တိရစ္ဆာန်တွေမွေးမြူရာမှာ သက်တမ်းအလိုက် အစာပြောင်းကျွေးသွားရတာကို မွေးမြူသူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဝက်မွေးမြူသူတွေအများစုက လူနေအိမ်နဲ့ စားသောက်ဆိုင်မှ စားကြွင်းစားကျန်တွေကို ဝက်စာအဖြစ် စုဆောင်းကျွေးကြတာများပါတယ်။ ဒီလိုတွေကြောင့် ဝက်ရဲ့သက်တမ်းအလိုက် လိုအပ်တဲ့အစာတွေ မပြောင်းနိုင်ဘဲ သက်တမ်းမတူတဲ့ဝက်တွေကို ပုံစံတစ်မျိုးထဲကျွေးကြပါတယ်။ ဒါကြောင့် ဝက်တွေဟာ သက်တမ်းအလိုက် လိုအပ်တဲ့အာဟာရတွေမရတဲ့အတွက် ဝက်တွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်ရုံမျှမက ကျန်းမာရေးကိုထိခိုက်ပြီး ဖျားနာသေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ဝက်မွေးမြူသူတွေအနေနဲ့ ဝက်ရဲ့ သက်တမ်းအလိုက်လိုအပ်တဲ့ အစာတွေကို မှန်မှန်ကန်ကန်ကျွေးနိုင်ရင် အကျိုးများစွာဖြစ်ထွန်းနိုင်ပါတယ်။
ဝက်၏ ဘဝအစနှင့် သဘာဝ
တိုးတက်သော ဝက်မွေးမြူရေးအမြင်ရှိသူတွေဟာ ဝက်ရဲ့သက်တမ်းကို ဝက်မွေးချိန်မှစပြီး မမှတ်ကြပါ။ မိခင်ဝက်မကြီး ပဋိသန္ဓေစတည်တဲ့ အချိန်မှစပြီး မှတ်ကြပါတယ်။ ဝက်မ ပဋိသန္ဓေတည်တဲ့ ရက်ကို ၁၁၃ ရက် သို့မဟုတ် ၁၁၄ ရက်လို့ သတ်မှတ်ကြပါတယ်။ ဝက်ကို သားတင်တဲ့အခါ အရွယ်ရောက်ပြီး ကျန်းမာတဲ့ ဝက်မနဲ့ ဝက်ထီးကိုသာအသုံးပြုရပါတယ်။ ဝက်သိုးအငှားလိုက်သူများက တစ်ရက်အတွင်း ဝက်မ ၄၊ ၅ ကောင်ဖြင့် လိုက်စေခြင်းမှာ မှန်ကန်ခြင်းမရှိပါ။ တစ်ရက်အတွင်း ဝက်မတစ်ကောင်သာ လိုက်သင့်ပါတယ်။ ဝက်တွေမှာ ဗီဇအားဖြင့် သွေးအားနည်းတဲ့ရောဂါရှိကြပါတယ်။ သွေးအားနည်းရောဂါမှာ သံဓာတ်ချို့တဲ့ ခြင်းကြောင့် ဖြစ်ပါတယ်။ ဝက်ကလေးများမမွေးဖွားမီ သံဓာတ်ချို့တဲ့မှုမဖြစ်အောင် ကြိုတင်လုပ်ဆောင်ချက်တွေ လုပ်ထားသင့်ပါတယ်။ ပထမနည်းမှာ သန္ဓေတည်စဝက်မကြီးအား သံဓာတ်ကြွယ်ဝတဲ့ ကြက်ဟင်းခါးသီး၊ ကြက်ဟင်းခါးရွက်၊ ဒန့်ဒလွန်ရွက်၊ ကြိတ်မှန်ရွက်များကို ကျွေးထားသင့်ပါတယ်။ အချို့က သံဓာတ်ပါတဲ့ ဖဲရပ်စ်ဆာလ်ဖိတ် ခေါ် သံဒုတ္ထာကို အစာအတွင်း အနည်းငယ်ထည့်ကျွေးခြင်း၊ အချို့က သံဓာတ်ပါသောထိုးဆေးများကို ဝက်မကြီးအား ၃၊ ၄ ကြိမ် ထိုးပေးကြပါတယ်။
သံဓာတ်ဖြင့် သွေးကိုမွေးခြင်း
