တခါတရံ အပင်တွေရဲ့ အစိတ်အပိုင်းတွေပေါ်မှာ အနက်ရောင် အစက်အပြောက်တွေ ဖုံးလွှမ်းနေတာကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဆိုရင် ၎င်းအခြေအနေဟာ ကြပ်ခိုးမှို (Sooty mold) လို့ခေါ်တဲ့ မှိုရောဂါ ကျရောက်နေတာ ဖြစ်နိုင်ပါတယ်။
အမှန်တကယ်တော့ ကြပ်ခိုးမှို (Sooty Mold) ဆိုတာ ကျွန်တော်တို့ရဲ့ သီးနှံပင်တွေပေါ်မှာ အပင်ရည်ကိုစုပ်ယူစားသုံးပြီးနောက် အင်းဆက်ပိုးမွှားတွေကနေ ချန်ရစ်ထားခဲ့တဲ့ စစ်ထုတ်ရည်တွေပေါ်မှာ ရှင်သန်ကြီးထွားလာတဲ့ မှိုအမျိုးအစားများစွာကို ယေဘုယျအားဖြင့် ခြုံငုံသတ်မှတ်ပြီး ခေါ်ဆိုတဲ့နာမည်ဖြစ်ပါတယ်။
ဒီမှိုတွေဟာ အပင်တွေကို မကူးစက်နိုင်ပေမယ့်လည်း အရွက်တွေကို နေရောင်ခြည်မရရှိအောင် ပိတ်ဆို့ဖုံးအုပ်ထားခြင်းဖြင့် အပင်တွေကို ပျက်စီးစေနိုင်တာလည်း ဖြစ်ပါတယ်။ ဒီလို မှိုတွေကိုကျရောက်စေတဲ့ အခြေအနေဟာ များသောအားဖြင့်တော့ ပျပိုး၊ ယင်ဖြူ၊ ဖြုတ်ပိုး၊ ပိုးစေးနှဲ၊ အကြေးပိုး၊ Spotted lanternflies နဲ့ အပင်ရည်ကို စုပ်ယူစားသုံးနိုင်သော ပါးစပ်အစိတ်အပိုင်းပါဝင်တဲ့ အခြားသော အင်းဆက်ပိုးတွေ ကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
မှိုတွေ ကြီးထွားလာတာနဲ့အမျှ ၎င်းတို့ဟာ ကြပ်ခိုးနဲ့တူပြီး မည်းနက်တဲ့ မိုင်စီလီယယ် မှိုမျှင် (mycelial threads) တွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ၎င်းမှိုမျှင်တွေဟာ သေးငယ်တဲ့ အစက်အပြောက်လေးတွေကနေ ကြီးမားတဲ့ အကွက်တွေအထိရှိနိုင်ပြီး အရွက်နဲ့ ပင်စည်တွေရဲ့ နေရာအများစုကို ဖုံးအုပ်သွားမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေပေါ်မှာပါ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုကြပ်ခိုးမှိုတွေ ဖြစ်ပေါ်လာတာကလည်း အနည်းငယ်ရှုပ်ထွေးမှုရှိပါတယ်။ အချို့သော မှိုတွေကတော့ အင်းဆက်အမျိုးမျိုးကနေ ထွက်ရှိတဲ့ စစ်ထုတ်ရည်တွေပေါ်မှာ ကြီးထွားနိုင်တာဖြစ်ပြီး အချို့သော မှိုတွေကတော့ ၎င်းတို့သတ်မှတ်ထားတဲ့ အပင်နဲ့ သတ်မှတ်ထားတဲ့ အင်းဆက်တွေရဲ့ စစ်ထုတ်ရည်တွေပေါ်မှာပဲ ကြီးထွားကြတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကြပ်ခိုးမှိုဖြစ်စေတဲ့ မှိုမျိုးစိတ်တွေကတော့ Scoias၊ Cladosporium၊ Fumago နဲ့ Capnodium ဆိုတဲ့ မျိုးစိတ်တွေပဲဖြစ်ပါတယ်။
