ကွမ်းခြံတွင် ခြံတစ်ခြံလုံး ပျက်စီးသည်အထိ ဖျက်ဆီးသည့် ပိုးများ မရှိသလောက် ဖြစ်ပါသည်။ ကျရောက်သော ပိုးများမှာလည်း ကွမ်းရွက်အဆင့်အတန်း နိမ့်ကျ၍ရောင်းတန်းမဝင်သော ကွမ်းရွက်များသာ ဖြစ်ပေါ်စေပြီး အပင်များခြံလုံးပြုတ်အောင် မဖျက်ဆီးတတ်ကြချေ။
၁။ ရွက်ပေါက်ကျိုင်း၊လှေးကျိုင်း FLEA BEETLE
Medythia suturalis
ပိုးတောင်မာ အမျိုးအစားတွင် ပါဝင်ပြီး အရွယ်အစားသေးငယ်ကြသည်။ ထင်ရှားသော အမှတ်အသားအနေဖြင့် အတောင်နှစ်ဖက်ပေါ်တွင် အဝါစင်းများပါရှိသည်။ အချို့သော မျိုးစိတ်တွင် အနက်ရောင်ပြောင်ရှိသည်။ အရွယ်အားဖြင့် (၂) မီလီမီတာ ခန့်သာရှိသည်။ အရွယ်ရောက် ကျိုင်းမကြီးသည်မြေကြီးထဲတွင် ဥများကိုဥလေ့ရှိသည်။ ဥဘဝ တွင် ၅ရက်၊ ပိုးလောင်းဘဝတွင်၂၁ရက်၊ ရုပ်ဖုံးဘဝတွင် ၇ရက်၊ အကောင်ကြီးဘဝ ၁လ စသည်ဖြင့် ဘဝ စက်ဝန်းလည်ပတ်ပါသည်။
ဖျက်ဆီးပုံ
ပိုးလောင်းများ အကောင်ကြီးမျာသည် နေ့အချိန်တွင်မြေကြီးခဲကြားတွင်နေပြီး ညနေအေးသည်နှင့် အပင်ပေါ်တက်၍ အရွက်များတွင် ကိုက်ဖြတ်စားသောက်ကြသည်။ နံနက်ပိုင်းတွင်လည်း ကျရောက်စားသောက်ကြသည်။ ကျိုင်းကောင်ကိုက်ဖြတ် စားသောက်ရာတွင် သိသာသော လက္ခဏာမှာ အရွက်တွင် ဝိုင်းဆက်သော အပေါက်များ ဖြစ်အောင် ကိုက်ဖောက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အရွက်ပေါ်တွင်သေနတ် ပစ်ပေါက်ရာကဲ့သို့ အပေါက်များကိုတွေ့ရမည် ဖြစ်သည်။
ကာကွယ်နှိမ်နင်းပုံ
၁။ ကွမ်းခြံ ပတ်ဝန်းကျင်တွင်ပေါင်းမြက်ခြုံများကို ရှင်းလင်းပစ်ပါ။
၂။ လှေးကျိုင်းများ အများအပြား ကျရောက်ပါက ထိသေစားသေဆေးတစ်မျိုးမျိုးဖြင့် နှိမ်နင်းနိုင်သည်။
၃။ ဆေးများ ဖြန်းရာတွင်နေ့လည်ဖက် အချိန်၌မြေကြီးထဲတွင် ခိုအောင်းနေတတ်သောကြောင့် ပင်ခြေရင်း တစ်ဝိုက်တွင်မြေကြီးကို ဆေးဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်သည်။
၄။ ဆေးဖျန်းခြင်းကို ညနေပိုင်း ပိုးကောင်များ အပင်ပေါ်တက်ချိန် ဖျန်းနိုင်သည်။
၅။ ဆေးဖျန်းပြီး (၂) ပတ်ကြာမှ အရွက်များကို ခူးသင့်သည်။