သာမန်ဝက်ကလေးတွေမွေးဖွားလာဖို့ ကြိုတင်ပြီး သံဓာတ်ရရှိအောင် ပြုလုပ်မထားပါက သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတဲ့အခြေအနေမျိုး မလွဲမသွေရောက်ကြရပါတယ်။ သွေးအားနည်းခြင်းကြောင့် ဝက်ငယ်ရဲ့နှာခေါင်းနဲ့ စအိုဝမှ ရောဂါစဝင်ပါတယ်။ နှာခေါင်းမှာကျရောက်တဲ့ရောဂါတွေက အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းဖြစ်ပြီး၊ စအိုဝမှာ ဝမ်းပျက်ရောဂါဖြစ်နိုင်ပါတယ်။ ရောဂါရဲ့အရင်းအမြစ်မှာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ရတဲ့ သွေးအားနည်းရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဝက်ကလေးများ သံဓာတ်မချို့တဲ့စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ဖို့ အထူးလိုအပ်ပါတယ်။ အချို့က သံဓာတ်နဲ့ ဗီတာမင်ဘီ-၁၂ ထိုးဆေးကို အသုံးပြုကြပါတယ်။ အချို့က ဖဲရပ်စ်ဆာလ်ဖိတ်လို့ခေါ်တဲ့ သံဒုတ္ထာကို သနပ်ခါးကဲ့သို့ ပျစ်ပျစ်အရည်ဖျော်ပြီး ဝက်မကြီးရဲ့နို့သီးတွေမှာ သုတ်လိမ်းထားပါတယ်။ ဝက်ကလေးတွေနို့စို့တဲ့အခါ ဝက်မကြီးရဲ့ နို့သီးမှာရှိနေတဲ့ သံဒုတ္ထာများ ဝက်ကလေးများရဲ့ အစာလမ်းကြောင်းအတွင်း ရောက်ရှိသွားမှာဖြစ်ပါတယ်။ အချို့ကလည်း ကြက်ဟင်းခါးရွက်၊ ကြိတ်မှန်ရွက်၊ ဒန့်ဒလွန်ရွက်ရဲ့ သတ္ထုရည်ကို ဝက်ကလေးတွေကို တိုက်ကျွေးကြပါတယ်။ ဝက်ငယ်တွေမှာ ဖြစ်တတ်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းလျောခြင်းကို ကြိုတင်ကာကွယ်ခြင်း ဖြစ်ပါတယ်။
ကယ်လ်စီယမ်ဖော့စဖိတ်ဖြင့် အရိုးကိုမွေးခြင်း
ဝက်ငယ်ကလေးများကြီးထွားမှုတွင် အခြားလိုအပ်သော အာဟာရဓာတ် ၂-မျိုးမှာ ကယ်လ်စီယမ် ခေါ် ထုံးဓာတ်နဲ့ ဖော့စ်ဖရပ်စ် ခေါ် မီးစုန်းဓာတ်ဖြစ်ပါတယ်။ ဝက်မကြီးထံမှ ဝက်ကလေးအားလုံး လုံလောက်သောနို့ပမာဏမရရင် ဝက်ငယ်ကြီးထွားဖွံ့ဖြိုးခြင်းနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီကာလမှာ နို့နဲ့ နို့မှုန့် အကူဆောင်းပေးခြင်းဖြင့် ဝက်ရဲ့ကြီးထွားဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။ စီးပွားရေးအရလည်း အလွန်တွက်ခြေကိုက်ပါတယ်။ ဥပမာ - သာမန်နို့ခွဲဝက်ငယ်တစ်ကောင်ရဲ့တန်ဖိုး ကျပ်သုံးသောင်း လေးသောင်းခန့်ရှိတာကို အာဟာရမလုံလောက်ခြင်းကြောင့် ဝက်ငယ်တစ်ကောင်သေဆုံးသွားရင် ငွေ ၃ - ၄သောင်း ဆုံးရှုံးသွားနိုင်ပါတယ်။ ဝက်သားတစ်အုပ်အတွက် နို့ သို့မဟုတ် နို့မှုန့် ၁ သောင်းခွဲ၊ နှစ်သောင်းဖိုး ကုန်ကျခံလိုက်ရင် စီးပွားရေးအရ အကျိုးများစွာဖြစ်ထွန်းစေပါမည်။ အကုန်ခံထိုက်တဲ့ ရင်းနှီးမှုတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဝက်ငယ်ကို သက်တမ်းတစ်လခွဲမှာ နို့ခွဲကြပါတယ်။ ဒီအချိန်ထိ အနည်းဆုံး မိခင်နို့သာမက နို့နဲ့ နို့မှုန့်တွေကို အကူဆောင်းပေးသင့်ပါတယ်။ နို့ခွဲပြီး အစာစစားတဲ့အချိန်မှာ အစာကြေလွယ်တဲ့ ငါးကလေးခြောက်များ (သဲခြောက်)၊ ပုဇွန်ဖွဲ၊ ငါးခြောက်ဖွဲများကို ကျွေးပေး နိုင်ပါတယ်။
