတယ် မဟုတ်လား။

ဆိုတော့ ပေးရသလောက် ထိရောက်ဖို့ကလည်း မလိုအပ်ဘူးလားခင်ဗျ။ ဒါမှပဲ အနာနဲ့ဆေး တွေ့ပြီးတော့ ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာဖြစ်သလို အခြားတစ်ဖက်မှာလည်း မလိုပဲ ဝယ်လိုက်ရတဲ့ ဆေးစရိတ်နဲ့ မပျောက်ဘဲ ထည့်လိုက်ရတဲ့ ဆေး စရိတ်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ 

ဆိုတော့ ပိုးသတ်ဆေးမှာ ဥပဒေရှိပါတယ်။ ဒီဥပဒေမှာ တင်သွင်းရောင်းချသူ၊ ဝယ်ယူသုံးစွဲတဲ့သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့အချက်တွေ၊ လိုက်နာရမဲ့အချက်တွေနဲ့ တရားမဝင် တင်သွင်းသိုလှောင်ရောင်းဝယ်နေတယ်ဆိုရင် ဘယ်လိုပြစ်ဒဏ်တွေ ခံရနိုင်လဲဆိုတာ ပါဝင်တာမို့ လေ့လာကြည့်ရအောင်ခင်ဗျာ။

တားမြစ်ချက် 

ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့်၊ ပြန်လည်ထုပ်ပိုးရောင်းချခွင့်နှင့် ပိုးသတ်မှိုင်းတိုက်ခြင်း လိုင်စင်ရရှိသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွေကို ဖော်ပြထားတဲ့အခန်း (၉) က

ပုဒ်မ (၂၄) မှာ 

(က) မှတ်ပုံတင်လက်မှတ်ပါ သက်တမ်းနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။ 

(ခ) ပေးဆောင်ရန်ရှိသော မှတ်ပုံတင်ခနှင့် ဓာတ်ခွဲစမ်းသပ်ခတို့ကို ပေးဆောင်ပြီး ဖြစ်ရမည်။ 

(ဂ) လိုင်စင်လျှောက်ထားစဉ်က တင်ပြခဲ့သည့် အဆိပ်ရှိပစ္စည်း ပါဝင်မှု ရာခိုင်နှုန်းအတိုင်း ပြည့်မီအောင်ဖော်စပ်ရမည်။ 

(ဃ) ဖော်စပ်သည့် ပိုးသတ်ဆေးအတွက် သုံးစွဲရန် အညွှန်းစာတွင် ပိုးသတ်ဆေး အမျိုးအမည်၊ ကာကွယ်နှိမ်နင်းနိုင်သော ပိုးများ၊ အဆိပ်သင့်နိုင်မှု အဆင့်အတန်း၊ အသုံးပြုရမည့် ဆေးနှုန်းထားတို့အပြင် အဆိပ်သင့်နိုင်မှု အန္တရာယ်မှု ကင်းရှင်းရန် နည်းလမ်းများကို မြန်မာဘာသာဖြင့် ဖော်ပြရမည်။ 

(င) ပိုးသတ်ဆေးထည့်သွင်းထားသည့် ဘူး၊ ပုလင်း (သို့) အထုပ်များပေါ်တွင် လိုင်စင်လျှောက်ထားစဉ်က တင်ပြခဲ့သည့် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန် အမှတ်တံဆိပ်နှင့် အညွှန်းတံဆိပ်တို့ကို ကပ်ထားရမည်။ 

(စ) လိုင်စင်တွင် ဖော်ပြပါရှိသော စည်းကမ်းချက်များကို လိုက်နာရမည်။ 

(ဆ) ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရမည်။ 

(ဇ) ပိုးသတ်ဆေး ဖော်စပ်ထုတ်လုပ်ရောင်းချခွင့် လိုင်စင်ရရှိသူ၊ ပြန်လည်ထုတ်ပိုးရောင်းချခွင့်လိုင်စင် ရရှိသူနှင့် ပိုးသတ်မှိုင်းတိုက်ခြင်းလုပ်ငန်းလိုင်စင် ရရှိသူတို့သည် လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လှုမှုပတ်ဝန်းကျင်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်နိုင်စေခြင်းရှိမရှိတို့အား စစ်ဆေးခြင်း ခံယူရမည်။ 

(ဈ) လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်လုပ်ကိုင်လိုလျှင် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း (၃၀) ကြိုတင်၍ ဦးစီးဌာနသို့ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရမည်။ 

တကယ်လို့များ ပုဒ်မ (၂၄) (က) ကနေ (ဈ) အထိ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် 

(က) လိုင်စင်ကို ရုတ်သိမ်းခြင်း၊ သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း။

(ခ) ဒဏ်ကြေးငွေ ပေးဆောင်စေ၍ လိုအပ်ချက်များကို ပြုပြင်စေပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုခြင်း။