၂။ ပ်ပိုး (APHIDS)
Ahids SPP
ပျပိုးများမှာ အရွယ်အစား အလွန်သေးငယ်ကြသည်။ အစိမ်း၊ အဝါ၊ အနက်သည်ဖြင့် အရောင်အမျိုးမျိုးရှိသည်။ ပျအကောင်ကြီးများ အချို့အတောင်ရှိ၍ အချို့အတောင်မရှိပါ။ အချို့သော ပျပိုးများသည် မိတ်မလိုက်ဘဲ မျိုးပွားနိုင်သည်။ ဥအုချ၍ လည်းကောင်း၊ အကောင်လိုက်လည်းကောင်း မျိုးပွားနိုင်သည်။ အမတစ်ကောာင်သည် တစ်ကြိမ် အုလျှင်ဥ (၃၀) ခန့် ဥသည်။ ဥဘဝမှ အကောင်ကြီးဘဝသို့ (၂) ပတ်မှ (၃) ပတ်ကြာတတ်သည်။ အကောင်ကြီး ဘဝတွင် (၆) ရက်ခန့် ကြာသည်။
ဖျက်ဆီးပုံ
အရွက်အောက် မျက်နှာပြင်တွင် ခိုကပ်၍ အရွက်မှ သစ်ရည်ကို စုပ်ယူူကြသည်။ အကောင်ရေများလာပါက အရွက်များကုတ်၍ ပုံပျက်ပန်းပျက် ဖြစ်လာသည်။ ပေါက်ပွားနှုန်းများလာပါက ကွမ်းပင်အညွန့် ပင်စည်များတွင်ပါ တွယ်ကပ်စုပ်စားတတ်သည်။ ပျကျရောက်သော အရွက်မျာသည် သိသာထင်ရှားသဖြင့် ခူးယူ ဖျက်ဆီးခြင်းဖြင့် ကာကွယ်နိုင်သည်။ ပျကောင်များစုပ်၍ ကွမ်းပင်ထိခိုက်မှုမကြီးကျယ်သော်လည်းရောဂါ သယ်ဆောင်နိုင်သော ပိုးဖြစ်၍ ဂရုတစ်စိုက် နှိမ်နင်းရမည်ဖြစ်သည်။ လေနှင့်အတူ တစ်ပင်မှတစ်ပင်ကို ကူးစက်ပျံ့နှံ့နိုင်သကဲ့သို့ ပုရွက်ဆိတ်များ၏ သယ်ဆောင်မှုကြောင့်လည်း တစ်ပင်မှ တစ်ပင်သို့ ကူးစက်သည်။
ကာကွယ်နှိမ်နင်းပုံ
၁။ ကွမ်းခြံ ဝန်းကျင်ပေါင်းမြက်များကို ရှင်းလင်းပါ။
၂။ ပျပိုး ကျသော အရွက်များကို ခူးယူ ဖျက်ဆီးပစ်ပါ။
၃။ ကွမ်းခြံအတွင်း ပုရွက်ဆိတ်များ မရှိစေရန် စီမံပါ။ နွေရာသီတွင် ကွမ်းခြံအတွင်း၌အေးနေသဖြင့် ပုရွက်ဆိတ်များနေထိုင် တတ်ကြသည်။
၄။ ပိုးသတ်ဆေး သုံးမည်ဆိုပါက စိမ့်ဝင် ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ ဆေးဖျန်းလျှင် အရွက်အောက်မျက်နှာပြင်ကို ဂရုပြုဖျန်းပါ။ တွယ်ကပ် ပစ္စည်း ထည့်ဖျန်းပါ။
၅။ ဆေးဖျန်းပြီး (၂) ပတ် ကြာမှ အရွက်များကို ဆွတ်ခူးပါ။
၃။ ယင်ဖြူ WHITE FLY
Bemisia tsbaci