အပင်နှင့် တိရစ္ဆာန်ပရိုတင်းများဖြင့် အသားမွေးခြင်း
ဝက်တွေကို တတိယမွေးခြင်းအဆင့်မှာ အသားမွေးခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နို့ခွဲချိန်ကာလ ဖြစ်ပါတယ်။ ပဲဖတ်၊ နှမ်းဖတ်လိုအစာတွေက အပင်ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစာတွေ ဖြစ်ပါတယ်။ ငါး၊ ငါးခြောက်၊ ပုဇွန်တွေကတော့ တိရိစ္ဆာန်မှရတဲ့ ပရိုတင်းတွေဖြစ်ပါတယ်။ ဝက်များကြီးထွားနှုန်းကောင်းရန် အပင်မှသော်လည်းကောင်း တိရစ္ဆာန်မှသော်လည်းကောင်း ရရှိတဲ့ ပရိုတင်းတစ်မျိုးတည်းကိုမကျွေးဘဲ အပင်နဲ့ တိရစ္ဆာန်အမျိုးမျိုးမှရရှိနိုင်တဲ့ ပရိုတင်းတွေကို အားထားကျွေးရမယ့်ကာလဖြစ်ပါတယ်။ ဝက်သက်တမ်းကို ၁၀ လမှ ၁၅ လအတွင်း အသားအတွက်ရောင်းချပါက ဝက်ရဲ့သက်တမ်း ၇-လ ၈-လအထိ အသားမွေးပေးဖို့ လိုအပ်ပါတယ်။
ကစီဓာတ်၊ ရေနှင့် အချိုဖြင့် အဆီမွေးခြင်း
အသားချိန်အတွက် ဝက်မွေးမြူသူတွေက ကတ္တားတင်တော့မယ့် နောက်ဆုံးအဆင့်မှာ ဝက် အလေးချိန်တိုးစေဖို့ ‘ဝ’စေဖို့ ကြိုးပမ်းကြပါတယ်။ ဝက်ကို ‘ဝ’စေတဲ့ အစာတွေက ကစီဓာတ်ကြွယ်ဝတဲ့ ဆန်ကွဲ၊ ပီလောပီနံ၊ ကန်စွန်းဥ၊ ပြောင်းစတာတွေဖြစ်ပြီး ရေတိုက်တာကလည်း ဝက်ကို ‘ဝ’စေပါတယ်။ ဝက်ဆာတဲ့အခါ အစာတောင်းတဲ့အခါ အစာအနည်းငယ်ပါတဲ့ ရေများများနဲ့ဖျော်ထားတဲ့ အစာရည်ကိုတိုက်ရင် ဝက်ကရေပိုသောက်ကြပါတယ်။ မျှင်ငပိအချို၊ အငန်၊ ဝက် ကြိုက်တဲ့ အစာတစ်မျိုးကို ရေများများမှာ ဖျော်ကျွေးခြင်းဖြင့် ဝက်တွေကို ရေပိုသောက်စေပါတယ်။ ဝက်အလေးချိန်တိုးရန် ‘ဝ’လာရန် အချိုကျွေးကြပါတယ်။ ထန်းလျက်၊ သကာရည်၊ ကြံသကာ တစ်မျိုးမျိုးကို ကျွေးနိုင်ပါတယ်။
ဝက်မွေးမြူသူများအနေနဲ့ အချိန်ဟာ ငွေဖြစ်တာကို သဘောပေါက်ကြပါတယ်။ ဝက်တွေကို အချိန်ကာလအတိုဆုံးအတွင်း အလေးချိန် အများဆုံးရရှိရန် ကြိုးပမ်းကြရပါတယ်။ ဝက်ငယ်တွေကို ပဋိသန္ဓေတည်စမှ ကတ္တားတင်တဲ့အချိန်အထိ လျင်မြန်စွာကြီးထွားဖို့ လိုအပ်ပါတယ်။ အဆီမွေးတဲ့နောက်ဆုံးအဆင့်မှာ ဝက်များ ကိုယ်လက်လှုပ်ရှားမှုကိုလျော့အောင် ပြုလုပ်ကြပါတယ်။ ဝက်များမှာ မတ်တပ်ပင်မထဘဲ အချိန်ကာလများစွာ လဲလျောင်းနေစေပါတယ်။ ဝါး၊ သစ်သားကြမ်းခင်းမှာမွေးတဲ့ဝက်တွေ ပြေးလွှားလှုပ်ရှားမှုမပြုနိုင်ဖို့ အချို့က သစ်သား၊ ဝါး အချို့ကို ဖြုတ်ထားတတ်ကြပါတယ်။
Ref:နည်းသစ်စွယ်စုံမှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။