ဘာကနေးရောဂါ

28/08/2019 20:00 PM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ဘာကနေးရောဂါသည် မျိုးစေ့မှတစ်ဆင့်ကူးစက်သော မှိုရောဂါတစ်မျိုးဖြစ်သည်။ Fusarium moniliforme မှိုကြောင့်ဖြစ်သည်။ မှိုသည်အပင်တွင်းသို့ အမြစ်နှင့်အပင်ခြေတို့မှဝင်ရောက်သည်။ ထို့နောက် တစ်ပင်လုံးသို့ ပျံ့နှံ့ဝင်ရောက်သွားသည်။ ရောဂါတိုက်ခိုက်ခြင်းခံရသောအပင်သည် ပုံမှန်ထက်များစွာ ရှည်လျားခြင်း၊ အရောင်ဖျော့ခြင်း၊ အရွက်များသေးငယ်ခြင်း၊ ပင်ပွားအလွန်နည်းခြင်း၊ အဆန်မတည်ခြင်း (သို့မဟုတ်) တစ်ဝက်တစ်ပျက်သာအဆန်တည်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်သည်။

ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ

   ဤရောဂါသည် ရောဂါကျမျိုးစေ့များစိုက်ပျိုးလျှင် ဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်မှိုသည်အပင်ပေါ်တွင် (သို့မဟုတ်) မြေကြီးပေါ်တွင်ရှိနေလျှင်လည်း ရောဂါဖြစ်ပွားတတ်သည်။ ၎င်းသည် လေဖြင့်သော်လည်းကောင်း မှိုစပိုးများ (မှိုမျိုးစေ့) ပါဝင်နေသော ရေမှတစ်ဆင့်သော်လည်းကောင်း တစ်ပင်မှတစ်ပင်သို့ ကူးစက်ပြန့်ပွားတတ်သည်။ ဘာကနေးရောဂါသည် ရောဂါကျအပင်များ ရိတ်သိမ်းသည့်အခါတွင် မှိုစပိုးများက ရောဂါကင်းမျိုးစေ့များထံသို့ ရောက်ရှိခြင်းဖြင့်လည်းကောင်း မှိုပါဝင်သောရေတွင် စပါးမျိုးစေ့များကိုစိမ်ခြင်းအားဖြင့်လည်းကောင်း စိုက်ကွင်းလုပ်ငန်းများကြောင့်လည်း ကူးစက်ပျံ့နှံ့နိုင်သည်။

လက္ခံပင်ပြလက္ခဏာ

   ပျိုးဘောင်၊ ပျိုးခင်းများတွင် ရောဂါကျပျိုးပင်များကို ကြည့်ရှုစစ်ဆေးသင့်ပါသည်။ ရောဂါကျပျိုးပင်များသည် အမြစ်ပေါ်တွင် အနာပြောက်များတွေ့ရပြီး ရွှေ့ပြောင်းစိုက်ပျိုးခြင်းမပြုမီ(သို့မဟုတ်)ရွှေ့ပြောင်းစိုက်ပျိုးပြီးမကြာမီ သေဆုံးတတ်သည်။ စိုက်ခင်းထဲတွင် ရောဂါကျအပင်များသည် မူမှန်အပင်ထက် လက္မများစွာရှည်လျားသေးသွယ်ကာ စိုက်ခင်းထဲတွင်ထင်ရှားစွာမြင်နိုင်သည်။ အရွက်များမှာအစိမ်းဖျော့နှင့် စိမ်းဝါရောင်ရှိကြသည်။ 

   ရောဂါကျအပင်၏အောက်ခြေပိုင်းတွင် ရောဂါဖြစ်မှို၏ မှိုမျှင်ဖြူများပေါက်နေသည်ကိုတွေ့နိုင်သည်။ မြေကြီးနှင့်ဝေးသည့် အပေါ်ပိုင်းအဆစ်များတွင် အမြစ်များထွက်နေတတ်သည်။ 

   ရောဂါကျအပင်အားလုံးသည် ထင်ရှားသောဘာကနေးလက္ခဏာ ပြလေ့မရှိပါ။ တစ်ခါတစ်ရံ အပင်ပုနေပြီး ပုံမှန်အပင်ကဲ့သို့ဖြစ်နေသည်။ ရောဂါကျရောက်မှုစောလျှင် ပျိုးပင်ငယ်အဆင့်တွင်ပင်သေဆုံးနိုင်ပြီး နောက်ပိုင်းမှရောဂါကျပါက ပင်ပွားနည်းပြီး အရွက်များခြောက်သွေ့သွားစေသည်။ ရောဂါကျအပင်သည် ကြီးရင့်သည် အထိရှင်သန်နေဦးမည်ဆိုပါက အဆန်တစ်ဝက်တစ်ပျက်တည်ခြင်း၊ မြုံခြင်း (သို့မဟုတ်) အဆန်လုံးဝမတည်ခြင်းတို့ ဖြစ်နိုင်သည်။

ရောဂါ၏ အရေးကြီးမှု

   ရောဂါပြင်းထန်စွာဖြစ်ပွားလျှင် ၂၀% ပျက်စီးဆုံးရှုံးနိုင်သည်။ ဂျပန်နိုင်ငံတွင် ၂၀% မှ ၅၀% အထိဆုံးရှုံးမှုကိုတွေ့ခဲ့ရသည်။ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် အထွက်နှုန်း ၁၅% နှင့် ၃.၇% ဆုံးရှုံးကြောင်း မှတ်တမ်းများတွေ့ရသည်။

ကာကွယ်နှိမ်နင်းနည်းများ

(၁) ရောဂါကင်းသော (ယခင်နှစ်ကရောဂါကျထားခြင်းမရှိသော) မျိုးစေ့ကိုစိုက်ပါ။

(၂) မျိုးစေ့ကိုဆားရည်စိမ်ပြီး ပေါ့သောအစေ့များကိုဖယ်ရှားပါ။

(၃) မျိုးစေ့မစိုက်မီ ဘီနိုမိုင်းလ် ၊ ဘီနိုမိုင်းလ် တီ တို့ဖြင့် အခြောက်လူးနယ်ပြီးမှစိုက်ပါ။ သို့မဟုတ် ၁း၁၀၀၀ မှိုသတ်ဆေးဖျော်ရည်တွင် မျိုးစေ့ကို (၁) နာရီကြာစိမ်ပြီးစိုက်ပါ။

(၄) သတိပြုရန်မှာ ဘီနိုမိုင်းလ်မှိုသတ်ဆေးကို ကြိမ်ဖန်များစွာအသုံးမပြုသင့်ပါ။ ရောဂါဖြစ်မှိုက ၎င်းမှိုသတ်ဆေးကိုခံနိုင်ရည်ရှိသွားနိုင်၍ဖြစ်သည်။ ရောဂါကို ဤမှိုသတ်ဆေးဖြင့်ကာကွယ်၍ မနိုင်တော့လျှင် ထရိုင်ဖလူမီဇိုးလ်၊ ပရိုပီကိုနာဇိုးလ်း၊ ပရိုကလိုရက်၊ သိုင်ရမ်နှင့် ဘီနိုမိုင်းလ်ပေါင်းစပ်ဆေး စသည်တို့ကို အသုံးပြုနိုင်ပါသည်။

ဒေါက်တာ ခင်နှင်းယု

ကိုးကား - IRRI Rice Knowledge Bank


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်