ထုတ်ကုန် ထုတ်ကုန် ဆက်သွယ်ချက်

24/01/2020 12:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးမှာထွက်လာတဲ့ ထုတ်လုပ်တဲ့ ထုတ်ကုန်ဆိုတာက တစ်ခုတည်း ရှိတာမဟုတ်ပြန်တော့ အနည်းဆုံး စပါးနဲ့ ကောက်ရိုးတော့ ထွက်တာပါပဲ။ အဲ့လို အနည်းဆုံးထုတ်ကုန် (၂)မျိုးရှိတဲ့အတွက်ကြောင့်မို့ ထုတ်ကုန်အချင်းချင်း ဘယ်လို ဆက်စပ်နေသလဲ ဆိုတာကို  စိုက်ပျိုးစီးပွား ရူထောင့်ကနေ တစ်ချက်ကြည့်ကြမယ်။ 

အဲ့လိုကြည့်လိုက်ခြင်းအားဖြင့် ဘာတွေရလာနိုင်သလဲဆိုတော့ ဘယ်လိုနည်းပညာကိုဦးစားပေးပြီး ဘယ်လို ထုတ်ကုန်ကို ထုတ်လုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ချက်ချတဲ့အခါမှာ ကူညီနိုင်မှာဖြစ်ပါတယ်။ 

အခြေခံ ဆက်သွယ်ချက်မှာဆိုရင်

(၁) ချိတ်ဆက်ထုတ်ကုန် 

စစချင်းက ဥပမာပေးခဲ့သလို စပါးနဲ့ ကောက်ရိုးလိုမျိုးပါ။ ထုတ်ကုန်ရဲ့ ထုတ်လုပ်မှုဖြစ်စဉ်တွေဟာအားလုံး အတူတူဖြစ်ပြီးတော့မှ နောက်ဆုံးမှာ ထုတ်ကုန် (၂) ခုထွက်ပါတယ်။ အဲ့လို ထုတ်ကုန်တွေမှာဆိုရင် တစ်ခုကိုတစ်ခုမှီတည်နေတတ်ကြပါတယ်။ ကောက်ရိုးဖြစ်လာမဲ့ အရိုးအတံက ခိုင်မာသန်စွမ်းနေမှ စပါးနှံနဲ့ အထွက်လည်း ကောင်းတယ်ဆိုတာမျိုး ဆက်နွယ်နေကြပါတယ်။ 

(၂) တွဲဖက်ထုတ်ကုန်

တစ်ခုရှိမှ တစ်ခုဖြစ်တဲ့ ပုံစံမျိုး ဆက်နွယ်နေတာဖြစ်ပါတယ်။ တစ်ခုရဲ့ အတိုင်းအတာက နည်းသွားတယ်ဆိုရင် နောက်တစ်ခုကလည်း နည်းသွားတာမျိုး တန်းစီပြီးတော့ နည်းသွားတာမျိုး အတိုင်းအဆတူဖြစ်တတ်တဲ့ ဆက်နွယ်မှုရှိတဲ့ ထုတ်ကုန်ပါ။ စပါးစိုက်နောက်ကျလို့ ပဲစိုက်လည်း နောက်ကျတယ် ဆိုတာမျိုးပါ။

(၃) ဖြည့်စွက် ထုတ်ကုန်

အပိုအနေနဲ့ ထုတ်လုပ်တဲ့ ထုတ်ကုန်မျိုးပါ။ တစ်ခုက တိုးသည်ဖြစ်စေ လျော့သည်ဖြစ်စေ၊ တစ်ခြားထုတ်ကုန်ရဲ့ ထုတ်လုပ်မှုကို မထိခိုက်နိုင်တာမျိုးပါ။ မထိခိုက်လို့ ဆက်နွယ်မှုမရှိတာမဟုတ်ပါဘူးနော်။ သူ့ဟာနဲ့သူ ဆက်နွယ်နေပါတယ်။ ဈေးကွက်ထဲမှာဆိုရင် မပြိုင်ဆိုင်ပဲ သူ့ဟာနဲ့သူ ရှိနေတဲ့ တွဲလျက်ထုတ်ကုန်လိုမျိုးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီလိုမျိုးပေါ့။

(၄) ပြိုင်ဆိုင်မှုရှိတဲ့ ထုတ်ကုန်

ဒီတစ်ခုကတော့ တစ်ခုနဲ့ တစ်ခုပြိုင်ဆိုင်မှုရှိတဲ့ ထုတ်ကုန်မျိုးဖြစ်ပါတယ်။ ဈေးကွက်ထဲက ထုတ်ကုန်တွေဆက်နွယ်မှုကိုကြည့်လိုက်ရင် တစ်ခုက လျော့နေတယ်ဆိုရင် နောက်တစ်ခုက ပိုရောင်းကောင်းသွားတာမျိုး စတဲ့ ပြိုင်ဆိုင်မှုတွေရှိနေတဲ့ ထုတ်ကုန်အမျိုးအစားတွေပါပဲ။ ဘာလို့ ပြိုင်ဆိုင်မှုတွေရှိသလဲဆိုရင် သူတို့က အစားထိုးလို့ရလို့ပါပဲ။

