တောင်သူဦးကြီးများအနေဖြင့် မိမိစိုက်ခင်းတွင် ဖျက်ပိုး၊ ရောဂါ၊ ပေါင်းပင်များကျရောက်သောအခါ အထွက်နှုန်းကောင်းကောင်းရရန်အတွက် ပိုးသတ်ဆေးများကို အသုံးပြုကြရပါတယ်။ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသောကမ္ဘာ့လူဦးရေအတွက် အစားအစာဖူလုံရန် စိုက်ပျိုးဧကများစွာ တိုးချဲ့စိုက်ပျိုးရသကဲ့သို့ ပိုးသတ်ဆေးသုံးစွဲမှု ပမာဏကလည်း များပြားလာပါတယ်။ ပိုးသတ်ဆေးပညာပေးအဖွဲ့များအနေဖြင့် ပိုးသတ်ဆေးကို စီးပွားရေးကျော်လွန်စီးရောက်မှဖျန်းရန်၊ တခြားနည်းလမ်းများဖြင့် မကာကွယ်နိုင်သောအချိန်မှသာ သုံးရန် ညွှန်ကြားကြပါသည်။ သို့သော် တောင်သူများမှာ နည်းပညာများနှင့် ဝေးကွာသောကြောင့် ပိုးသတ်ဆေးများကို အထွက်နှုန်းထိခိုက်မည်စိုးကာ ပိုးမြင်တာနှင့် အသုံးပြုချင်ကြပါတယ်။ ပိုးသတ်ဆေးတစ်မျိုးတည်းကို အသုံးပြုခြင်း၊ ပိုးသတ်ဆေးများကို လိုအပ်တာထက်ပိုအသုံးပြုခြင်း၊ လျှော့သုံးခြင်းတို့ကြောင့် ဖျက်ပိုးများမှာ ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲလာရသဖြင့် ကုန်ကျစရိတ်များပြားပြီး အမြတ်နည်းလာကြပါတယ်။ ထို့ပြင် ပိုးသတ်ဆေးအသုံးပြုခြင်းက သဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေပြီး လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ကျွန်မတို့နိုင်ငံသည် အပူချိန်မြင့်လွန်းခြင်း၊ နိမ့်လွန်းခြင်း၊ အလွန်ခြောက်သွေ့ခြင်း၊ ကာလရှည်စွာ ရေလွှမ်းခြင်း စသောသဘာဝဘေးဒဏ်များကြောင့်လည်း ဖျက်ပိုးများ ပေါက်ပွားမှုမြန်ဆန်လာပြီး ပိုးသတ်ဆေးသုံးစွဲမှု မြင့်မားလာကြရပါတယ်။ သီးနှံတစ်ရာသီအတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးကုန်ကျစရိတ်မှာ များပြားလှပါတယ်။ ထို့ကြောင့် တောင်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ဘေးကင်းသောသီးနှံများကို ထုတ်လုပ်နိုင်ရန်အတွက် ပိုးသတ်ဆေးသုံးစွဲမှုကို လျော့ချနိုင်မည့် နည်းလမ်းကောင်းများကို ဖော်ပြလိုက်ပါတယ်ရှင့်။
၁။ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများကျင့်သုံးခြင်း
စိုက်ပျိုးဆိုင်ရာနည်းစနစ်ကောင်းမျာသည် ကျန်းမာသောသီးနှံများ ရရှိရန်နှင့် ဖျက်ပိုး၊ ရောဂါနှင့် ပေါင်းပင်များ၏ဖိအားကို ခုခံနိုင်ရန်အတွက် မရှိမဖြစ်အရေးကြီးပါသည်။ ၎င်းတို့သည် ဖျက်ပိုးများ၏ ခိုအောင်းသောနေရာကို ဖျက်ဆီးပြီး ဖျက်ပိုးများ ကျရောက်မှုကို ကာကွယ်ပေးပါသည်။ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများမှာ
(က) သီးနှံပင်များကို အာဟာရဓာတ် မှန်ကန်စွာကျွေးခြင်း၊ မြေဆီဩဇာကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်း
(ခ) သီးလှည့်စိုက်ပျိုးခြင်း
(ဂ) သင့်တော်သော ရေသွင်းရေထုတ်စနစ်ထားရှိခြင်း
(ဃ) ဖျက်ပိုးများပွားများမှု အမြင့်ဆုံးအချိန်ကို ရှောင်ရှားရန် စိုက်ချိန်ကို ချိန်ညှိစိုက်ပျိုးခြင်း၊ ဖျက်ပိုးများကို လျှော့ချရန်အတွက် ကြားပေါင်းလိုက်ခြင်းလုပ်ငန်းစဉ်များကို အချိန်မှန်လုပ်ဆောင်ခြင်း
(င) မိတ်ဆွေပိုးများအတွက် အစာနှင့် နေရာထောက်ပံ့ပေးရန်နှင့် ရောဂါပိုးမွှားများပျံ့နှံ့မှုကို ဟန့်တာပေးသောသီးနှံများကို သီးညှပ်စိုက်ပျိုးခြင်း
(စ) ပေါင်းစေ့များ အပင်ပေါက်ခြင်းကို ကာကွယ်ရန် no-tillage (ထယ်မထိုးဘဲ သီးနှံစိုက်သောစနစ်)ကို အသုံးပြုခြင်း၊ မြေဖုံးသီးနှံများ စိုက်ပျိုးခြင်း၊ မြေဖုံးပစ္စည်းများ (ကောက်ရိုး၊ ပလတ်စတစ်) အသုံးပြုခြင်း
(ဆ) အသီးငယ်များ ပိုးထိုးခြင်းမှကာကွယ်ရန် အိတ်စွပ်ပေးခြင်း၊ ကြွက်ဖျက်ဆီးမှုမှကာကွန်ရန် စိုက်ခင်းပတ်လည်တွင် အကာကွယ်များကာထားခြင်း
