၁။ နေ့စဉ်ကွင်းဆင်းစစ်ဆေး၍ ဥမြုံများ၊ လောက်ကောင်ငယ်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပါ။ လောက်ကောင်ကြီးများကို ပင်စည်ပတ်လည်ဝိုင်း၍ ထွက်နေသည့် အရွက်များအတွင်းတွင် ရှာဖွေဖျက်ဆီးပါ။
၂။ အပင်ငယ်စဉ် ဥမှပေါက်ခါစ အကောင်ငယ်များမပျံ့နှံ့မီ လက်ဦးမှုယူ၍ ကာကွယ်နှိမ်နင်းပါ။
၃။ တမာ၊ ဆေးရွက်ကြီးများဖြင့် ပြုလုပ်ထားသော သဘာဝပိုးသတ်ဆေးကို လောက်ကောင်ငယ်အဆင့်တွင် ညနေခင်းအချိန်၌ ပက်ဖျန်းပေးပါ။
၄။ ပင်စည်ပတ်လည်ဝိုင်း၍ ထွက်နေသည့် အရွက်များအတွင်း လောက်ကောင်ငယ်များ ခြောက်၍ သေစေရန်အတွက် ပြာမှုန့်၊ သဲမှုန့်၊ မီးသွေးမှုန့်နှင့် လွှစာမှုန့်များ ထည့်ပေးပါ။ ထုံး၊ ဆား၊ ရွှံ့ရည်နှင့် အဝတ်လျှော်ဆပ်ပြာများလည်း ထည့်ပေးနိုင်ပါသည်။
၅။ တစ်ပင်တွင် တစ်ကောင်သာနေပြီး အတွင်းပိုင်းကြီးထွားဆဲ အညွန့်၊ အနှံများနှင့် အဖူးများအတွင်း နေထိုင်စားသောက်တတ်ကြသဖြင့် ပျံ့နှံ့သွားပါက ဆေးဖျန်းခြင်းအတွက် ဆေးပိုမိုသုံးစွဲရန် လိုပါသည်။
၆။ စိုက်ခင်းအတွင်း မိတ်ဆွေပိုးများကို ထိန်းသိမ်းစောင့်ရှောက်ပါ။ ပုရွက်ဆိတ်နီ၊ လိပ်ခုံးကျိုင်း၊ အတောင်မာကျိုင်း၊ နဖာချေးပိုး၊ ပုဇဉ်း၊ ပင့်ကူ၊ ငှက်နှင့် နဂျီအုပ်စုဝင် ကပ်ပါးများနှင့် ကပ်ပါးယင်များအား ထိန်းသိမ်းပေးပါ။
၇။ မီးထောင်ချောက်ထွန်းခြင်းကို တစ်ကွင်းတစပ်တည်း လူထုလုပ်အားဖြင့် ဆောင်ရွက်ပါ။
၈။ ပိုတက်မြေသြဇာကို သုံးစွဲပေးပါ။
၉။ အသုံးပြုသင့်သော ပိုးသတ်ဆေးများမှာ ဖလူဘန်ဒိုင်ရာမိုက် ၂၄ % ဒဗလျူဒီဂျီ၊ ကလိုပိုင်ရီဖော့စ် ၅၀% + ဆိုက်ပါမီသရင် ၅ % အီး စီ၊ ကလိုရန်ထရန်နီလီပရိုး ၅၁.၅ % အက်စ်စီ၊ အင်ဒိုဇာကပ် ၁၅ အက်စ်စီ၊ အင်ဒိုဇာကပ် ၁၅ အက်စ်စီ နှင့် အင်ဒိုဇာကပ် ၁၇ + လန်ဒါဆိုင် ဟေလိုသရင် ၃% အက်စ်စီ တို့ဖြစ်ပြီး ဆေးအညွှန်းပါအတိုင်း ထိရောက်စွာ ပက်ဖျန်းပါ။
၁၀။ ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရာတွင် ဘီတီပိုးသတ်ဆေး (Bacillus thurigiensis) သုံးစွဲနိုင်ပါသည်။
မှတ်ချက်။ ။ ယခင်ကျရောက်လေ့ရှိသော ငမြောင်တောင်ပိုး မျိုးစိတ်များအား နှိမ်နင်းသကဲ့သို့ စိုက်ခင်းပတ်လည် မြောင်းတူးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိပါ။ ပိုးသတ်ဆေးယဉ်ပါးမှုများ မဖြစ်ပေါ်စေရန် အညွှန်းစာ၌ပါသော ညွှန်ကြားချက်များအား အတိအကျလိုက်နာပါရန်နှင့် မတူညီသော ဆေးအုပ်စုများအား အလှည့်ကျသုံးစွဲရန် လိုအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန