မုန်လာဥဖြူ စိုက်ပျိုးနည်း

09/01/2018 14:52 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မူရင်းဒေသ
မုန်လာဥ၏ မူရင်းဒေသမှာ ဥရောပနှင့် အာရှတိုက် (၂)မျိုးလုံးဖြစ်နိုင်သည်ဟု ယူဆကြသည်။

၂။ မုန်လာဥမျိုးများ
မုန်လာဥမျိုးများသည် ပုံသဏ္ဍာန်၊ အရောင်စသည်တို့လည်း အမျိုးမျိုးကွဲပြားလျက်ရှိသည်။ ဥရောင်မှာ ယေဘုယျအားဖြင့် ဥဖြူမျိုးနှင့် ဥနီမျိုးဟူ၍ ရှိသည်။ ပုံသဏ္ဍာန်အနေဖြင့် (၃)မျိုးတွေ့ရသည်။
      ယခုအခါ သိပ္ပံနည်းစနစ်တိုးတက်လာသည်နှင့်အမျှ ဖော်ပြပါ အခြေခံပုံသဏ္ဍာန်များအပြင်မျိုးစပ်၍ ပုံစံ အမျိုးမျိုး ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ အမျိုးအစားအနေဖြင့်-
(က) ဥရောပမျိုး
(ခ) တရုတ်မျိုး
(ဂ) ဂျပန်မျိုးဟူ၍ ခွဲခြားလာပါသည်။
ဥပေါ်ချိန် သက်တမ်းလိုက်၍ (၃)မျိုး ခွဲနိုင်ပါသည်။
(က) စိုက်ပျိုးပြီး (၂၀-၃၀) ရက်အကြာ နုတ်သိမ်းနိုင်သော သက်လျင်မျိုး။
(ခ) စိုက်ပျိုးပြီး (၃၅-၄၅)ရက်အကြာ နုတ်သိမ်းနိုင်သော သက်လတ်မျိုး။
(ဂ) စိုက်ပျိုးပြီး (၅၀-၆၀) ရက်အကြာ နုတ်သိမ်းနိုင်သော သက်ကြီးမျိုးဟူ၍ ဖြစ်ပါသည်။

မြန်မာအမည် - မုန်လာဥဖြူ
အင်္ဂလိပ်အမည် - RADISH
ရုက္ခဗေဒအမည် - Raphanus sativus
မျိုးရင်းအမည် - CRUCIFERAE

၃။ မြေအမျိုးအစား
ဥအတွက်စိုက်ပျိုးသော အပင်မျိုးဖြစ်သဖြင့် မြေကြီးနက်နက်အထိ မြေသားပွရန်လိုအပ်ပါသည်။ မြေဩဇာ ထက် သန်မှုကို ကြိုက်နှစ်သက်ပြီး အသင့်လျော်ဆုံး မြေအမျိုးအစားမှ သဲနှုန်းမြေဖြစ်ပါသည်။ သို့ရာတွင် သဲဆန်လွန်း သောမြေ၊ စေးလွန်းသော မြေတို့မှအပ အခြားမည်သည့်မြေမျိုးတွင်ဖြစ်စေ၊ သဘာဝမြေဩဇာ လုံလုံလောက် လောက် ထည့်သွင်းစိုက်ပျိုးလျှင်လည်း ဖြစ်ထွန်းနိုင်ပါသည်။

၄။ စိုက်ရာဒေသ
ရှမ်းပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်တိုင်း မြို့နယ်များတွင် အများအပြားစိုက်ပျိုးကြပါသည်။

၅။ ရာသီဥတု
ယေဘုယျအားဖြင့် အအေးကြိုက်ပင်ဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါသည်။ သင့်လျော်သောအပူချိန်မှာ (၆၀) ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပြီး ယင်းတို့ထက်မကျော်သင့်ပါ။ သို့သော် မြန်မာပြည်တွင် (၇၅) ဒီဂရီဖာရင်ဟိုက်ထက် ကျော် သော ဒေသများတွင် အပူဒဏ်ခံနိုင်သော မျိုးများကိုစိုက်ပျိုးနေပြီဖြစ်သည်။ မိုးရေကို အားကိုးစိုက်ပျိုးသော ဒေသ များတွင် တစ်နှစ်မိုးရေချိန်ပျှမ်းမျှ (၅၅)လက်မကျော်ရမည်။ မိုးရေချိန် (၄၀) လက်မထက် လျော့နည်းလျှင် မဖြစ် ထွန်းနိုင်ပါ။ အပူချိန်မသင့်လျော်ပါက ဥသေးခြင်း၊ အမျှင်များခြင်း၊ ပုံသဏ္ဍာန်မကျ ခြင်းနှင့် အနှံ့ပြင်းခြင်းစသည့် ချွတ်ယွင်းချက်များ ဖြစ်ပေါ်နိုင်ပါသည်။

