စပါးစိုက်ခင်းကထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချပေးနိုင်သည့် နည်းလမ်းများ

07/11/2023 13:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ရှေ့ကဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း လူဦးရေတိုးလာသည်နှင့်အမျှ ၂၀၃၀ တွင် စားနပ်ရိက္ခာကို ယခုထက် ၄၀ % တိုးလာစေရန် အထွက်တိုးနည်းစနစ်များကို အသုံးပြုလာကြသည်။ စပါးစိုက်ခင်းတွင် ရေအဆက်မပြတ်ထားရှိခြင်းသည် မီသိန်းဓာတ်ငွေ့ကို ထွက်ပေါ်စေသလို သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများထည့်သွင်း အသုံးပြုခြင်းသည် မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့များ ဖြစ်ပေါ်သည်ကိုလည်း သိရှိပြီးဖြစ်ပါသည်။ 

အသေးစိတ် ဖတ်ရှုလိုပါက >>> စပါးစိုက်ပျိုးခြင်းကြောင့်ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့

မြန်မာနိုင်ငံ၏ စပါးခင်းများအခြေအနေကိုပြန်၍ သုံးသပ်ကြည့်လျှင် လွန်ခဲ့သော ဆယ်စုနှစ်က စပါးစိုက်မြေသည် ယခုလက်ရှိစပါးစိုက်သောမြေများနှင့် ကွဲပြားခြားနားသွားသည်ကို တွေ့ရှိရမှာ ဖြစ်ပါသည်။ ဥပမာ- လွန်ခဲ့သော နှစ်များက စပါးခင်းသည် ဓာတ်မြေသြဇာမထည့်သော်လည်း သိသာသော အထွက်နှုန်းကျဆင်းခြင်းများ မတွေ့ရှိရသော်လည်း ယခုနောက်ပိုင်းတွင် ဓာတ်မြေသြဇာ မထည့်ပါက သိသိသာသာ အထွက်နှုန်းကျဆင်းသည်ကို တွေ့ရှိရမှာဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းသည် စပါးစိုက်မြေ၏ မြေဆီသြဇာလျော့နည်းသွားခြင်းဖြစ်ပြီး မြေဆီသြဇာတက်စေရန် သဘာဝမြေသြဇာသုံးရမည်ဟူသော သဘောတရားကိုလည်း  သိရှိနားလည်လာကြသောကြောင့်သဘာဝမြေသြဇာများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြခြင်းကြောင့်ဖြစ်သည်။  တစ်ဖက်မှာလည်း အထွက်ကောင်းစေရန် ဓာတ်မြေသြဇာများ (အထူးသဖြင့် နိုက်ထရိုဂျင်မြေသြဇာ) ကို အသုံးပြုနေကြသည်။ ၎င်းအပြင် စပါးစိုက်ခင်းထဲတွင်လည်း  ရေကို အဆက်မပြတ် ထားရှိကြခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထွက်လာစေသည်။

ထိုစပါးစိုက်ခင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုကို လျော့နည်းအောင် (ဇီးရိုးလယ်ဗယ် (zero level) သို့ ကျဆင်းသွားအောင်မလုပ်နိုင်သော်လည်း) ဂရုစိုက်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လျော့ကျစေနိုင်သည့် နည်းလမ်းအချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါသည်။

စပါးစိုက်ခင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် သမရိုးကျစိုက်ပျိုးနည်းစနစ်မှ ထူးကဲပြောင်းလဲသောနည်းလမ်းများကို အသုံးပြုခြင်းဖြင့် လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ သို့သော်လည်း နည်းလမ်း တစ်ခုကို ပြောင်းလဲပေးခြင်းသည် ဓာတ်ငွေ့တစ်ခုကို လျော့နည်းနိုင်သော်လည်း အခြားဓာတ်ငွေ့တစ်ခု တိုးထွက်မှုကို ဖြစ်ပေါ်စေသည်။ ဥပမာ - စပါးစိုက်ခင်းထဲ ရေအဆက်မပြတ်ထားရှိခြင်းသည် မီသိန်းဓာတ်ငွေ့ ထွက်ပေါ်လာစေသည်။ ရေကို စိုတလှည့် ခြောက်တလှည့် ရေသွင်းစနစ်ကို ပြောင်းလဲကျင့်သုံးလိုက်လျှင် မီသိန်း ဓာတ်ငွေ့ထွက်ပေါ်မှုလျော့နည်းသွားပေမဲ့ နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့တိုး၍ ထွက်ပေါ်မှုကို ဖြစ်ပေါ်စေသည်။ ၎င်းကို ‘Trade off effect - အကောင်းအဆုံးအခြေအနေ ရောက်ရှိအောင် အတိုးအလျော့ ပြုလုပ်ခြင်း’ဟု ဆိုသည်။

