ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)

31/07/2026 10:28 AM တွင် AMIA AMIA မှ ရေးသား

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့ဆန်၊ ဆန်ကွဲ တင်ပို့ရာ၌ နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့မှု ရပ်နားထားပြီး ပင်လယ်ရေကြောင်းမှသာ တင်ပို့နေရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ စာရင်းအချက်အလက်များအရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ဆန်၊ ဆန်ကွဲ တင်ပို့ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ဝေးကွာပြီး ခက်ခဲသည့် အခြေအနေများ အပါအဝင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် များပြားသောကြောင့် နယ်စပ်မှ တင်ပို့နိုင်ခြင်း မရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

"နယ်စပ်က စရိတ်စက ကြီးတော့ ပင်လယ်ရေကြောင်းကနေပဲ တင်ပို့ကြတာ ဖြစ်ပါတယ်" ဟု MRF အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထို့ကြောင့်ယခုဘဏ္ဍာနှစ် ဧပြီလမှစပြီး ဇွန်လကုန်အထိ နယ်စပ်မှ ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှု လုံးဝ ရပ်နားသွားခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်လည်း ဖေဖော်ဝါရီလနှင့် မတ်လတို့၌ နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှု မရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်၏ ဧပြီ၊ မေ၊ ဇွန် ပထမသုံးလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် တန်ချိန် ၅၂၉,၅၃၄ တန် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁၆၇ သန်း ရရှိထားကြောင်း၊ တင်ပို့မှုအားလုံးသည် ပင်လယ်ရေကြောင်းမှသာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလတွင် ဆန်၊ ဆန်ကွဲ တန်ချိန် ၁၆၉,၅၅၉ တန် တင်ပို့ခဲ့ပြီး မေလတွင် ဆန်၊ ဆန်ကွဲ တန်ချိန် ၁၃၆,၂၆၂ တန်၊ ဇွန်လတွင်မူ ဆန်၊ ဆန်ကွဲ တန်ချိန် ၂၂၃,၇၁၄ တန်အထိ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီဘဏ္ဍာနှစ်မှာ ဇွန်လက တန်ချိန် အမြင့်ဆုံး ပို့နိုင်ခဲ့တာ တွေ့ရတယ်။ ဒီဇူလိုင်လည်း ပမာဏများမယ့် အခြေအနေ ရှိပါတယ်။ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု အားကောင်းဖို့ဆိုရင် အရည်အသွေး ကောင်းဖို့လိုတယ်။ ပြည်ပဈေးကွက်မှာက ခုနောက်ပိုင်း ဈေးကွက်ယှဉ်ပြိုင်မှုတွေ ရှိတယ်" ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုဘဏ္ဍာနှစ် ပထမသုံးလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့သည့် ကုမ္ပဏီပေါင်း ၄၀ ကျော်သာ ရှိကြောင်း သိရပြီး မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူမှု အများဆုံးဖြစ်ကာ ဆန်ကွဲကိုမူ တရုတ်နိုင်ငံက ဝယ်ယူမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် တန်ချိန် ၂,၇၄၀,၇၃၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့ကြောင်း သိရပြီး တင်ပို့ခဲ့သည့် ကုမ္ပဏီပေါင်း ၅၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့ရာတွင် နိုင်ငံတကာ အရည်အသွေး စစ်ဆေးသည့် Third Party Inspection များ (SGS, Cotecna, BV, ISC, OMIC စသော စစ်ဆေးရေးအဖွဲ့များ)၊ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌လည်း CCIC အဖွဲ့၏ စစ်ဆေးမှုများဖြင့် အလေးချိန် ၊ အရည်အသွေး နှင့် အခြား စစ်ဆေးမှုကို ဆောင်ရွက်ပြီးပါမှသာ တင်ပို့ရောင်းချရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြည်ပသို့ တင်ပို့သည့်အခါ ရောင်းသူဝယ်သူ စာချုပ်ချုပ်ဆိုပြီး စာချုပ်အရ ဈေးနှုန်း၊ အရည်အသွေးကို နှစ်ဖက် သဘောတူညီမှုဖြင့် Third Party အရည်အသွေး စစ်ဆေးရေးအဖွဲ့များ၏ လက်မှတ် ရယူဆောင်ရွက်ရသလို နိုင်ငံတော်အစိုးရဘက်မှလည်း Pre-shipment နှင့် Post-shipment Inspection များ၊ Sanitary & Phyto-sanitary စစ်ဆေးမှုများဖြင့် နိုင်ငံတကာ လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့ရာတွင် အရည်အသွေးကောင်းသည့် ဆန်အမျိုးအစားများကို ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းရှိ စပါးအဓိက စိုက်ပျိုးသည့် ဒေသများတွင် Export Rice Zone များကို ဖော်ဆောင်နေကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်