(ဂ) လိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးလက်ကျန်ကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း။ 

စတဲ့ အချက် (၃)ချက်ထဲက တစ်ချက်ထက်ပိုသော ပြစ်ဒဏ်ကို ချမှတ်လို့ရပါတယ်။ 

ဒါကြောင့်မို့ ထုတ်လုပ်ရောင်းချသူတွေအနေနဲ့ မိမိတို့ ကုန်ပစ္စည်း အရည်အသွေးနဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ 

နောက်တစ်ခုကတော့ လက်လီ လက်ကား ရောင်းချတဲ့အရောင်းဆိုင်တွေ ကုမ္ပဏီတွေအတွက်ပါ။

အဲ့အတွက်တော့ ပုဒ်မ (၂၅) မှာ ပိုးသတ်ဆေးလက်လီ လက်ကားရောင်းချခွင့် လိုင်စင်ရှိသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ လို့ သီးသန့်ဖော်ပြထားပါတယ်။ 

(က) လိုင်စင်ပါသက်တမ်းနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။ 

(ခ) သတ်မှတ်ထားသော လိုင်စင်ခကို ပေးဆောင်ပြီးဖြစ်ရမည်။ 

(ဂ) လိုင်စင်ကို ဆိုင်တွင် မြင်သာအောင် ချိတ်ဆွဲထားရမည်။ 

(ဃ) ရောင်းချသည့် ပိုးသတ်ဆေးများ၏ အာနိသင်ပြောင်းလဲစေရန် အခြားအရာဝတ္ထုပစ္စည်း တစ်စုံတစ်ရာ ရောနှောခြင်း၊ ပြုပြင်ခြင်းနှင့်  မမှန်မကန် ကြော်ငြာရောင်းချခြင်း မပြုလုပ်ရ။

(င) လိုင်စင်တွင် ဖော်ပြပါရှိသော စည်းကမ်းချက်များကို တိကျစွာလိုက်နာရမည်။ 

(စ) ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးက အခါအားလျော်စွာ စစ်ဆေးခြင်းကို ခံယူရမည်။ 

(ဆ) မြို့နယ်ဦးစီးမှူးက တောင်းခံလာပါက မိမိလက်ဝယ်ရှိ ပိုးသတ်ဆေး နမူနာများကို ပေးအပ်ရမည်။ 

(ဇ) ပိုးသတ်ဆေး ဝယ်ယူရောင်းချသည့် မှတ်တမ်းများ ထားရှိရမည်။ 

(ဈ) လိုင်စင်သက်တမ်းကုန်ဆုံးပါက ဆက်လက်လုပ်ကိုင်လိုလျှင် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ သက်တမ်းတိုးမြှင့်ပေးရန် သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးထံ လျှောက်ထားရမည်။ 

တကယ်လို့များ အပေါ်က ပြောခဲ့တဲ့ ပုဒ်မ (၂၅) ထဲက အချက် (က) ကနေ (ဈ) အထိ သတ်မှတ်စည်းကမ်းချက်တွေထဲက တစ်ခုခုကို ဖောက်ဖျက်တယ်ဆိုရင်

(က) လိုင်စင်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း

(ခ) ဒဏ်ကြေးငွေ ပေးဆောင်စေ၍ လိုအပ်ချက်များကို ပြုပြင်စေပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုခြင်း

(ဂ) လိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးလက်ကျန်ကို သိမ်းယူခြင်း ဖျက်ဆီးခြင်း စတဲ့ အရေးယူနည်းလမ်းတွေထဲက တစ်ခုဖြစ်စေ တစ်ခုထပ်ပို၍ဖြစ်စေ ချမှတ် အရေးယူနိုင်ပါတယ်။ 

ပြစ်ဒဏ်အနေနဲ့ဆိုရင်

ပုဒ်မ ၂၅ (ဃ)မှာပါတဲ့ အချက်ဖြစ်တဲ့  “ရောင်းချသည့် ပိုးသတ်ဆေးများ၏ အာနိသင် ပြောင်းလဲစေရန် အခြားအရာဝတ္တုပစ္စည်း တစ်ခုခု ရောနှောခြင်း၊ ပြုပြင်ခြင်းနှင့် မမှန်မကန် ကြော်ငြာရောင်းချခြင်း မပြုလုပ်ရ။”

ဆိုတာကို ဖောက်ဖျက်တာ ထင်ရှားတယ်ဆိုရင် ထောင်ဒဏ် (၅) နှစ်အထိဖြစ်စေ၊ ငွေဒဏ် (၁၀)သိန်းအထိဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံရနိုင်ပါတယ်။