(ဇ) စိုက်ခင်းကို လေဝင်လေထွက်အောင်အောင်ပြုလုပ်ပေးခြင်း
(ဈ) မိတ်ဆွေပိုးများအတွက် ဝတ်ရည်များရရှိရန် စိုက်ခင်းပတ်လည်တွင် ပန်းပွင့်သောအပင်များ စိုက်ပျိုးပေးခြင်းတို့ဖြစ်ပါတယ်။
၂။ ခံနိုင်ရည်ရှိသော သီးနှံမျိုးများစိုက်ပျိုးခြင်း
ဒေသနှင့်ကိုက်ညီပြီး သင့်တော်သောမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းသည် ဖျက်ပိုးများကို ကာကွယ်နိုင်ရန်အတွက် အခြေခံအကျဆုံးဖြစ်ပါသည်။ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးများနှင့် ခံနိုင်ရည်မဲ့သောမျိုးများကို သီးလှည့်စိုက်ပျိုးခြင်းဖြင့် စိုက်ခင်းအတွင်း ဖျက်ပိုးများ ခိုအောင်မှုကို ဟန့်တားနိုင်ပါတယ်။
၃။ ဇီဝနည်းဖြင့်နှိမ်နှင်းခြင်း၊ သဘာဝပိုးသတ်ဆေးများအသုံးပြုခြင်း
ဇီဝနည်းဖြင့်ကာကွယ်နှိမ်နှင်းခြင်းမှာ ဘတ်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်၊ ဖျက်ပိုးများကိုစားသောက်သော သားရဲကောင်းများ၊ ကပ်ပါးကောင်းများ၊ ဖယ်ရိုးမုန်းများ (သက်ရှိများအချင်းချင်း ဆက်သွယ်နိုင်ရန် ထုတ်လွှတ်ပေးသောဓာတုပစ္စည်း)နှင့် ပိုးထောင်ချောက်များကို အသုံးပြု၍ ဖျက်ပိုးဦးရေနည်းအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ စိုက်ခင်းထဲသို့ မိတ်ဆွေပိုးများကိုလွှတ်၍ ဖျက်ပိုးများကို နှိမ်နှင်းခြင်းဖြစ်ပါတယ်။ သဘာဝပိုးသတ်ဆေးများကို ပြုလုပ်သုံးစွဲခြင်းဖြင့်လည်း ဓာတုပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချနိုင်ပါတယ်။
၄။ ဘက်စုံပိုးမွှားကာကွယ်နှိမ်နှင်းနည်းစနစ် အသုံးပြုခြင်း
ဘက်စုံပိုးမွှားကာကွယ်နှိမ်နှင်းခြင်းနည်းစနစ်သည် ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုခြင်း၊ ခံနိုင်ရည်ရှိသောမျိုးများအသုံးပြုခြင်း၊ ပိုးမွှားကျရောက်မှုကို ကင်းထောက်စစ်ဆေးခြင်း၊ ဇီဝနည်းဖြင့် ကာကွယ်နိုင်နှင်းခြင်း စသော နည်းလမ်းပေါင်းစုံကိုအသုံးပြု၍ ဖျက်ပိုးများကို ကာကွယ်ခြင်းဖြစ်ပါသည်။ စီးပွားရေးအရ အထွက်နှုန်းထိခိုက်လာနိုင်မှသာ နောက်ဆုံးအနေဖြင့် ဓာတုဆေးများကို အသုံးပြု၍ ကာကွယ်ခြင်းဖြစ်ပါသည်။
၅။ အော်ဂဲနစ်စိုက်ပျိုးရေး
အော်ဂဲနစ်စိုက်ပျိုးရေး (သဘာဝစိုက်ပျိုးရေး) သည် သဘာဝမြေဆွေး၊ သစ်ရွက်ဆွေးစသော သဘာဝအရင်းအမြစ်များကို အသုံးပြု၍ စိုက်ပျိုးသော စိုက်ပျိုးရေးဖြစ်ပြီး ဓာတုပိုးသတ်ဆေးများကို လုံးဝအသုံးမပြုချေ။ အော်ဂဲနစ်စိုက်ပျိုးရေးတွင် သီးနှံကာကွယ်ခြင်းကို သီးလှည့်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းကဲ့သို့သော စိုက်ပျိုးရေးနည်းစနစ်ကောင်းများ အသုံးပြုခြင်း၊ သဘာဝနွားချေးများအသုံးပြုခြင်း၊ ခံနိုင်ရည်ရှိသောမျိုးများအသုံးပြုခြင်း၊ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း စသည့်နည်းစနစ်များကို အသုံးပြုကြပါသည်။
၆။ ဘေးအန္တရာယ်နည်းသော ပိုးသတ်ဆေးများအသုံးပြုခြင်း
ပိုးသတ်ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်ရန်အတွက် အန္တရာယ်များသော ပိုးသတ်ဆေးများအစား ဘေးအန္တရာယ်နည်းသော ပိုးသတ်ဆေးများကို အသုံးပြုပါ။ ပိုးသတ်ဆေးဖျန်းရာတွင် တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း၊ သီးနှံအလိုက် ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံမရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ကာလကို စောင့်ဆိုင်းခြင်းတို့ပြုလုပ်သင့်ပါသည်။
Reference by
http://www.casaqa.com/2017/11/01/seven-strategies-to-reduce-pesticide-usage/
https://pesticidestewardship.org/ipm/taking-action/