အရွယ်အစားအားဖြင့်သေးငယ်သည်။ ယင်ဖြူဟု ဆိုသော်လည်း ဖလံဖြူ အသေးစားလေးမျိုးဖြစ်သည်။ အရွက်အောက် မျက်နှာပြင်တွင်နေထိုင်စားသောက်ပေါက်ပွားကြသည်။ အရွက်အောက် မျက်နှာတွင် အကောင်ငယ်၊ အကောင်ကြီးများ စုပြုံနေပြီး ပိုးမျှင်ကလေးများနှင့် ရှုပ်ထွေးနေတတ်သည်။ ယင်ဖြူမ တစ်ကောင်သည် တစ်နှစ်လျှင် (၁၂) ကြိမ် ဥများ အုနိုင်၍ တစ်ကြိမ်အုလျှင် ဥပေါင်း (၁၂၀) ခန့် ထိရှိသည်။ ဥအရောင် အဝါရောင်ရှိ၍ အရွက်အောက် မျက်နှာအတွင်း အုကြသည်။ ဥမှပေါက်သည်နှင့် သစ်ရည်ကို စုပ်စား၍ ကြီးထွားကြသည်။ ဥမှ အကောင်ကြီးဘဝသို့ (၂-၃) ပတ်သာ ကြာသည်။ ပေါက်ပွားမှုကောင်းသည်။
ဖျက်ဆီးပုံ
အရွက်အောက် မျက်နှာပြင်တွင် တွယ်ကပ်၍ စုပ်စားကြသောကြောင့် အရွက်များ ကုတ်နေတတ်သည်။ အရွက်ကို လက်နှင့်တောက်ခါ လိုက်ပါက ယင်ဖြူအကောာင်ကြီးများ ပျံထွက်သွားသည်ကို မြင်ရတတ်သည်။ ယင်ဖြူကျရောက်သော အရွက်ကို ပွတ်သပ် ဖျက်ဆီးခြင်းဖြင့် သုတ်သင်နိုင်သည်။ အဓိကမှာ ယင်ဖြူသည် ပျများကဲ့သို့ပင်ရောဂါ သယ်ဆောင်ကြခြင်းပင် ဖြစ်သည်။ မိုးရာသီတွင် ကျရောက်တတ်လေ့ရှိသည်။
ကာကွယ်နှိမ်နင်းပုံ
၁။ ကွမ်းခြံပြင်ပတွင်ပေါင်းမြက်ခြုံများကို ရှင်းလင်းပါ။
၂။ ပိုးကျရောက်မှု နည်းပါက ပွတ်ချေ၍လည်းကောင်း၊ များပါက ခူးခြွေပစ်၍လည်းကောင်း သုတ်သင်နိုင်သည်။
၃။ ပိုးသတ်ဆေး သုံးမည်ဆိုက စိမ့်ဝင်ပျံ့နှံ့နိုင်သော ပိုးသတ်ဆေး အမျိုးအစားကို သုံးရမည်။
၄။ ဆေးဖြန်းပြီး (၂) ပတ်ကြာမှ အရွက်များကို ဆွတ်ခူးပါ။
၄။ မွှားပင့်ကူနီ RED SPIDER MITE
အလွန်သေးငယ်သော အနီရောင် မွှားကောင်လေးများ ဖြစ်သည်။ အရွက်အောက် မျက်နှာပြင်၌နေထိုင် စားသောက်ကြသည်။ အရွက်ကို လှန်ကြည့်ပါကခြေထောက် (၈) ချောင်းပါသောကြောင့် အင်းဆက်ပိုး အုပ်စုတွင် မပါရှိပေ။ ဥဘဝမှ အကောင်ကြီးဘဝအထိ (၁၉) ရက် ကြာ၍ အကောင်ကြီးဘဝတွင် တစ်လကြာ အသက်ရှင်သန်ကြသည်။
ဖျက်ဆီးပုံ
ကွမ်းရွက်၏အောက်မျက်နှာပြင်၌ သစ်ရည်ကို စုပ်စားကြသော်လည်း ပျ၊ ယင်ဖြူ ကဲ့သို့ စုပ်တံဖြင့် စုပ်ယူစားသောက်ခြင်း မဟုတ်ဘဲ အရွက်အသားကို လှီးဖြတ်ပြီးမှ သစ်ရည်စုပ်စားတတ်သောကြောင့် အပ်ဖျားလောက်ရှိသော အဖြူစက်များ အရွက်အောက် မျက်နှာပြင်တွင် ဖြစ်ပေါ်နေသည်။ တဖြည်းဖြည်းနှင့် အဖြူစက်များပြားလာပြီး အရွက်များဝါလာကာခြောက်သွေ့ကုန်သည်။