အဆိုပါမှိုတွေကနေ မှိုစပိုးတွေထုတ်လုပ်တာဖြစ်ပြီး ၎င်းမှိုစပိုးတွေဟာ အပင်တွေကို ရေပက်ဖျန်းခြင်းနဲ့ လေတိုက်ခြင်းကနေတဆင့် အခြားအပင်တွေဆီကို ပျံ့နှံ့နိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် mycelia မှိုမျှင်တွေရဲ့ ကျိုးပဲ့သွားသော သေးငယ်တဲ့ အပိုင်းအစလေးတွေကနေလည်း ကူးစက်နိုင်တာ ဖြစ်ပါတယ်။ ဒီမှိုမျှင်တွေရဲ့ ဖွဲ့စည်းပုံဟာ စေးကပ်တဲ့အနေအထားရှိပြီး ၎င်းအခြေအနေကြောင့်ပဲ ကျရောက်နေတဲ့ အပင်အစိတ်အပိုင်းတွေရဲ့ မျက်နှာပြင်ပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် တွယ်ကပ်နေနိုင်တာ ဖြစ်ပါတယ်။ အချို့သော ဖြစ်ရပ်တွေမှာတော့ အင်းဆက်ပိုးမွှားတွေ ကျရောက်ထားတဲ့ လက္ခဏာမတွေ့ရပေမဲ့လည်း အပင်တွေကိုယ်တိုင်ကနေ စစ်ထုတ်ရည်ကို ထုတ်ပေးတာမျိုးလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ခေါင်ရန်း (hibiscus) နဲ့ သစ်ကြားသီးပင် (black walnut) ကဲ့သို့သော အပင်တွေရဲ့ အရွက်ပေါ်မှာဆိုရင် မှိုကြီးထွားမှုကို မြှင့်တင်ပေးနိုင်တဲ့ စစ်ထုတ်ရည်ကို ထုတ်လွှတ်ပေးသော trichomes လို့ ခေါ်တဲ့ ထူးခြားတဲ့ အမွှေးအမျှင်တွေ ပါရှိနေတာလည်း ဖြစ်ပါတယ်။
ထိခိုက်ပျက်စီးမှုများ
ကြပ်ခိုးမှို ကျရောက်တာဟာ ရောဂါကူးစက်တာ မဟုတ်ပါဘူး။ ၎င်းဟာ အပင်တစ်သျှူးတွေရဲ့ မျက်နှာပြင်ပေါ်မှာ ပုံမှန်အတိုင်း မှိုတွေ ကြီးထွားလာခြင်းပဲ ဖြစ်ပါတယ်။ ထို့အပြင် ဒီမှိုတွေဟာ အင်းဆက်ပိုးတွေလို လက်ခံပင်တွေပေါ်မှာ စားသောက်ဖျက်ဆီးတာမျိုးလည်း မလုပ်ကြပါဘူး။ ဒီမှိုတွေ ကျရောက်ခြင်းဟာ အဓိကအားဖြင့် အပင်ရဲ့အသွင်အပြင်ကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား ကျရောက်မယ်ဆိုရင်တော့ အလွန်မည်းနက်တဲ့ မှိုမျှင်တွေ ကြီးထွားလာမှာဖြစ်ပြီး အရွက်ကနေ နေရောင်ခြည်ရရှိမှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ဖြစ်ပါက အရွက်တွေဟာ လုံလောက်တဲ့ ကလိုရိုဖီးလ်ပမာဏကို မထုတ်လုပ်နိုင်တော့ဘဲ ၎င်းတို့ရဲ့ အစာချက်လုပ်ခြင်းကို ကန့်သတ်လိုက်နိုင်တာ ဖြစ်ပါတယ်။ မှိုကျရောက်ခြင်းရဲ့ ရလဒ်အနေဖြင့် အရွက်များ ညှိုးနွမ်းသေဆုံးကာ နောက်ဆုံးမှာ ကြွေကျသွားမှာ ဖြစ်ပါတယ်။ မှိုကျရောက်တာ များပြားရင်တော့ အပင်တစ်ပင်လုံး သေဆုံးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
ထိန်းချုပ်ကာကွယ်ခြင်း
ကြပ်ခိုးမှိုကို ထိန်းချုပ်ကာကွယ်ဖို့အတွက်ဆိုရင် စစ်ထုတ်ရည်ထုတ်ပေးတဲ့ အင်းဆက်အဖျက်ပိုးတွေကိုသာ ကာကွယ်နှိမ်နင်းနိုင်ပါက မှိုတွေအတွက် အစာအရင်းအမြစ်ကို ဖြတ်တောက်လိုက်မှာဖြစ်ပြီး ကြပ်ခိုးမှိုတွေလည်း အလိုလိုပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီမှိုရောဂါကျရောက်တဲ့အခါ မှိုသတ်ဆေးတွေနဲ့ ကုသတာမျိုးကို အကြံမပြုလိုပါဘူး။ မှိုသတ်ဆေးတွေဟာ မှိုတွေကိုသေစေနိုင်ပြီး ပြန့်ပွားမှုကိုလျှော့ချပေးနိုင်ပေမဲ့လည်း အပင်ပေါ်မှာရှိနေတဲ့ အမည်းရောင်မှိုမျှင်တွေကို ဖယ်ရှားပေးနိုင်မှာ မဟုတ်သလို နောင်တစ်ချိန် ရောဂါဖြစ်ပွားမှုကိုလည်း တားဆီးပေးနိုင်မှာ မဟုတ်ပါဘူး။