ထုတ်လုပ်တဲ့သူနဲ့ ရောင်းချတဲ့ သူနဲ့ပုဒ်မ ၃၁ မှာ “မည်သူမျှ မှတ်ပုံတင်အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း မပြုလုပ်ရ။ 

(၃၂) မည်သူမျှ လိုင်စင်မရှိဘဲ ပြည်ပမှ တင်သွင်းလာသော အဆိပ်ရှိပစ္စည်းကို ပိုးသတ်ဆေးအဖြစ် ဖော်စပ်ရောင်းချသည့် လုပ်ငန်း၊ ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလာသော ပိုးသတ်ဆေးကို ပြန်လည်ထုပ်ပိုးရောင်းချသည့် လုပ်ငန်း၊ ပိုးသတ်ဆေးကို လက်လီလက်ကား ရောင်းချသည့် လုပ်ငန်းနှင့် ပိုးသတ်မှိုင်းတိုက်ခြင်း လုပ်ငန်းများကို မပြုလုပ်ရ။

(၃၃) မည်သူမျှ ပိုးသတ်ဆေးကို ဖြစ်စေ၊ အဆိပ်ရှိ ပစ္စည်းကိုဖြစ်စေ၊ ပိုးကျသည့် အန္တရာယ် ကာကွယ်နှိမ်နင်းသည့် ကိစ္စမှ အပ လူအများစားသုံးသည့် သီးနှံ၊ အစားအစာ သို့မဟုတ် အဖျော်ယမက စသည်များတွင် ထည့်သွင်းသုံးစွဲခြင်း၊ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို သုံးစွဲလျက် မည်သည့် သတ္တဝါကိုမျှ ဖမ်းယူခြင်း၊ သတ်ဖြတ်ခြင်း မပြုလုပ်ရ။

(၃၄) မည်သူမျှ အသက် ၁၈ နှစ် နှင့် ၁၈ နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး သို့မဟုတ် ကလေးငယ်အားနို့တိုက်နေသော အမျိုးသမီးများကို ပိုးသတ်ဆေး ကိုင်တွယ်ရာတွင်လည်းကောင်း၊ သုံးစွဲရာတွင်လည်းကောင်း စေခိုင်းခြင်း မပြုလုပ်ရ။ 

(၃၅) ပိုးသတ်ဆေး သုံးစွဲသူ မည်သူမဆို ပုဒ်မ ၂၆ ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းကြောင့် ပတ်ဝန်းကျင်ကိုဖြစ်စေ၊ တစ်စုံတစ်ယောက်ကိုဖြစ်စေ ထိခိုက်နစ်နာခြင်း မရှိစေရ။

(၃၆)  ပိုးသတ်ဆေး သုံးစွဲသူ မည်သူမဆို ပုဒ်မ ၂၆ ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းကြောင့် တစ်စုံတစ်ယောက်သော သူအား အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါက ရာဇသတ်ကြီးအရ ပြစ်ဒဏ် ထိုက်သင့်စေရမည်။ 

ဒီနေရာမှာ ကြားဖြတ် ပုဒ်မ ၂၆ ကိုသိဖို့ လိုအပ်ပါလိမ့်မယ်။ 

ပုဒ်မ ၂၆ မှာ ဖော်ပြထားတဲ့ အချက်တွေကတော့  

ပိုးသတ်ဆေး သုံးစွဲသူသည် 

(က) အညွန်းစာပါအတိုင်း လိုက်နာသုံးစွဲရမည်။ 

(ခ) ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ပိုးသတ်ဆေး အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ခြင်းနည်းလမ်းများအတိုင်း လိုက်နာ သုံးစွဲရမည်။ 

(ဂ) ပိုးသတ်ဆေးများကို အစားအသောက်များနှင့် နီးကပ်စွာ ထားရှိခြင်း၊ ကလေးသူငယ်များ အလွယ်တကူ လက်လှမ်းမီသောနေရာတွင် ထားရှိခြင်း မပြုလုပ်ရ။ 

(ဃ) သုံးစွဲပြီးသော ပိုးသတ်ဆေးဘူးအခွံနှင့် ထုပ်ပိုးပစ္စည်းများကို ဦးစီးဌာန၏ ညွန်ကြားချက်နှင့် အညီ စွန့်ပစ်ဖျက်ဆီးခြင်း နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။ 

(င) စိုက်ခင်းများတွင်လည်းကောင်း၊ ရိတ်သိမ်းပြီး သီးနှံများကို သိုလှောင်ရာတွင်လည်းကောင်း၊ ပိုးသတ်ဆေး သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ပညာပေး လမ်းညွှန်မှုများကို လိုက်နာရမည်။

