ထန်းပင်ကို ကာကွယ်ကြပါစို့

26/04/2018 11:35 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထန်းပင်သည် အညာဒေသ၏ အလှတစ်ပါးဖြစ်ပါသည်။ အလှတစ်ပါး ဆိုသည်ထက် သဘာဝ၏ လက်ဆောင်မွန်ဆိုပါက ပို၍ ပြည့်စုံတိကျမည် ဖြစ်ပါသည်။ ထန်းပင်စိုက်ရန် ဓာတ်မြေသြဇာမလို ပိုးသတ်ဆေးမလို၊ ရေပေးသွင်းရန်မလို၊ သဘာဝအလျောက် ရှင်သန်နိုင်သော အပင်ဖြစ်ပါသည်။ ရေဓာတ်ရှိသော မြေ၌ ထန်းပင်သည် ၁၅ နှစ်အတွင်း အရွယ်ရောက်အသုံးချနိုင်ပြီး ခြောက်သွေ့သောမြေ၌ ၂၅ နှစ်အတွင်း အရွယ်ရောက် အသုံးချနိုင်ပါသည်။ ထန်းပင်သည် နှစ်တစ်ရာအထိ ရှင်သန်နိုင်သော အံ့သြစရာ အပင်တစ်မျိုးဖြစ်ပါသည်။ 

စိုက်ပျိုးရန် ရင်းနှီးမြှုပ်နှံမှု မလိုသော ထန်းပင်သည် ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်ရသော အပင်တို့ထက်ပင် လူသားတို့အတွက် ရလဒ် အသီးအပွင့်များစွာကို ဖန်တီးပေးပါသည်။ ထန်းပင်မှ ဖန်တီးရရှိသော လူမှုအသုံးအဆောင်ပစ္စည်းတို့သည် ကျေးလက်ပြည်သူတို့၏ နေ့စဉ်ဘဝများအတွက် များစွာ အသုံးဝင်ပါသည်။ ကျေးလက်ပြည်သူတို့၏ နေအိမ်ခေါင်မိုး၊ ခြံစည်းရိုး၊ အကာတို့ကိုလည်း ထန်းပင်မှ ဖန်တီးရယူရပါသည်။ ပို၍ ပြည့်စုံအောင် တင်ပြရပါက ထန်းပင်သည် လူသားတို့အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်သကဲ့သို့ ကျေးငှက်မျိုးစုံတို့အတွက်လည်း အကောင်းဆုံး ခိုလှုံရာ ဖြစ်ပါသည်။

ထန်းပင်၏အမြစ်သည် ရေကို သိုလှောင်ထားနိုင်စွမ်းရှိပါသည်။ သို့ဖြစ်ပါ၍ ရှေးမိဘဘိုးဘွားတို့သည် ရေကန်၊ အင်းအိုင်၊ မြစ်ချောင်းတို့ ဝန်းကျင်၌ ထန်းပင်တို့ကို စိုက်ကြခြင်းဖြစ်ပါသည်။ ပို၍ တိကျစွာတင်ပြရပါက ထန်းပင်သည် ကုန်ကျစာရိတ် ဗလာနတ္တိဖြင့် သဘာဝ အရေအရင်းအမြစ်ကို ထိန်းသိမ်းပေးသော အပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားတို့ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်ကို ထိန်းပေးသော အပင်မှာ ထန်းပင်ဖြစ်ပါသည်။ ထိုမျှမက ထန်းပင်သည် မုန်တိုင်းတို့၏ အရှိန်အဟုန်ကို တွန်းလှန်ယုတ်လျော့စေပါသည်။ သဲမြေတို့ တိုက်စားပြုန်းတီးမှုကိုလည်း ကာကွယ်ပေးပါသည်။

ထန်းပင်မှ ရရှိသော အချိုဓာတ်၏ တန်ဖိုးကို ပစ္စုပ္ပန်လူသားတို့က မေ့မေ့လျော့လျော့ မသိကျိုးကျွန်ပြုနေကြသည်ဟု ဆိုရမည် ဖြစ်ပါသည်။ အချိုဓာတ်အတွက် လူသားတို့ နေ့စဉ်အသုံးပြုနေရသော ကြံမှ ရသည့်သကြားသည် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စဉ်အရ ဘေးထွက်ဆိုးကျိုးများစွာ ရှိပါသည်။ ကြံကို စိုက်ပျိုးသည့်အခါ ရေအရင်းအမြစ်ကို များစွာအသုံးပြုရပါသည်။ ကြံကိုစိုက်ပျိုးစဉ်ကာလအတွင်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကိုလည်း အသုံးပြုရပါသည်။ ကြံမှ သကြားထုတ်လုပ်သော လုပ်ငန်းစဉ်သည် ကျယ်ပြန့်ပြီး စွမ်းအင်လိုအပ်ချက်ကြီးမားသော လုပ်ငန်းမျိုးဖြစ်ပါသည်။ ထိုမျှမက သကြားထုတ်လုပ်ရာ၍ Sulphur dioxide နှင့် တခြားသော အရောင်ချွတ်ဓာတုပစ္စည်းများကို အသုံးပြုရပါသည်။