ကာကွယ်နှိမ်နင်းပုံ
၁။ ပိုးကျ အရွက်ကို ခူးယူဖျက်ဆီးခြင်းသည် အထိရောက်ဆုံးဖြစ်သည်။
၂။ အင်းစက်ပိုး မဟုတ်သဖြင့် ပိုးသတ်ဆေးအတိုင်း အသုံးပြု၍မရပေ။ မွှားပင့်ကူသတ်ဆေးမျိုး ဖျန်းပေးမှသာ နှိမ်နင်းနိုင်သည်။
ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်ရေး
၁။ သစ်ပင်ကြီးများ အရိပ်ပင် ထူထပ်စွာပေါက်သော ဥယျာဉ်ခြံများ အတွင်း၌ မစိုက်သင့်ပါ။
၂။ အုန်းသီး၊ ကွမ်းသီးပင်များ စိုက်ပျိုးသော ဥယျာဉ်ခြံများအတွင်း၌ စိုက်သင့်သည်။ သို့မဟုတ် ကွမ်းခြံနှင့် အတူ အုန်းပင်၊ ကွမ်းသီးပင်များ တွဲဖက် စိုက်ပျိုးသင့်သည်။
၃။ ကွမ်းခြံ စိုက်ပျိုးမည့် ဧရိယာ သာမကအနီးပတ်ဝန်းကျင် (၆) ပေ ပတ်လည်တွင်ပေါင်းမြက်ကင်းရှင်းအောင် ဆောင်ရွက်ပေးထားရမည်။
၄။ ကွမ်းခြံအနီးတွင် ငရုတ်ကောင်းပင်များ စိုက်ပျိုး မထားရ။
၅။ ကွမ်းခြံတည်မည့်နေရာကို ထယ်ထိုးပြီးပါကကောက်ရိုးမြက်ခြောက်တင်၍ မီးရှို့ပစ်ပါ။ အခြေအနေပေးပါက ထွန်မွှေလိုက်၊ မီးရှို့လိုက် (၃) ကြိမ်ခန့် ပြုလုပ်သင့်ပါသည်။
၆။ ကွမ်းခြံကို အမိုးမိုးရာတွင် ဥယျာဉ်ခြံသုံး၊ ပလတ်စတစ်ပိုက် (Herticulture net) ဖြင့် အမိုးမိုးသင့်သည်။
၇။ ယူရီးယား ဓာတ်မြေဩဇာ အသုံးပြုခြင်းကို ချင့်ချိန်ရမည်။
၈။ (၅း၅း၅၀) ဘော်ဒိုးဆေးရည်ကိုမြေပြင်ထားသောနေရာအားလုံးအား နှံစပ်အောင် ပက်ဖျန်းပေးပါ။
၉။ အသင့်သုံး EM ဖျော်ရည် ဖျော်စပ်ပြီး ကွမ်းစိုက်ရန် သတ်မှတ်နေရာ တစ်လျှောက် (၂ x ၃၂) အကျယ်ကိုဖျော်ရည် (၈) ဂါလံနှုန်းရေထမ်းပုံးဖြင့် ပက်ဖျန်းပါ။ Trogodarma မှိုတစ်ထုပ်လည်း ဖြန့်ထည့်ပေးပါ။ ပြီးလျှင် ပလတ်စတစ်စဖြင့် (၅) ရက် ကြာ အုပ်ထားပါ။
၁၀။ ဆေးရွက်ကြီးမှုန့်၊ တမာကြိတ်ဖတ်မှုန့်များ ဖြူးထည့်ပေးပါ။
၁၁။ ကွမ်းစိုက်ကျင်းများ တူးပြီးနောက် ကျင်းထဲသို့လည်း (၅း၅း၅၀) ဘော်ဒိုးဆေးရည်လောင်းပေးပါ။