စတာတွေပဲ ဖြစ်ပါတယ်။ ဆက်သွားကြရအောင်

(၃၇) မည်သူမျှ သီးနှံများကို သိုလှောင်ရာတွင် မှတ်ပုံတင်အဖွဲ့က သတ်မှတ်ထားသည့် ပိုးသတ်ဆေးအမျိုးအစားနှင့် သုံးစွဲနည်းများမှ အပ အခြားပိုးသတ်ဆေး အမျိုးအစားနှင့် သုံးစွဲနည်းများကို သုံးစွဲခြင်းမပြုရ။

(၃၈) မည်သူမျှ ပိုးသတ်ဆေးကို အစားအစာနှင့် အတူတွဲ၍ ရောင်းချခြင်းသော်လည်းကောင်း၊ သယ်ဆောင်ခြင်းသော်လည်းကောင်း မပြုလုပ်ရ။ 

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်မိရင် ပြစ်မှုနဲ့ ပြစ်ဒဏ်တွေက ဘာတွေ ရှိမလဲ လေ့လာကြည့်ကြရအောင် 

(၃၉) မည်သူမဆို ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ) (ဖော်ပြခဲ့ပြီးသားပါ)၊ ၃၁၊ ၃၂၊ ၃၃ နဲ့ ၃၄ ပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ် (၅)နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် တစ်ဆယ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်။ 

(၄၀) မည်သူမဆို ပုဒ်မ ၃၅ ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လ အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ကျပ် သုံးသိန်းအထိဖြစ်စေ ကျခံစေရမည်။ 

(၄၁) မည်သူမဆို ပုဒ်မ ၃၆ သို့မဟုတ် ၃၇ ပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် တစ်ဆယ်သိန်းအထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေကျခံစေရမည်။ ထို့ပြင် ပြစ်မှုတွင် အကျုံးဝင်သည့် သက်သေခံပစ္စည်းများကိုလည်း သိမ်းယူခြင်း ခံရမည်။ 

(၄၂) သက်ဆိုင်ရာ တရားရုံးသည် သိမ်းယူထားသော သက်သေခံပစ္စည်းများကို စီမံခန့်ခွဲရန် ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်ရမည်။

ပြစ်ဒဏ်တွေရော ပြစ်မှုတွေရော တားဆီးချက် သတိပေးချက် တာဝန်ယူရမဲ့အချက်တွေလည်း အားလုံးချုံငုံမိလောက်ပြီလို့ ထင်ပါတယ်။ 

ထုတ်လုပ်သူတွေမှာလည်း လိုက်နာရမဲ့အချက်တွေ အပြည့်အဝ လိုက်နာပြီး ဖော်ပြရမဲ့အချက်တွေကို အသေးစိပ် အတိအကျ ဖော်ပြထားပေးဖို့လည်း တာဝန်ရှိပါတယ်။

သုံးစွဲသူတွေမှာလည်း ဘေးမဖြစ်အောင်သုံးစွဲဖို့ တာဝန်ရှိသလိုပဲ စိုက်ပျိုးရေးသွင်းအားစုတွေ ရောင်းနေကြတဲ့ စိုက်ပျိုးရေးဆိုင်များမှာလည်း ဘေးကင်းလုံခြုံအောင် တာဝန်ခံမှု အပြည့်နဲ့ ရောင်းချကြဖို့ လိုအပ်ပါလိမ့်မယ်ခင်ဗျာ။

အဆိပ်ရှိပစ္စည်း ဘာပါဝင်မှန်းမသိ။ ဘယ်လောက်အချိုးပါလဲမသိ။ ဘယ်လို သုံးရမလဲ အညွှန်းပါ။ သတိပေးချက်တွေမပါ စတဲ့ မပါခြင်းတွေထဲက မပါခြင်းတစ်ခုလောက်နဲ့တင် ပိုးသတ်ဆေး ဥပဒေ နဲ့ မညီဘူးဆိုရင် သုံးဖို့ကို စဉ်းစားဖို့ လိုပါလိမ့်မယ်ခင်ဗျ၊

ဆိုင်တွေက ညွှန်းလို့ဆိုပြီးတော့လည်း ဘာမှန်းမသိတဲ့ငွေရောင်အထုပ်တွေ ရွှေရောင်အထုပ်တွေဆိုတာကို လက်မခံကြဖို့လည်း တိုက်တွန်းလိုပါတယ်။

မှတ်ပုံတင်ပြီး တရားဝင်ရောင်းချနေတာ ဟုတ် မဟုတ်ကို ဘယ်လိုကြည့်လို့ရမလဲဆိုရင်တော့ https://ppd.doa.gov.mm/index.php?id=23 မှာ တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်ခင်ဗျာ။ 

တောင်သူဦးကြီးများ အရွေးမှန် အလုပ်မှန် တိုးတက်အောင်မြင်ကြပါစေခင်ဗျာ..

Ref: https://www.mlis.gov.mm/mLsView.do;jsessionid=82A7FC098907D95BCEEDD2078C2D51DD?lawordSn=39 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်