ထို့ကြောင့် ပထမဆုံးအနေနဲ့ စဥ်းစားသင့်တဲ့နည်းလမ်းကတော့ စိုက်ပျိုးနည်းစနစ်နဲ့ ကာကွယ်နှိမ်နင်းတာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် သီးလှည့်စိုက်ပျိုးခြင်းစနစ် ဖြစ်ပါတယ်။
သီးလှည့်စိုက်ပျိုးခြင်းဖြင့် မှိုတွေပေါက်ပွားလာနိုင်တဲ့ အဖျက်ပိုးမွှားတွေရဲ့ အစာအရင်းအမြစ်ကို ထိခိုက်စေမှာဖြစ်ပြီး အဖျက်ပိုးမွှားတွေ ကျရောက်ခြင်းကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ စိုက်ခင်းအနီးပတ်ဝန်းကျင်မှာ အကျိုးပြုအင်းဆက်တွေ လာရောက်နေထိုင်နိုင်ဖို့အတွက် နေရာတွေဖန်တီးပေးထားသင့်သလို ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းတဲ့ နည်းလမ်းတွေကိုလည်း အသုံးပြုသင့်ပါတယ်။
ထို့အပြင် အင်းဆက် အဖျက်ပိုးတွေ မလာရောက်နိုင်အောင် ဟန့်တားပေးနိုင်တဲ့ ပူစီနံ၊ ပင်စိမ်း၊ ထပ်တရာပန်း၊ လာဗန်ဒါနဲ့ စမုန်စပါး ကဲ့သို့ အပင်တွေကိုလည်း စိုက်ခင်းအနီးမှာ စိုက်ပျိုးထားသင့်ပါတယ်။
ယေဘုယျအားဖြင့် ကျန်းမာသန်စွမ်းတဲ့ အပင်တွေဟာ အင်းဆက်ပိုးမွှား ကျရောက်မှုနည်းတာကြောင့် အပင်တွေရဲ့ကြားမှာ မှန်ကန်သင့်တော်တဲ့ အကွာအဝေးနဲ့စိုက်ပျိုးခြင်းဖြင့် လေ၀င်လေထွက်ကောင်းမှာ ဖြစ်သလို၊ စနစ်တကျ ရေသွင်းပေးခြင်းနဲ့ အဖျက်ပိုးမွှားတွေကို လက်ခံနိုင်တဲ့ ပေါင်းပင်၊ အပင်အကြွင်းအကျန်၊ အမှိုက်သရိုက် စသည်တို့ကိုလည်း ကင်းစင်အောင် ပြုလုပ်ထားသင့်ပါတယ်။
သဘာဝပိုးသတ်ဆေးအနေနဲ့ဆိုရင် အင်းဆက်သတ်နိုင်တဲ့ ဆပ်ပြာဖျော်ရည်၊ ရှာလကာရည်၊ တမာဆီ သို့မဟုတ် စိုက်ခင်းသုံး ဟင်းသီးဟင်းရွက်ဆီ စသည်တို့ကိုလည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
- တမာဆီကို အသုံးပြုမယ်ဆိုရင်တော့ တမာဆီ ထမင်းစားဇွန်း ၂ ဇွန်း၊ ဆပ်ပြာရည် ထမင်းစားဇွန်း ၁ ဇွန်းနဲ့ ရေ ၁ ဂါလံကို ရောစပ်ပြီး ၇ - ၁၄ ရက်လျှင် ၁ ကြိမ် အပင်တွေမှာ ပက်ဖြန်းနိုင်ပါတယ်။
- ရှာလကာရည်ကို အသုံးပြုမယ်ဆိုရင်တော့ ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်းကို ရေ ၁ ဂါလံနဲ့ ရောစပ်ပြီး အပင်တွေကို ဖြန်းပေးနိုင်ပါတယ်။
ရောဂါဖြစ်ပွားမှု မများသေးဘူးဆိုရင်တော့ အပင်ပေါ်မှာရှိနေတဲ့ အမည်းရောင်မှိုမျှင်တွေကို ဆေးကြောသန့်စင်ဖို့အတွက် ဆပ်ပြာနဲ့ ရေကို အသုံးပြုလို့ရပါတယ်။ အိမ်သုံးဆပ်ပြာရည် ထမင်းစားဇွန်း ၁ ဇွန်းကို ရေတစ်ဂါလံမှာထည့်ပြီး ကောင်းစွာမွှေပေးပါ။ ၎င်းအရောအနှောကို အပင်ရဲ့ မှိုကျရောက်နေတဲ့ နေရာတွေပေါ်မှာ တိုက်ရိုက် ပက်ဖြန်းပေးပါ။ ဖြန်းပြီး ၁၅ မိနစ်ကြာပါက ဆပ်ပြာရည်ကို ဆေးကြောဖို့အတွက် ရေခပ်ပြင်းပြင်း ပက်ဖြန်းပေးပါ။ ဒီလိုပုံစံအတိုင်း ၅ - ၇ ရက်လျှင် ၁ ကြိမ် ပြုလုပ်ပေးပါက မှိုတွေ ပျံ့နှံ့ဖို့အတွက် ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။