ဈေးထဲသွားရင် ဟင်းရွက်တွေရဲ့ ပြိုင်ဖက်တွေက နောက်ဟင်းရွက်သည်တွေပေါ့။ ချဉ်ပေါင်ရွက် မလတ်တဲ့ အသည်နားဆို သိပ်မရပ်ချင် မဝယ်ချင်ပဲနဲ့ လတ်တဲ့နေရာနားသွားဝယ်တာမျိုး လုပ်တာပေါ့။ မလုပ်ပဲနေမလား ။ အဲ့တော့ တစ်ခုရဲ့ နည်းခြင်းများခြင်းက နောက်တစ်ခုရဲ့ နည်းခြင်းများခြင်းကို ဆုံးဖြတ်တယ်။ ဈေးသတ်မှတ်တယ် ဆိုတဲ့ ဆက်နွယ်မှုတွေရှိပါတယ်။ 

အစားထိုးလို့ရတဲ့ ထုတ်ကုန်တွေဖြစ်နေလို့ပါပဲ။ အစားထိုးနိုင်တယ်ဆိုတာ (၃)မျိုးရှိပါတယ်တဲ့။ ဆက်ကြည့်ရအောင်

(က) ကိန်းသေနှုန်းနဲ့ အစားထိုးနိုင်ခြင်း။

လယ်မြေတစ်ခုပဲ ရှိတယ်။ စိုက်ချင်တာက (၂)မျိုးဖြစ်နေတယ်။ တစ်ခုပဲစိုက်ရမယ်ဆိုရင် အဲ့ဒါက ကိန်းသေနှုန်းနဲ့ အစားထိုးခြင်းပါပဲ။ ပြိုင်ဆိုင်မှုရှိတဲ့ ထုတ်ကုန်မှာ တစ်ခုကို တစ်ခုနဲ့ အစားထိုးနိုင်တယ်။  (၂) ခုဆို (၂) ခုနဲ့ အစားထိုးတယ်။ အဲ့လို ကိန်းသေ ပုံမှန်အတိုင်း အစားထိုးလို့ရတဲ့ နှုန်းရှိနေတဲ့ ပစ္စည်းတွေလည်း ရှိပါတယ်။ မြန်မာစကားဆိုရင် ငကန်းသေရင် ငစွေလာလိမ့်မယ် ဆိုတာနဲ့ တူတူပေါ့။ 

(ခ) တိုးတက်နှုန်းနဲ့ အစားထိုးနိုင်ခြင်း။ 

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတာမျိုး ပြောရမလား။ ကုန်ပစ္စည်းတစ်ခုပျောက်ရင် နောက်အစားထိုးဖို့က တန်းစီပြီးစောင့်နေတာမျိုးပါ။ (၁) ခုပျောက်ရင် (၂)ခု အစားထိုးမယ်။ (၂)ခုပျာက်ရင် (၅) ခု အစားထိုးမယ်။ (၃)ခုပျောက်ရင် (၈)ခု အစားထိုးမယ်။ အဲ့လို အစားထိုးနိုင်မှုနှုန်းက တစ်ဖြည်းဖြည်းတိုးလာတာကိုပြောတာပါ။

အသီးအရွက်ကို နို့ထွက်ပစ္စည်းတွေနဲ့ အစားထိုးမှ ရတော့မယ်။ အရွက်တွေ မရှိတော့ဘူးဆို အရွက်(၂)စည်းကြော်စားမဲ့အစား နွားနိ့ (၁)ခွက်လောက်ပဲ သောက်တော့မယ် ဆိုတာမျိုးနဲ့ ဖြစ်ပါတယ်။ ထုတ်ကုန်အချင်းချင်းက တိုက်ရိုက်ပြိုင်ဆိုင်နေကြတာမဟုတ်ပေမဲ့ စိုက်ပျိုးထုတ်ကုန်တွေအားလုံးဟာ လူတွေရဲ့ အသက်ရှင်နေထိုင်လိုမှုတွေကြားက ဆုံးဖြတ်ချက်မှာ နို့ထွက်ပစ္စည်းတွေလား အသားလား အရွက်လားဆိုတာကို ပြိုင်ဆိုင်နေကြတာပါပဲ။ ခုလိုဆိုရင် ခါတိုင်းထက်လျော့တဲ့ အစားထိုးနှုန်းနဲ့ အစားထိုးလို့ရတဲ့ ထုတ်ကုန် ရှိတယ်ဆိုတာကိုလည်း သိထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဒီလို လျော့တဲ့ အစားထိုးနှုန်းဆိုတာက စိုက်ပျိုးရေးထုတ်ကုန်တွေမှာ ရှားပါးပါတယ်တဲ့။ 

ကဲ့ အဲ့ဒါဆိုရင် ကိုယ်စိုက်နေတဲ့ ထုတ်ကုန်တွေကို ဈေးကွက်စီးပွားရေးဖက်ကနေ တစ်ချက်ပြန်ကြည့်လိုက်ရင် ဘာလို ထုတ်ကုန် ဆက်သွယ်ချက်တွေရှိနေသလဲ။ ချိတ်ဆက်လား တွဲဖက်လား ဖြည့်စွက်လား ပြိုင်ဆိုင်မှု ရှိတဲ့ထုတ်ကုန်တွေလား၊ ဘယ်လိုပြိုင်ဆိုင်မှုရှိသလဲ ဆိုတာကို တွေးကြည့်ပါဦးနော်။

တောင်သူဦးကြီးများဆုံးဖြတ်ချက်မှန်ကန် အကျိုးတိုးတက်နိုင်ကြပါစေ။ 

ထွန်းဝင်းကျော်

Reference

‘Production Economics and Farm Management’, Virender Kumar Professor (Agricultural Economics) Department of Agricultural Economics, Extension Education & Rural Sociology, COA, CSKHPAU, Palampur-176 062 (HP), India