သို့သော် ထန်းပင်မှရရှိသော ထန်းလျက်သည် မည်သည့်ဓာတုပစ္စည်းကိုမျှ အသုံးပြုထုတ်လုပ်ရန် မလိုသော အချိုဓာတ် ဖြစ်ပါသည။ ထန်းလျက်၌ ဗီတာမင်ဘီများစွာ ပါဝင်သကဲ့သို့ သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တို့လည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ တိုင်းရင်းဆေးပညာ၌ ထန်းလျက်သည် ဆေးတစ်ပါးဖြစ်ပါသည်။

ဤမျှ ဤမျှ အသုံးဝင်သော ထန်းပင်တို့ကို တစ်ပင်လျှင် ကျပ်ငါးထောင်မျှဖြင့် အတုံးအရုံးခုတ်လှဲရောင်းချနေသည်ဟူသော သတင်းသည် အညာကျေးလက်ဒေသ ပြည်သူတို့၏ လူမှုစီးပွားဘဝကို အကြီးအကျယ် ခြိမ်းခြောက်စိန်ခေါ်နေသော သတင်းဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံမှ တင်သွင်းသော သစ်ပင်ဖြတ်လွှစက်တို့ပင် ရောက်ရှိနေသည်ဟူသော သတင်းသည် တုန်လှုပ်ချောက်ချားစရာသတင်း ဖြစ်ပါသည်။ ဤသို့ ထန်းပင်တို့ ခုတ်လှဲရောင်းချခြင်း၌ ထန်းတက်သူ မရှိခြင်းနှင့် ထိန်းသိမ်းစရိတ် မတက်နိုင်ခြင်း(တစ်နည်း) စီးပွားရေး အကျိုးအမြတ် နည်းပါးခြင်းကို အခြေခံ အကြောင်းအရင်းအဖြစ် ပြောဆိုကြပါသည်။ ဤကဲ့သို့သော ပြောဆိုမှုများသည် ထန်းပင်၏ တန်ဖိုးအစစ်အမှန်ကို နားမလည်သောကြောင့် ဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ ကျေးလက်ပြည်သူတို့သည် ဝက်တို့ကို ထန်းရည်နှင့် ပဲပုပ်ရောစပ်ကျွေးမွေးခြင်းဖြင့် ဝက်တို့သည် တစ်ရက်လျှင် ၄၀၀ ဂရမ် အသားတိုးပါသည်။ ဝက်၏ အညစ်အကြေးမှ ထုတ်လုပ်ရရှိသော ဇီဝဓာတ်ငွေ့ဖြင့်လည်း ထမင်း၊ ဟင်း ချက်ပြုတ်ကြပါသည်။ ထန်းပင်၏လက်တွေ့စီးပွားရေးအကျိုးပြုမှု ကျယ်ပြန့်လာစေရန် ဤကဲ့သို့သော နည်းလမ်းတို့ကို ရှာဖွေကြံဆ အသုံးပြုသင့်ပါသည်။ ထန်းပင်တို့ ကာကွယ်ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတို့က မူဝါဒ ချမှတ်နိုင်ရန် လိုသကဲ့သို့ ထန်းပင်၏ အသုံးဝင်မှုကိုလည်း ပြည်သူလူထု အကြား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးသင့်ပါသည်။ ထန်းပင်အခြေပြု စီးပွားရေး လုပ်ငန်းတို့ ထွန်းကားလာစေရန်အတွက် ဘဏ္ဍာရေးပံ့ပိုးမှုတို့ကိုလည်း ပြုလုပ်သင့်ပါသည်။ နိဂုံးချူပ်အနေဖြင့် ပြည်သူလူထုအတွက် ကောင်းကျိုးရလဒ်အဖုံဖုံနှင့် နှစ်ပေါင်းတစ်ရာ ဖန်တီးပေးနိုင်သော ထန်းပင်တို့အား မဖြစ်စလောက်သော ငွေကြေးဖြင့် ရောင်းဝယ်နေခြင်းကို ဟန့်တားကာကွယ်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာ့အလင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်