၁၂။ ရောဂါကင်းသော ကွမ်းခြံမှ ကွမ်းညွန့်များကိုရွေးချယ် စိုက်ပျိုးပါ။ ကွမ်းပင်၏ အရင်းပိုင်း တစ်ပေ အမြင့်မှ အရွက်များကိုချွေပစ်ပါ။ (အောက်ခြေရှင်းခြင်း)
၁၃။ ကွမ်းပင်ခြေရင်းသို့ (chlorpyrifos 48 EC) ဆေးကိုရေတစ်ဂါလံလျှင် (၁၀) စီစီနှုန်းဖျော်စပ်၍ ပက်ဖျန်းပေးပါ။ ကွမ်းပင်တန်း တစ်လျှောက် (၁၀) စီစီနှုန်းဖျော်စပ်၍ ပက်ဖျန်းပေးပါ။ ကွမ်းပင်တန်း တစ်လျှောက်ပက်ဖျန်းပေးပါက ပို၍ကောင်းမွန်ပါသည်။
၁၄။ ကွမ်းပင် အရွက်များတွင် အဖျားခြောက်ခြင်း၊ အစက်အပြောက်ပေါ်ခြင်းများ တွေ့ပါက ချက်ချင်းခူး၍ မီးရှို့မြေမြှုပ် ပစ်ပါ။
၁၅။ ရွက်စားပင် ဖြစ်၍ ဓာတုပိုးသတ်ဆေးများကို တတ်စွမ်းသရွေ့ရှောင်ရှားသင့်သည်။ ရွက်ဖောက်ကျိုင်း၊ လှေးကျိုင်းကိုနှိမ်နင်းရန် ပင်ခြေရင်းဆေးဖျန်းသည့် ကိစ္စရပ်မျိုး၌သာ သုံးသင့်သည်။ ဓာတုဆေးများထက် အပင်မှရသော ပိုးသတ်ဆေးများကိုသာ ဦးစားပေးသုံံးသင့်ပါသည်။
၁၆။ ကွမ်းပင်များကိုရေဖျန်းပုံးဖြင့် ရေလောင်းခြင်းထက် ရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်း စနစ်မျိုး သုံးသင့်သည်။ ပင်ခြေတွင် ရေဝပ်မှုကြာပါက ရောဂါများ ဝင်ရောက်တတ်သည်ကိုလည်း သတိပြုပါ။
၁၇။ အစက်ချရေသွင်းခြင်းသည် ရေကုန်သက်သာစေသည့်ပြင် ရောဂါကူးစက်မှုကို ကာကွယ်ပေးသည်။
၁၈။ ကွမ်းစိုက်ဘောင်ပေါ်တွင်ကောက်ရိုးဖုံးအုပ်ပေးခြင်းဖြင့် မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းသည့်အပြင်ပေါင်းပင်များ ပေါက်ရောက်မှုကို ကာကွယ်ပေးသည်။
၁၉။ ကွမ်းရွက်ခူးရာတွင် တစ်ခြံတည်း သီးသန့်ခူးယူသူ ဖြစ်သင့်သည်။
၂၀။ ကွမ်းရွက်ခူးရာတွင် အခြားသော ကွမ်းပင်များကို ထိခိုကဒဏ်ရာမဖြစ်စေရန် ဂရုပြုပါ။
၂၁။ အရိပ်ပိုမို ပြုလုပ်ပေးခြင်းလျော့ချတို့ကို ရာသီနှင့်ချင့်ချိန်၍ ပြုလုပ်ပေးပါ။ နေရောင်ခြည်များ၍ အရွက်ဖျားခြောက်ရာမှရောဂါ ဆက်လက် ဝင်ရောက်တိုက်ခိုက်တတ်သည်ကို သဘောပေါက်ထားရန် လိုပါသည်။
ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်