၆။မြေပြုပြင်ခြင်း
စိုက်ခင်းမြေဘောင်ပြုပြင်ရာတွင် အလျားကို သင့်သလိုထားပြီး ဘောင်အနံ (၃ - ၄) ပေ။ အမြင့် (၈) လက်မ ရှိ သင့်ပါသည်။ မြေတွင်းအောင်းပိုးမွှားများကို ကာကွယ်ရန် တစ်ဧကလျှင် အော်ဒရင်းဆေးဒီ (၂.၅) ရာခိုင်နှုန်း ၊ နို့ဆီဘူး (၆၀ - ၈၀) အလုံးထည့်၍ ထယ်ထိုးထွန်မွှေ ပြုလုပ်ရပါသည်။ ဘောင်ဖော်ပြီးနောက် မြေဆွေး၊ နွားချေး ဆွေး ထည့်ပေးပြီး ဘောင်ကို တစ်ညီတည်း ဖြစ်နေစေရန် ဘောင်မျက်နှာပြင်ကို ညှိပေးရသည်။

၇။ စိုက်ပျိုးခြင်း
ပြုပြင်ထားပြီးသောဘောင်ကို ရေဝအောင်လောင်းပြီး မျိုးစေ့ချရန် ကျင်းရာဖော်ရပါမည်။ တစ်ကျင်းနှင့်တစ်ကျင်း အကွာအဝေးမှာ (၄ - ၆) လက်မ၊ တစ်တန်းနှင့် တစ်တန်း (၂)ပေခန့်ထားရသည်။ မျိုးစေ့၏ အပင်ပေါက်နှုန်းပေါ် မူတည်၍ တစ်ကျင်းလျှင် မျိုးစေ့ (၃ - ၄) စေ့ချပြီး မြေပါးပါးဖုံးပေးရပါသည်။ စိုက်ပြီးသော ဘောင်ပေါ်တွင် ကောက်ရိုး ကို တစ်ပေခန့် အရှည်ဖြတ်ပြီး ဖုံးပေးရသည်။ ဤကဲ့သို့ ဖုံးပေးခြင်းဖြင့် မိုးပေါက်မှန်ခြင်း၊ နေရာမှ လွင့်စင်ခြင်း မှ ကာကွယ်ပေးပါသည်။ တစ်ဧကမျိုးစေ့ (၈) ပေါင်ခန့်လိုအပ်ပါသည်။

၈။ စိုက်ပျိုးခင်းပြုစုခြင်း
စိုက်ပြီး (၄) ရက်အကြာတွင် အပင်ငယ်များစတင်ပေါက်လာသည်။ စိုက်ပျိုးပြီး (၁၀-၂၀) ရက်ခန့်တွင် ပေါင်းရှင်း ပေးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် အသန်ဆုံးတစ်ပင်သာ ချန်ခဲ့ပြီး ကျန်အပင်များကို နှုတ်ပစ်ရပါသည်။ အပင် ငယ်စဉ် ရေဝပ်ခံရပါက ဆက်ခက်မကြီးထွားတော့ဘဲ အရွက်များဝါလာပြီး ခါးရိ၍ သေတတ်ပါသည်။ အပင် ငယ်စဉ်အခါတွင် သည်းထန်စွာ ရွာသွန်းသော မိုးဒဏ်မှကာကွယ်နိုင်ရန် အလွယ်တကူတင်ချနိုင်သည့် အမိုး လုပ်ပေးသင့်ပါသည်။ အထူးသဖြင့် အောက်မြန်မာပြည်၌ မိုးများ လွန်းသည့်အခါတွင် အမိုးလုပ်၍ စိုက်လေ့ရှိပါ သည်။