ထိုအကြောင်းကို သိရှိကာ သုတေသနပညာရှင်များက မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ်ကို တစ်ပြိုင်တည်းလျော့ချပေးနိုင်သော နည်းလမ်းများကို သုတေသနပြုရှာဖွေ ဖော်ထုတ်လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းအထဲတွင် ရေစီမံခန့်ခွဲခြင်း၊ ထွန်ယက်စနစ်စီမံခန့်ခွဲခြင်း၊ သဘာဝမြေသြဇာ ဓာတ်မြေသြဇာစီမံခန့်ခွဲခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းသည့် စပါးမျိုးများအသုံးပြုခြင်းဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ်တို့ ထုတ်လုပ်ခြင်းသည် စပါးစိုက်မြေများမှ ဖြစ်ပေါ်သော်လည်း ၎င်းဓာတ်ငွေ့များကို လေထုထဲသို့ရောက်အောင် ၉၀ % သည် အပင်တစ်ရှူးများမှ တစ်ဆင့် လေထုထဲသို့ ပို့သည်။ ကျန်သော ၁၀ % နီးပါးသည် ရေထဲတွင် ပူပေါင်း (ebullition) ထုတ်လွှတ်ခြင်း၊ စိမ့်ဝင်ဖြတ်သန်းခြင်း (diffusion) နည်းလမ်းများဖြင့် လေထုထဲကို ရောက်ရှိသည်။ ကောင်းကောင်းဆွေးမြည့်သော နွားချေးမြေသြဇာ၊ သစ်ရွက်ခြောက်ဆွေး၊ နိုက်ထရပ် အောက်ဆိုဒ်ထွက်ပေါ်မှုကို ဟန့်တားပေးသော ဓာတုမြေသြဇာ၊ အပင်အာဟာရဖြည်းဖြည်းချင်းထုတ်လွှတ်ပေးသော ဓာတ်မြေသြဇာတို့ကို အသုံးပြုခြင်းများပါဝင်ကာ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပေါ်မှုကို လွှမ်းမိုးသော အချက်များကို သိရှိနားလည်မှ trade-off effect ကို လျော့နည်းစေပြီး မီသိန်းနှင့် နိုက်ထရပ် အောက်ဆိုဒ်တို့ကို လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။ 

စာရေးသူ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ၊ နေပြည်တော်တိုင်းဒေသကြီး၊ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော စပါးစိုက်ပျိုးမှုမှ ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချသောနည်းလမ်းကို ရှာဖွေဖော်ထုတ်သည့် သုတေသနတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှုသည် မျိုးအလိုက်ကွာခြားသည်။

  • သက်တမ်းတိုသည့် စပါးမျိုးသည် သက်တမ်းရှည်သည့် စပါးမျိုးထက် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှု လျော့နည်းသည်။
  • သဘာဝနွားချေးမြေသြဇာနှင့် ကောက်ရိုးမြေဆွေးတွင် ကောက်ရိုးမြေဆွေးသည် ပို၍ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်သည်ကို တွေ့ရှိခဲ့ရသည်။

၎င်းသုတေသနအရ သက်တမ်းတိုစပါးမျိုးများကို ကောင်းစွာဆွေ့မြည့်ပြီးသော သဘာဝနွားချေးမြေသြဇာနှင့် တွဲဖက်အသုံးပြုပါက ရေအဆက်မပြတ်စပါးစိုက်ခင်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့‌လျော့နည်းသက်သာ‌ကြောင်းတွေ့ရှိခဲ့ရသည်။ တစ်ဖန် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တောင်သူ့စိုက်ခင်းတွင် ပြုလုပ်ခဲ့သော သုတေသနအရ စပါးစိုက်ခင်းတွင် ရေအဆက်မပြတ်သွင်းခြင်းထက် ရေကို စိုတစ်လှည့် ခြောက်တစ်လှည့် ရေသွင်းစနစ်သည် မီသိန်းကို လျှော့ချပေးနိုင်သော်လည်း နိုက်ထရပ်အောက်ဆိုဒ်ကို ပို၍ ထွက်ပေါ်စေသည်။

သဘာဝနွားချေးမြေသြဇာကို နှုန်းထား (၃) မျိုးဖြင့် စမ်းသပ်ရာတွင် ပမာဏအများဆုံးနှုန်းထားက ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထွက်ပေါ်သည်ကို လေ့လာသိရှိရသည်။ ရေစီမံခန့်ခွဲခြင်း + သဘာဝနွားချေးမြေသြဇာစီမံခန့်ခွဲခြင်း နည်းလမ်းဖြင့် တစ်ပြိုင်တည်းလေ့လာခဲ့သောအခါ စပါးစိုက်ခင်းတွင် ရေကို စိုတစ်လှည့် ခြောက်တစ်လှည့် ရေသွင်းနည်းစနစ်နှင့် ကောင်းစွာဆွေးမြည့်ပြီးသော သဘာဝနွားချေးမြေသြဇာ အသင့်အတင့်ပမာဏ ( တစ်ဟက်တာကို ၅ တန် = တစ်ဧက လှည်းငါးစီး) တို့ကို တွဲဖက်အသုံးပြုခြင်းသည် အထွက်နှုန်းရှုထောင့်အားဖြင့်သော်လည်းကောင်း၊ ရေရှည်စိုက်ပျိုးနိုင်သော နည်းလမ်းအားဖြင့်သော်လည်းကောင်း၊ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချပေးနိုင်သော နည်းလမ်းအားဖြင့်သော်လည်းကောင်း trade-off effect ကို လျှော့ချပေးပြီး ကောင်းမွန်သောနည်းလမ်းဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်