၉။ မြေဩဇာကျွေးခြင်း
မြေပြုပြင်စဉ် တစ်ဧကလျှင် နွားချေးမြေဆွေး (၁၀) တန်ခန့် ထည့်ပေးသင့်ပါသည်။ မြေပြုပြင်စဉ် တီစူပါ (၁၁၂) ပေါင်၊ ပိုတက်ရှ် (၁၁၂) ပေါင်ထည့်ပေးပြီး အပင်ပေါက်ပြီး (၁၀)ရက်သားရလျှင် ယူရီးယား(၅၆) ပေါင် ကို အပင် တန်းခြားထဲတွင် ထည့်ပေးပြီး မြေတောင်မြှောက်ပေးရပါသည်။ ယခုကဲ့သို့ ပထမအကြိမ် မြေဩဇာကျွေးပြီး (၁၅) ရက်ကြာလျှင် ဒုတိယအကြိမ်တစ်ဧက ယူရီးယား တစ်အိတ် (၅၆) ပေါင်ထည့်ပေးရပါသည်။

၁၀။ နုတ်သိမ်းခြင်းနှင့်အထွက်
မျိုးလိုက်၍ စိုက်ပျိုးပြီး (၃၀) ရက်ခန့်အကြာတွင် နုတ်သိမ်းနိုင်သည့် အရွယ်သို့ရောက်ပါသည်။ နုတ်သိမ်းချိန်တွင် မြေတွင်းအစိုဓာတ်ရှိရန် လိုအပ်ပါသည်။ အရွက်နှင့်အတူ နုတ်သိမ်းရာ၌ ဥမကျိုးစေရန် ဂရုစိုက်ရပါသည်။ အချိန် မီမနုတ်သိမ်းပါက ဥကွဲခြင်း၊ အူချောင်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ အမျိုးအစေ့လိုက်၍ တစ်ဧကလျှင် ပေါင် (၅၀၀၀-၆၀၀၀)ခန့် ထွက်နိုင်ပါသည်။

၁၁။ မျိုးစေ့ထုတ်လုပ်နည်း

(က) ဥမှမျိုးစေ့ထုတ်ခြင်း
အရွက်ရောက်ပြီး မုန်လာဥထဲမှ မိမိကြိုက်သော ဥကိုရွေးချယ်ပြီး အောက်ပိုင်းတစ်ဝက်ကို ဓားထက်ထက်ဖြင့် ဖြတ်ရန်လိုအပ်ပါသည်။ အပေါ်အရွက်များကို (၃ - ၄) လက်မခန့်သာထားပြီး အပေါ်ပိုင်းကိုလည်း ဖြတ်တောက် ပစ်ရန် နှင့် ဖြတ်ပြီးသောဥကို စွတ်စိုပြီး လေဝင်လေထွက်ကောင်းသော အခန်းထဲတွင် အပင်မာလာစေရန် နာရီ ဝက်ခန့် လေသလပ်ခံထားပေးရန် လိုပါသည်။ ၎င်းဥကို တစ်ပင်နှင့်တစ်ပင် (၆) လက်မခြား၊ Crown ကို မြေထဲ တစ်လက်မခန့်မြုပ်၍ စိုက်ရပါသည်။ ထိုစိုက်ပျိုး၍ရသော အပင်မှ မျိုးစေ့ထုတ်ယူနိုင်ပါသည်။

(ခ) မျိုးစေ့မှ မျိုးစေ့ထုတ်ခြင်း
ဤနည်းသည် ဥမှမျိုးစေ့ထုတ်ရခြင်းထက်လွယ်ကူပြီး စရိတ်သက်သာသည်။ ထို့ကြောင့် စီးပွားဖြစ် မျိုးစေ့ထုတ် လုပ်သူများအနေဖြင့် ဤနည်းကို သုံးလေ့ရှိပါသည်။ အစေ့မှစိုက်ပျိုးရရှိသော မုန်လာဥများ အရွယ်ရောက်လာ သောအခါ တစ်ပင်နှင့်တစ်ပင် (၈ - ၁၂) လက်မအကွာ ထားပြီးပိုသော အပင်များကို နုတ်ဖယ်ရမည်။ အကယ်၍ ဥထိပ်ပိုင်းမြေတွင် မြုပ်နေပါက မြေကို လက်ဖြင့်ယက်၍ ဥ၏အရွယ်ပုံသဏ္ဍာန်လေ့လာပြီး မလိုလားအပ်သော အပင်များကို နှုတ်ဖယ်ရမည်။ အပင်ကောင်းများမှ မျိုးစေ့ ရယူနိုင်ပါသည်။

၁၂။ မျိုးစေ့အထွက်
တစ်ဧကလျှင်မျိုးစေ့ (၃၀၀-၅၀၀) ပေါင်တွင် ထွက်နိုင်ပါသည်။